Latest News

Wednesday, July 12, 2017

မွေးမြူထားသည့် ၁၃ နှစ်သားမိကျောင်းအား နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းမည်

မွေးမြူထားသည့် ၁၃ နှစ်သားမိကျောင်းအား နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းမည်

မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ကန်ဘောင်ရိုးမီးသတ်လမ်းရှိ ဒေါ်သန်းဌေးရဲ့နေအိမ်မှာ မွေးမြူထားတဲ့ မိကျောင်း တစ်ကောင်ကို နိုင်ငံတော်ကို ပေးအပ်လှူဒါန်းမယ်လို့ သိရပါတယ်။

ကန်ဘောင်ရိုးလမ်းရှိ ဒေါ်သန်းဌေးရဲ့နေအိမ်မှာမွေးမြူထားတဲ့ သက်တန်း ၁၃ နှစ် ရှိမိကျောင်းကို ကျွေးမွေးစရိတ်ကြီးလာလို့ နိုင်ငံတော်ကို အပ်နှံတော့မယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က သစ်တောဗိုလ်ကြီးတစ်ယောက်က လက်ဆောင်ပေးခဲ့တယ်။ စမွေးတုန်းကတော့ မိကျောင်းအရွယ်အစားက တထွာလောက်ပဲရှိတယ်။ အခု ၁၃ နှစ်သားအရွယ်မှာ ၆ ပေ ခန့်ရှိလာတယ်။ ကျမတို့က ကြောက်လည်းကြောက်လာတယ်။ ကျွေးမွေးစရိတ်တွေလည်း လိုအပ်လာတယ်။ အရင်က ကျွေးမွေးစရိတ်က ၁ ထောင်နဲ့ လုံလောက်ပါတယ်။ ခုတော့ သူက ၁ ထောင်နဲ့ ဗိုက်မပြည့်ချင်တော့ဘူး။ ဒါကြောင့် အိမ်မှာဆက်မွေးထားလို့ အဆင်မပြေတော့ဘူး။ နိုင်ငံတော်ကို အပ်နှံတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်” လို့ မိကျောင်းမွေးမြူထားသည့် အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်သန်းဌေးက ပြောပါတယ်။

အဆိုပါမိကျောင်းကို သစ်တောဦးစီးဌာနနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး အထက်ကို တင်ပြ၍ ခွင့်ပြုချက်ရလျှင် လက်ခံပေးပါမယ်လို့သိရပါတယ်။

“လက်ရှိမှာ တိုင်းဒေသကြီးကို သတင်းပို့ထားပါတယ်။ မိချောင်းရဲ့ အရှည်က ၆ ပေ လောက်ရှိပြီ။ အခုလိုလာအပ်တာကိုပဲ ကျေးဇူးတင်နေရတယ်။ တာမြစ်ထားတဲ့ သားရဲတိရစ္ဆာန် စာရင်းထဲမှာပါတယ်။ တာဝန်သိပြည်သူအနေနဲ့ လာအပ်တာ ကောင်းပါတယ်။ သူတို့ကလာမအပ်ဘဲ ဒီတိုင်းမွေးထားလို့ ကျနော်တို့သိပြီးတဲ့အချိန်ဆိုရင် သစ်တောဥပဒေအရ အရေးယူခံရမှာဖြစ်တယ်” လို့ သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးသိန်းထွန်းကပြောပါတယ်။

အဆိုပါမိကျောင်းအား လက်ရှိတွင် ဒေါ်သန်းဌေးရဲ့ နေအိမ်မှာ ဆက်လက် ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်။
DVB

No comments:

Post a Comment