Latest News

Tuesday, July 25, 2017

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း

‘‘အစိုးရိမ်ရဆုံးကတော့ ဘင်္ဂလားပင်လယ်အော်ထဲ မုန်တိုင်းဖြစ်နေတဲ့အချိန် အရှေ့ဘက်လေပွေလှိုင်း ၀င်လာတာနဲ့ ကြုံကြိုက်သွားရင် ရေကြီးမှုက ထင်ထားတာထက် ဆိုးသွားနိုင်ပါတယ်’’

ဇူလိုင်အတွင်း မြန်မာနိုင်ငံအနှံ့ မိုးကောင်းကာ ရေကြီးနစ်မြုပ်မှု အန္တရာယ် ကြုံတွေ့ရနိုင်၍ ရေ ဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားသင့်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြီးခဲ့သည့် မေလနှင့်ဇွန်လအတွင်းက သတိပေးခဲ့သည်။  ဇူလိုင်လဆန်းကစတင်ကာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအားကောင်းခဲ့ပြီး ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်အ ထက် ကျော်လွန်လာခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီးတွင် ရေဘေး စတင်ရင်ဆိုင်ခဲ့ရသည်။ ချင်းတွင်း မြစ်က စီးဆင်းလာသော ရေများ ဧရာဝတီမြစ်အတွင်းဝင်ကာ ဧရာဝတီမြစ်ကမ်းဘေးမြို့နယ်များ ရေဘေးရင်ဆိုင်ရပြန်သည်။ မြစ်ရေ ကြောင့် ရေဘေးရင်ဆိုင်နေရစဉ် မိုးကောင်းခဲ့၍ ဒေသတွင်းမြစ်ကြီးများအပြင် ယင်းမြစ်များနှင့်ဆက် စပ်နေသော မြစ်ချောင်းများရေတိုး ကာ ရေကြီးနစ်မြုပ်မှုဘေးကို ပိုဆိုးစေခဲ့သည်။ ဇူလိုင်အတွင်းရေဘေး ကြောင့် နေအိမ်များကို စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသူ လူဦးရေတစ်သိန်းသုံး သောင်းကျော် ရှိနေပြီဖြစ်သည်။ ချင်းတွင်းမြစ်ရေ တစ်ကျော့ပြန် မြင့်တက်လာနိုင်သလို မိုးလည်း ဆက်လက်ကောင်းနေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထား၍ ရေဘေးအန္တရာယ်ကဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်။ လက်ကျန် မိုးရာသီကာလ ရာသီဥ တုအခြေအနေကို သိရှိနိုင်ရန်နှင့် ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေး မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်အား 7Day News ဂျာနယ်က တွေ့ဆုံမေးမြန်းထားပါသည်။
လတ်တလော ရေဘေးကိစ္စကနေ ပဲ စမေးပါရစေ ခင်ဗျာ။ အခုဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသအများစုမှာ ရေ ကြီးနစ်မြုပ်နေတာတွေ ဖြစ်နေ တော့ လက်ကျန်ဒုတိယရေကြီး ကာလမှာ ဆရာ့အနေနဲ့ ဘာကို အစိုးရိမ်ဆုံးလဲ သိပါရစေ။

လက်ကျန် ဒုတိယရေကြီး ကာလမှာ အရှေ့ဘက်က အရှေ့ လေပွေလှိုင်းဝင်ရောက်လာတဲ့ အချိန်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံလေအားကောင်းနေတဲ့ အချိန်ကြုံကြိုက်သွားမှာကို အစိုး ရိမ်ဆုံးပါပဲ။ အဲဒါဆိုရင် ရေကြီး တာဟာ လက်ရှိထက်အများကြီး ဆိုးသွားနိုင်ပါတယ်။

၂၀၁၅ နဲ့ ၂၀၁၆  မိုးရာသီကာလမှာ ဆိုရင်လည်း ဒေသအနှံ့အပြားမှာ တစ်ချိန်တည်းလိုလို ရေဘေးရင် ဆိုင်ခဲ့ရပါတယ်။ အခုနှစ် (၂၀၁၇)မိုးရာသီကလည်း ပုံမှန်ထက် မိုး ကောင်းနေပါတယ်။ ဒီလိုသာ မိုးဆက်ကောင်းနေရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

