Latest News

Thursday, July 20, 2017

အစမ်းသပ်ခံ မဖြစ်စေရေး စောင့်ကြည့်ရန်လိုသော အုပ်စုဖွဲ့ စစ်ဆေးနည်း

အစမ်းသပ်ခံ မဖြစ်စေရေး စောင့်ကြည့်ရန်လိုသော အုပ်စုဖွဲ့ စစ်ဆေးနည်း

‘‘ကလေးတွေ တစ်ယောက်နဲ့ တစ် ယောက်  ပူးပေါင်းဆောင်ရွက် တတ်အောင်က တစ်ချက်၊ နောက် တစ်ချက်ကတော့ ကလေးတွေမှာ ဉာဏ်ရည်မြင့်တဲ့သူရှိတယ်။ ဉာဏ် ရည်နိမ့်တဲ့သူရှိတယ်။ ဉာဏ်ရည် မြင့်တဲ့သူနဲ့ ဉာဏ်ရည်နိမ့်တဲ့သူ ကြားမှာ ကွာဟချက် နည်းသွား အောင်၊ ဉာဏ်ရည်မြင့်တဲ့သူက ဉာဏ်ရည်နိမ့်တဲ့သူကို တွေးခေါ် မြော်မြင်တတ်မှုရှိလာဖို့တွဲခေါ်နိုင် အောင် ဒီလိုရည်ရွယ်ချက်မျိုးတွေ နဲ့ Group Work စစ်ဆေးနည်းလုပ်တာပါ’’ဟု ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

အခြေခံပညာ ကျောင်းများတွင် အခန်းဆုံးစာမေးပွဲ စစ်ဆေး ခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဇွန်လ ၂၂ ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။

ယခင်က အခန်းဆုံးစာမေး ပွဲများကို လစဉ်ကျင်းပကာ အဖြေ လွှာပေါ်တွင် တစ်ဦးချင်း ရေးဖြေ ဖြေဆိုစေပြီး အဆင့်သတ်မှတ် ချက်များကိုလည်း တစ်ဦးချင်း အ ရည်အသွေးအလိုက် Report Card ဖြင့် Grade A၊ B၊ C၊ D ထုတ်ပြန်ပေးခဲ့ရာမှ အခန်းဆုံးစာ မေးပွဲ စစ်ဆေးမှုပုံစံများကို ပြောင်း လဲရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

‘‘အခု KG (သူငယ်တန်း) ရော၊ Grade-1(ပထမတန်း)ရော သင်ရိုးညွှန်းတမ်းအသစ်၊ စစ်ဆေး အကဲဖြတ်မှု နည်းလမ်း အသစ်ပါ။ KG+12 စနစ်သစ်အရ တစ်တန်း ပြီး တစ်တန်း သင်ရိုးပြောင်းမှာပါ။ သင်ရိုးညွှန်းတမ်းအသစ် အားလုံး ပြီးအောင် စောင့်ရင်တော့ နှစ်တွေ အများကြီး ထိုင်စောင့်နေရမလို ဖြစ်နေမယ်။ သင်ရိုးညွှန်းတမ်း ပြောင်းတာလည်း တစ်ပိုင်း၊ နိုင်ငံ တကာမှာ လုပ်နေတဲ့ ၂၁ ရာစု ကျွမ်းကျင်မှုနဲ့ ကိုက်အောင် Group Work စစ်ဆေးမှု ပုံစံအသစ်ပြောင်း ရတာပေါ့’’ဟု ဒေါက်တာခိုင်မြဲက ပြောသည်။

ဇူလိုင် ဒုတိယပတ်အထိညွှန်ကြားချက်အရ စာသင်ချိန်တစ်ချိန် (၄၅  မိနစ်) အတွင်း ဖြေဆိုနိုင်မည့် ၂၅ မှတ်တန် မေးခွန်းထုတ်ရမည် ဖြစ်ပြီး ရမှတ်ကိုနှစ်ဖြင့်မြှောက် ကာ Grade ဖြင့်သာ ရလဒ်ထုတ် ပြန်ပေးရမည်ဖြစ်သည်။

