Latest News

Saturday, July 15, 2017

လွှတ်တော်ဝန်ထမ်းသစ် ခန့်အပ်ရာတွင် ဒုဦးစီးမှူးမှ ငွေကျပ် သုံးသိန်းတောင်းခံမှု ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်

လွှတ်တော်ဝန်ထမ်းသစ် ခန့်အပ်ရာတွင် ဒုဦးစီးမှူးမှ ငွေကျပ် သုံးသိန်းတောင်းခံမှု ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်

မွန်ပြည်နယ်လွှတ်တော်တွင် အသစ်ခန့်အပ်ရန် ရွေးချယ်ထားသည့် အငယ်တန်းစာရေး ၀န်ထမ်းများထံမှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ညွှန်မှူးတို့အား ကန်တော့ရန်ဟုဆိုကာ ဒုဦးစီးမှူးက တဦးလျှင် ငွေကျပ်သုံးသိန်း တောင်းခံမှုနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်ကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ် တော်ထံ တင်ပြသွားမည်ဖြစ်ကြောင်း မွန် ပြည်နယ်တိုင်ကြားစာနှင့် အသနားခံစာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူထံမှ သိရသည်။ ''အဓိကတွေ့ရှိချက်ထဲမှာကတော့ ငွေတောင်းတယ်ဆိုတဲ့ကိစ္စက ပေါ်လွင်တယ်၊ ဒါပေမဲ့ တောင်းတဲ့ငွေကို မပေးလိုက်ရဘူး၊ တိုင်ကြားတဲ့ ကောင်လေးက သူကြိုးစားပြီး ဖြေခဲ့တဲ့ အလုပ်ကိုတောင် စွန်လွှတ်ပြီး ဒီတိုင်စာကို ရေးခဲ့တာဖြစ်တယ်။ ၀န်ထမ်းတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ငွေတောင်းတယ်ဆိုတဲ့ ကိစ္စက သေချာနေတယ်'' ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဦးစီးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်ကြားသူများကို ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့်အကြံပြုချက်များကို ဇူလိုင် ၁၃ ရက်တွင် မွန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

''အစ်ကိုတို့ အနေနဲ့ကတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့အကြံပေးချက်အရ ဒါကိုစစ်ဆေးခဲ့တာဖြစ်ပြီး တွေ့ရှိချက်တွေကို တင်ပြသွားမယ်။ ကျန်ရှိတဲ့ လုပ်ဆောင်မှုအပိုင်းတွေအနေနဲ့ကတော့ သက်ဆိုင်ရာ ထွေအုပ်ဌာနအနေနဲ့ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ်'' ဟု ၎င်းက ပြောသည်။ ယခုလုပ်ရပ်နှင့်ပတ်သက်၍ မွန် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ရာနှုန်းပြည့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

''အန်တီတို့ လွှတ်တော်ဆိုတာ ပြည်သူတွေ အားကိုးတဲ့နေရာ၊ ပြည်သူ့အသံကို အမြဲတမ်းနားထောင်နေရတယ်၊ ဥပဒေပြုရေးနေရာလည်း ဖြစ်တယ်။ ပြည်သူတွေအားကိုးနေတဲ့ လွှတ်တော်မှာ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ အန်တီအနေနဲ့ ၁၀၀ ရာခိုင်နှုန်းရှုတ်ချတယ်'' ဟု ၎င်းက ပြောသည်။

လွှတ်တော်ဝန်ထမ်း အငယ်တန်းစာရေးအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရသူတဦးက မွန်ပြည်နယ်လွှတ်တော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် လွှတ်တော်ဝန်ထမ်း (၃) ဦးအား ငွေကြေးတောင်းခံမှုနှင့် ပတ်သက်ပြီး အရေးယူပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ  ဇူလိုင် ၁ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး တိုင်ကြားသူ လွှတ်တော်အငယ်တန်းစာရေးမှာ လွှတ်တော်ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံထားရသော်လည်း တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သည့်အတွက် လွှတ်တော်အငယ်တန်းစာရေးအဖြစ် စတင်တာဝန်ထမ်း ဆောင်မည့်နေ့မှာပင် နုတ်ထွက်စာတင်သွားခဲ့ကြောင်းသိရသည်။                                            
News Watch

No comments:

Post a Comment