ဒီနှစ်မှာ မုတ်သုံလေတွေက အားကောင်းနေပေမယ့် မုန်တိုင်းမိုးတွေက နည်းနေပါသေးတယ်။ မိုးကာလစတင်ခဲ့တဲ့ ဇွန်လဆန်းကတည်းက ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းတစ်ကြိမ်မှ မဖြစ်သေး ပါဘူး။ တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းတွေကလည်း ဒီနှစ်ဇူလိုင်လအလယ်အထိ အ ဖြစ်နည်းနေတဲ့အပြင် ရွေ့လျားမှုကလည်း အစဉ်အလာအတိုင်း အနောက်မြောက်ဘက်ကို ရွေ့လာတာမရှိခဲ့ပါဘူး။ ဒါကြောင့် မုတ်သုံမိုးကောင်းပေမယ့် မုန်တိုင်းမိုး လျော့နည်းနေတဲ့အတွက် ဇူလိုင်လလယ်အထိ ရေကြီးမှုဟာ ၂၀၁၅-၁၆ ကို မမီခဲ့သေးပါဘူး။ လက်ရှိရဲ့နောက်ပိုင်းမိုးတွေမှာ အရှေ့လေပွေလှိုင်းမိုးတွေ များလာ နိုင်တဲ့အတွက် မြန်မာနိုင်ငံအရှေ့ ပိုင်းမှာရှိကြတဲ့ မြစ်တွေဖြစ်ကြတဲ့ သံလွင်၊ စစ်တောင်း၊ င၀န်၊ ရွှေ ကျင်၊ ပဲခူးမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ တိုးမြစ်စတဲ့မြစ်တွေ ရေတိုးလာနိုင်တဲ့ အပြင် ဧရာဝတီမြစ်အောက်ပိုင်း ဒေသတွေမှာ ရေတိုးလာနိုင်ပါတယ်။

အခု ဇူလိုင်ကစပြီး ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာတွေမှာ ရာသီဥတုအခြေအနေ ဘယ်လို ဆက်သွားနိုင်လဲဆရာ။

မိုးရာသီကာလအနေနဲ့က တော့ စက်တင်ဘာအထိပါပဲ။ အောက်တိုဘာ၊ နိုဝင်ဘာကတော့ မိုးလွန်ကာလဖြစ်ပွားပါပြီ။ စက်တင်ဘာအထိတော့ မုတ်သုံမိုးနဲ့ အရှေ့လေပွေလှိုင်းမိုးတွေကို သတိထားရပါမယ်။ ရက်ရှည်ခန့် မှန်းချက်တွေအရတော့ သြဂုတ်နဲ့ စက်တင်ဘာတွေမှာ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်-တနင်္သာရီကလွဲရင် လတိုင်းဟာ ရွာသွန်းမြဲထက်ပိုပြီး မိုးကောင်းနိုင်ပါတယ်။ မိုးလွန်ကာလမှာတော့ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းမိုးနဲ့ အရှေ့လေပွေလှိုင်း မိုးတွေကို သတိထားရပါမယ်။ အခုလက်ရှိ မှာတော့ တောင်အာရှဒေသတွေမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရေဖုံးလွှမ်းခံရမှုအန္တရာယ်မြင့်မား စွာ ဖြစ်ပေါ်နေပါတယ်။ ၂၀၁၇ ဟာ မိုးကောင်းနေတဲ့နှစ်ဖြစ်နေပြီး ရေကြီးမှုကို အထူးသတိထားကာ ကွယ်ဆောင်ရွက်ဖို့လိုနေပြီဆိုတာ တွေ့နေရပါတယ်။