ရမှတ် ၄၀ မှ ၅၀ အတွင်း Grade A၊ ရမှတ် ၃၀ မှ ၃၉ မှတ် အတွင်း Grade B၊ ရမှတ် ၂၀ မှ ၂၉ မှတ်အတွင်း Grade C ပေး ရန်၊ Grade မှလွဲ၍ ရမှတ်ကို လုံ ခြုံစွာ သိမ်းထားရန်၊ ဘာသာပြ ဆရာသည် မိမိဘာသာရပ် ရမှတ် မှ တစ်ပါး ကျန်ဘာသာများ၏ ရ မှတ်ကို မသိစေရဟု အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။

အုပ်စုဖွဲ့စစ်ဆေးမှု နည်း လမ်းအသစ်အရ တစ်ဖွဲ့လျှင် ကျောင်းသား၊ ကျောင်းသူ လေးဦး နှုန်းဖြင့် တော်၊ သင့်၊ ညံ့ မျှတ အောင် အဖွဲ့ဖွဲ့ပေးကာ အားလုံး ပါဝင်ဆွေးနွေးစေပြီး တစ်ဦးက အဖွဲ့ကိုယ်စား အဖြေလွှာတွင်ရေး ပေးရမည်ဖြစ်သည်။

စာသင်ချိန်တစ်ချိန်စာအ တွင်း အားလုံးပါဝင်ဆွေးနွေးစေရန် ဘာသာပြဆရာမတစ်ဦးနှင့်အကူဆရာမနှစ်ဦးက ကြီးကြပ်ပေးရ မည်ဖြစ်ကာ အဖွဲ့ရမှတ်သည် ကျောင်းသား၊ ကျောင်းသူလေးဦး စလုံး၏ ကိုယ်စီရမှတ်ဖြစ်သည်။

‘‘အုပ်စုဖွဲ့စစ်ဆေးနည်း တစ် နည်းအားဖြင့် ကလေးဗဟိုပြု (Child Centered Approach- CCA) နည်းနဲ့ စစ်ဆေးဖို့ ညွှန်ကြား ထားပါတယ်။ တိကျတဲ့ ညွှန်ကြား ချက်တော့ မလာသေးပေမယ့် ကျွန်မတို့ကျောင်းကတော့ နှစ် ကြိမ်လောက် စမ်းလုပ်ကြည့်ထား တယ်။ သဘောကျတဲ့ ကလေးရှိ သလို၊ အဆင်မပြေတာလည်း ရှိ တယ်’’ဟုအထက(၁)ပုဇွန်တောင် မှ ကျောင်းအုပ်ဆရာကြီး ဒေါ်သန်း သန်းနွယ်က ပြောသည်။

ပညာရေးတွင် အမြစ်တွယ် နေသည့် ကျူရှင်စနစ်ပပျောက်ရန် ကနဦး ဆောင်ရွက်ချက်ဆိုကာ ထောက်ခံသူများရှိသကဲ့သို့ သင် ရိုးညွှန်းတမ်းနှင့် သင်ကြားနည်း စနစ်များ၊ ဆရာ၊ ကျောင်းသားအ ချိုး မညီမျှမှုများကို ဦးစွာ မပြောင်း လဲဘဲ စာမေးပွဲစနစ်သာ ပြောင်းလဲ သည်ဆိုကာ ကန့်ကွက်သူများ လည်း ရှိနေသည်။

‘‘လက်ရှိ သင်ကြားရေးပုံစံကို မပြောင်းဘဲ စစ်ဆေးရေးကို အုပ်စု ဖွဲ့စစ်ဆေးမယ်ဆိုရင်တော့ အဲဒီ ဟာက ထိရောက်တဲ့စစ်ဆေးရေး ပုံစံမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ဆိုလိုတာက သင်ကြားရေးပုံစံ ပြောင်းမှ စစ်ဆေးရေး ပုံစံပြောင်း တဲ့အခါမှာ သဟဇာတဖြစ်တဲ့၊ အ ဆက်အစပ်မိတဲ့ အခြေအနေဖြစ် မှာပါ’’ ဟု တွေးခေါ်စဉ်းစားတတ် သော စာသင်ခန်းများဖြစ်ပေါ်ရေး ဆရာ၊ ဆရာမများကို လေ့ကျင့် သင်ကြားနေသည့် Thinking Classroom Foundationအဖွဲ့ဝင်ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ဒေါ်သူသူမာက ဝေဖန်သည်။

