Latest News

Saturday, July 29, 2017

H1N1 ကာကွယ်သည်ဆိုကာ ပုသိမ်တွင် တိုင်းရင်းဆေးတစ်မျိုး အရောင်းသွက်

H1N1 ကာကွယ်သည်ဆိုကာ ပုသိမ်တွင် တိုင်းရင်းဆေးတစ်မျိုး အရောင်းသွက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး H1N1 ဖြစ်ပေါ်နေရာ ယင်းရောဂါ ကာကွယ်သည်ဆိုကာ ပုသိမ်မြို့ပေါ်တွင် မြင့်မိုရ်ကုန်း အမည်ရှိ တိုင်းရင်းဆေး အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ပရဆေးအရောင်းဆိုင်များထံမှ သိရှိရသည်။

ယခင်နှစ်များက ယင်းဆေးမှာ တစ်ဈေးလုံးအနေနှင့် တစ်နေ့လျှင် ငါးပိဿာခန့်သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် ပိဿာ ၅၀၀ ခန့်အထိ ရောင်းချရပြီး တစ်ဆယ်သား တစ်ဖုံလျှင် ကျပ် တစ်သောင်းကျော်ဖြင့် ရောင်းချနေကြောင်း ပရဆေးဆိုင်များထံမှ သိရှိရသည်။

အဆိုပါ တိုင်းရင်းဆေးသည် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အဖျားရောဂါ အမျိုးမျိုး ပျောက်ကင်းကြောင်း ပရဆေးရောင်းချသူများနှင့် တိုင်းရင်းဆေးကျွမ်းကျင်သူများထံမှ သိရှိရသည်။

ရာသီတုပ်ကွေးအတွက် ယင်းဆေးက ကာကွယ်နိုင်ခြင်း၊ ပျောက်ကင်းခြင်းကိုမူ တိုင်းကျန်းမာရေးဌာန တာဝန်ရှိသူများက တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောကြားခြင်းမရှိပေ။

ယင်းဆေးသည် ကျန်းမာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားပြီး ရာသီတုပ်ကွေးကို ပျောက်ကင်းကြောင်း မှတ်ချက်မပေးနိုင်သော်လည်း အဖျားရောဂါ မဖြစ်စေရန် ကာကွယ်နိုင်ကြောင်း ပုသိမ်မြို့ပေါ်ရှိ တိုင်းရင်းဆေးဆရာတစ်ဦးက ပြောဆိုသည်။

တုပ်ကွေး၊ အဖျားရောဂါအတွက် မြင့်မိုရ်ကုန်းဆေးကို သောက်သုံးကြရန် ကန်ကြီးထောင့်မြို့နယ် ညောင်ပင်သာဆရာတော် ဦးဉာဏော၏ မိန့်ကြားချက်အရ ယခုကဲ့သို့ အလုအယက်ဝယ်ယူကြခြင်းဖြစ်ကြောင်း ပရဆေးမျိုးစုံရောင်းချသူ ဦးချစ်ခိုင်က ပြောဆိုသည်။

ပွင့်ကန်ဆေးအမျိုးအစားဖြစ်၍ ပူ၊ စပ်၊ ငန်၊ ခါး အရသာရှိပြီး ကော်ဖီဇွန်း တစ်ဝက်ခန့်ကို ရေနွေးပူပူဖြင့် တစ်နေ့သုံးကြိမ်သောက်ခြင်းဖြင့် အဖျားနှင့် တုပ်ကွေးအမျိုးမျိုးကို ပျောက်ကင်းစေသည်ဟု ၎င်းကပြောဆိုသည်။

ယင်းတိုင်းရင်းဆေးကို ငရုတ်ကောင်း၊ လေးညှင်း၊ ပိတ်ချင်းတို့ဖြင့် ဖော်စပ်ထားခြင်းဖြစ်ပြီး ရှေးယခင်ကတည်းက သုံးစွဲခဲ့ကြသည့် တိုင်းရင်းဆေးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

တိုင်းရင်းပရဆေးမှာ ကျိတ်ပြီး ဆိုင်ပေါ် ရောက်သည်နှင့် ရောင်းကုန်သွားသဖြင့် အများအပြား ပိုဝယ်ထားသူများက ဆေးတစ်ဆယ်သား တစ်ဖုံလျှင် ကျပ် ၁၀၀၀၀ ကျော်ဖြင့် ပြန်လည် ရောင်းချနေသည် သိရှိရကြောင်း ပုသိမ်မြို့ရှိ ပရဆေးရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးနေဝင်းက ပြောဆိုသည်။

သို့သော် ဆေးအစစ်အမှန်ကို ရောင်းသူဝယ်သူ အကြိုက်ဈေးဖြင့် တစ်ဆင့်ပြန်ရောင်းသည်ကို မပြောလိုသော်လည်း ဆေးအတုများဖြင့် လိမ်လည် ရောင်းချမည်ကို စိုးရိမ်ရသဖြင့် ဈေးတွင်းရှိ မှတ်ပုံတင်ထားသော ပရဆေးဆိုင်များတွင်သာ ဝယ်ယူသုံးစွဲသင့်ကြောင်း ၎င်းက ပြောဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၈ ရက်အထိ သတင်းထုတ်ပြန်ချက်အရ H1N1 ရောဂါပိုးတွေ့ရှိသူ ၃၅ ဦးရှိပြီး စုစုပေါင်း သေဆုံးသူ ၆ ဦး ရှိပြီဖြစ်သည်။

ထို့ကြောင့် လုံခြုံသော နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လူထူထပ်သော နေရာများသို့ မသွားရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ အားရှိသော အစားအသောက်များကို စားသုံးရန်၊ အိပ်ရေးဝဝ အိပ်ရန်၊ ဖျားနာပါက ဆေးရုံ၊ ဆေးခန်းများတွင် အလျင်အမြန် ဆေးကုသမှု ခံယူရန် သတိပေးသည်။

The Voice

No comments:

Post a Comment