အခုဆိုရင် မြစ်ရေတိုက်စားလို့ ကမ်းနားဘေးက အိမ်တွေပြိုတာ၊ ကြိုတင်ဖြိုဖျက်လိုက်ရတာတွေ ဖြစ်နေပါတယ်။ အိမ်အလုံးလိုက် ဖြိုချလိုက်ရတဲ့ အိမ်ထောင်စုတွေ ဆို တော်တော်လေး ဒုက္ခရောက် နေကြတယ်။ မြစ်ကမ်းပါးပြိုကျမှု တွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ကို ကာကွယ်နိုင်ဖို့ ဘယ်လိုအကြံ ပေးချင်လဲဆရာ။

အဓိကကတော့ မြစ်ကြောင်း ကမ်းပါးများပြိုခြင်း၊ မြစ်ကြောင်းများ ပြောင်းလဲခြင်းတို့မှာ အကြောင်းတရားတွေ အများကြီးရှိနေပါတယ်။ ကမ်းပါးများဖြိုချပြီး ရွှေကျင်ခြင်း၊ ကမ်းပါးတစ်လျှောက် သဘာဝသစ်ပင်များ ပြုန်း တီးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝရေထိန်းကန်များ၊ ရေသိုလှောင်ကန်များကို မြေဖို့ပစ်ခြင်း၊ ရာသီဥတုမမှန်ကန်ခြင်း၊ မြစ်ရေစီးနှုန်းလျင်မြန်မှုကို ထိန်းသိမ်းပေး သော သဘာဝအဟန့်အတားဖြစ်ကြတဲ့ သဘာဝကျောက်များ၊ သဲများကို စီးပွားဖြစ်တရားမဝင်ထုတ်လုပ်ခြင်း၊ မြစ်ကျော်ဖြတ်တံတား များရဲ့ ရေလယ်တိုင်များ အမြောက်အမြား တိုးလာခြင်းဟာ မြစ်များရဲ့ ရေစီးလမ်းကြောင်းကို ပြောင်းလဲစေတဲ့အပြင် ရေစီးနှုန်းကိုလည်း လျင်မြန်စေပါတယ်။ ဒီတစ်ခါ ကမ်းပါးပြိုခြင်းကိစ္စများ များပြားလာစေပါတယ်။ ဒါကို နည်းပေါင်းစုံနဲ့ အလျင်အမြန် အဖြေရှာဖို့လိုပါတယ်။

ဒီဇူလိုင်ထဲမှာ ရေဘေးကြောင့် လူဦးရေ တစ်သိန်းကျော် အိုးပစ်အိမ်ပစ်နေခဲ့ရတယ်။ လက်ကျန်မိုးရာသီကာလကလည်း ရှိနေသေးတယ်။ မိုးတွင်းကာလ ရေဘေးပြဿနာကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ဖို့လိုမလဲ အကြံပေးစေချင်ပါတယ်ဆရာ။ လတ်တလော ဖြေရှင်းပေးသင့်တဲ့ အစီအမံကို ဆိုလိုတာပါ။

လတ်တလောကတော့ လက်ရှိ ရေကြီးမှု အကာအကွယ်အဟန့် အတားများကို ကြံ့ခိုင်မှုရှိစေရန် စစ်ဆေးခြင်း၊ လိုအပ်သည်များ အားဖြည့်ဆောင်ရွက်ခြင်း၊ရေကြီး မှုအတွက် စောင့်ကြပ်ကြည့်ရှုရေး တာဝန်များ ထမ်းဆောင်စေခြင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချ ထားရေးတွေအတွက် အဆင်သင့် ဖြစ်စေခြင်းတို့ကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ရေရှည်အနေနဲ့ ဆောင်ရွက်သင့်တာက ကဏ္ဍသုံးခုပါပဲ။

(၁)အဆောက်အအုံဆိုင်ရာလုပ် ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက် ခြင်း (Structural Measures)

(၂)အဆောက်အအုံနဲ့မဆိုင်တဲ့ ကိစ္စများ ဖွံ့ဖြိုးအောင် ဆောင်ရွက် ခြင်း (Non- Structural Measures)

(၃)မြေယာအသုံးချရေး ဥပဒေ များ သတ်မှတ်ပြဋ္ဌာန်းခြင်း (Land -use Regulation)တို့ ဖြစ်ပါတယ်။

ဒီနောက်ပိုင်း နှစ်စဉ်ဆက်တိုက်ရေကြီးနေတာ ဘာကြောင့်ပါလဲ။ ရေလွှမ်းမိုးမှုက နိုင်ငံ့စီးပွားရေး၊ လူမှုရေးထိခိုက်တဲ့အတွက် ရေလွှမ်းမိုး မှုလျော့ကျအောင် ရေတို၊ ရေရှည် ဘာလုပ်သင့်ပါသလဲဆရာ။

အမှန်ကတော့ မြန်မာနိုင်ငံမှာရေကြီးတာနှစ်တိုင်းပါ။ အပျက်အစီးဆုံးရှုံးမှု အတိုင်းအတာသာ ကွာပါတယ်။ သာမန်အားဖြင့်တော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ အနိမ့်ပိုင်း လူနေရပ်ကွက်တွေ၊ လယ်ကွင်းတွေ နှစ်တိုင်း ရေဖုံးလွှမ်းခံရပါ တယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ရာသီဥတုပုံစံတွေပြောင်းလာပါတယ်။ အတိုချုပ်ပြောရရင် ပိုပူတာ၊ ပိုခြောက်သွေ့တာ၊ ပိုစိုစွတ်တာတွေဖြစ်တဲ့ Hotter, Drier and Wetter ပိုဖြစ်လာပြီး အစွန်းရောက်ရာသီဥတု (Extreme Events) တွေသာ အဖြစ်များလာပါတယ်။ အဲဒီမှာ သစ်တောပြုန်းတီးမှုကြောင့် ကုန်းမြင့်ဒေသတွေ၊ တောင်ကုန်းဒေသတွေမှာ အရင်လို ရေကို ထိန်းသိမ်းတဲ့ ဂေဟစနစ် တွေဟာ မရှိကြတော့ဘဲ ပျက်စီးသွားကြရတဲ့အတွက် တောင်ကျ ရေများကြောင့် ရေကြီးမှုကို ပိုမိုဆိုးရွားနေစေပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ အထူးသဖြင့်သစ်တောများ ပြန်လည်စိုက်ပျိုးခြင်း (Reforestration)ကို စီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ပါတယ်။ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့  Structural Meas-ures အနေနဲ့ ရေကြီးမှုကိုလျော့ပါး စေနိုင်တဲ့တာတွေ၊ ရေထိန်းကန် တွေ၊ Retarding Basins များ၊ မြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်သင့်တဲ့အပြင် မြစ်ကြောင်းတွေ ပျက်စီးအောင်၊ ပြောင်းလဲအောင် ဆောင်ရွက်နေ ကြသော စီးပွားရေးလုပ်ငန်းတွေကိုလည်း တရားဥပဒေဖြင့် ပိတ်ပင်တားဆီးသင့်ပါတယ်။

ရေဘေးသင့်ဒေသက လူထုအနေ နဲ့ကော ဘယ်လိုပြင်ဆင်နေထိုင် သင့်လဲဆရာ။

ရေဘေးဒဏ်ခံနိုင်သော အဆောက်အအုံ Water Resistant Buildings တွေဆောက်ဖို့၊ ရေကြီးမှုကြောင့် ဆုံးရှုံးမှုကာကွယ်ရေး တွေ (Flood Loss Prevention နည်းပညာတွေ)၊ နိုင်ငံတကာက Good Practices (ကောင်းမွန် သောနည်းလမ်းများ)ကို လေ့လာအသုံးပြုသင့်ပါတယ်။

အခုဇူလိုင်ထဲမှာ ရင်ဆိုင်ရတဲ့ရေ ဘေးက မြစ်ရေတွေတိုးနေချိန်မှာ တောင်တရုတ်ပင်လယ်မှာ ဖြစ်ခဲ့ တဲ့ အပူပိုင်းမုန်တိုင်းရဲ့ အရှိန် ကြောင့် ရွာတဲ့မိုးကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါတယ်လို့ သိရ ပါတယ်။ လက်ကျန်မိုးရာသီကာ လမှာဖြစ်နိုင်တဲ့ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် ရဲ့မုန်တိုင်းတွေဖြစ်ပေါ်နိုင်မှု အ ခြေအနေ ဘယ်လိုရှိပါသလဲ။

တောင်တရုတ်ပင်လယ်ပြင်ထဲက လေပွေလှိုင်းရဲ့ ကဏ္ဍဟာ ကြီးမားပါတယ်။ မုန်တိုင်းတစ်ခုဟာ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ပြီး အနောက်ဘက်ကို ရွေ့လာရင် မြန်မာနိုင်ငံမှာ တစ်ပတ်ဆယ်ရက် မိုးမပြတ်ရွာစေလေ့ရှိပါ တယ်။ နောက်ပိုင်းကာလအထူးသဖြင့် မိုးလွန်ကာလဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအနည်းဆုံး လေးကြိမ် ဖြစ်နိုင်ပါတယ်။ တောင်တရုတ် ပင်လယ်မှာတော့ ဒီထက်များနိုင် ပါတယ်။ အစိုးရိမ်ရဆုံးကတော့ ဘင်္ဂလားပင်လယ်အော်ထဲ မုန် တိုင်းဖြစ်နေတဲ့အချိန် အရှေ့ဘက် လေပွေလှိုင်းဝင်လာတာနဲ့ ကြုံ ကြိုက်သွားရင် ရေကြီးမှုက ထင်ထားတာထက် ဆိုးသွားနိုင်ပါ တယ်။

ဒီနှစ် မိုးရာသီပြီးလို့ ပွင့်လင်းရာသီ ရောက်လာရင် လာမယ့်နှစ် မိုးရာ သီမှာ ရေဘေးအန္တရာယ် လျော့ပါးအောင် အစိုးရအနေနဲ့ ဘယ်အချက်တွေကို ဦးစားပေးဆောင် ရွက်သင့်ပါသလဲ ဆရာ။

 စောစောက ပြောထားတဲ့ ကဏ္ဍသုံးခုပါပဲ။ (၁) Structural Measures၊ (၂) Non-Structural Measures နဲ့ (၃) Land-use Regulation တို့ကို ဆောင်ရွက်ဖို့ပါပဲ။ အသေးစိတ်ကတော့ Action Plan ဆွဲရင် ပါလာပါလိမ့်မယ်။

တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦးဆရာ။

ရေကြီးမှုအန္တရာယ်ဟာ နှစ်တိုင်းဖြစ်နေတယ်။ နှစ်တိုင်း လူပေါင်းများစွာ သန်းချီပြီးထိခိုက်နေရတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ လွန်ကဲရာသီဥတုများ (Extre-me Events)တွေက တိုးပွားလာနေတော့ မိုးက ရွာလိုက်တဲ့၊ Wetter and Drier ဆိုတဲ့ အစွန်းတရားနှစ်ပါးမှာပဲ ပြေးနေတယ်။ ဒါကြောင့် မိုးကြီးတဲ့ဒေသတွေက နှစ်တိုင်းရှိနေမယ်။ တစ်ခါ သစ်တောပြုန်းတီးခြင်း၊ မြစ်ချောင်းများရဲ့ မြစ်ကြောင်းတစ်လျှောက်သာမက ရေဝေရေလဲဒေသတွေ မှာပါ ပတ်ဝန်းကျင်ထိန်းသိမ်းမှု များ ပျက်စီးလာစေခြင်း၊ တရားဝင်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေ မြစ်ကြောင်းများတွင် ဆောင်ရွက်နေကြခြင်း စတာတွေကြောင့် မြစ်ကြောင်း (River Channel)၊ ရေစီးနှုန်း (Water Velocity and Water Discharge) များ ပြောင်းလဲခြင်း စတာတွေကြောင့် မြစ်တွေဟာ အထိန်းအကွပ်မဲ့လာကြပြီး အစိုးမရဖြစ်နေကြရတယ်။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ ထိရောက်တဲ့ဥပဒေများ၊ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ (Action Plans) ချမှတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

7Day News

No comments:

Post a Comment