ဇူလိုင်လကုန်တွင် စစ်ဆေးမှု နည်းလမ်းအသစ်ဖြင့် စာမေးပွဲ ကျင်းပစစ်ဆေးရမည်ဖြစ်သော် လည်း စာမေးပွဲမေးခွန်းပုံစံနှင့်ပတ် သက်၍ ဇူလိုင် ဒုတိယပတ်အထိ တိတိကျကျညွှန်ကြားမှုများ မရှိ ခြင်းကြောင့် အောက်ခြေ ပညာ ရေးဝန်ထမ်းများအနေဖြင့် ပြုပြင် ပြောင်းလဲရေးဖော်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေရ ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများကလည်း ဆိုသည်။

‘‘မေးခွန်းပုံစံနဲ့ပတ်သက်ပြီး တိကျတဲ့ညွှန်ကြားချက်တော့ မ လာသေးဘူး။ နည်းလမ်းအသစ် ဖြစ်တဲ့အတွက် ဘယ်လိုမေးခွန်း ပုံစံမေးမလဲဆိုတာ အားလုံးက  စိတ်ဝင်စားကြတယ်။ ညွှန်ကြား ချက်မလာတော့ ကလေးတွေကို ကြိုတင်ပြင်ဆင်ဖို့ သေချာတော့ မပြောရသေးဘူး’’ဟု ချင်းပြည် နယ် မင်းတပ် အထကမှ အထက် တန်းပြဆရာ ဦးထန်းလိန်းအွမ်က ပြောသည်။

စာမေးပွဲ စစ်ဆေးမှုနည်း လမ်းအသစ်တွင် အသုံးပြုရမည့် မေးခွန်းပုံစံများကို ဆရာ၊ ဆရာမ များသိရှိစေရန် အခြေခံပညာဦးစီး ဌာနက တိုင်းဒေသကြီးနှင့် ပြည် နယ်ပညာရေးမှူးရုံးများသို့ ထပ်မံ ညွှန်ကြားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံး ညွှန်ကြားရေးမှူး(ပညာ) ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

အုပ်စုဖွဲ့ စစ်ဆေးမှုသည် ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံတကာ တွင် အသုံးပြုနေသည့် တတ် မြောက်မှုစစ်ဆေးခြင်း နည်းလမ်း တစ်ခုဖြစ်ပြီး အကြောင်းအရာ တစ်ခုကို အုပ်စုအတွင်း ကျောင်း သားအားလုံး ပါဝင်ဆွေးနွေးကာ အဖြေထုတ်စေခြင်းဖြင့် ကျောင်း သား၏ တွေးခေါ်နိုင်စွမ်း၊ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းများကို မြှင့် တင်ပေးသည့် စစ်ဆေးနည်းဖြစ် သည်ဟု အမျိုးသားပညာရေးမူဝါဒ ကော်မရှင်မှ ဒေါက်တာဝင်း အောင်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်း နည်းလမ်းကို နိုင်ငံတကာကဲ့သို့ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိသည် အုပ်စု ဖွဲ့စစ်ဆေးမှုတွင် သုံးစွဲမည့် မေး ခွန်းပုံစံပေါ်၌ မူတည်နေကြောင်း ဝေဖန်ပြောကြားမှုများလည်း ရှိ သည်။

‘‘Group Work ဆိုတာက တိုင်ပင်ဆွေးနွေးတာပါ။ Group Work စစ်ပြီဆိုရင် မေးခွန်းက လည်း Group Work စစ်တဲ့ မေး ခွန်းပဲဖြစ်ရမယ်။ အရင်တုန်းကလို ကွက်လပ်ဖြည့်ခိုင်းတယ်၊ မေးခွန်း ဖြေခိုင်းတယ်ဆိုရင်တော့ Group Work မဟုတ်ဘဲနဲ့ ကျက်ပြီး ဖြေ တာပဲဖြစ်မှာပေါ့။ ကျက်ပြီးဖြေတာ ဆိုရင် ဆွေးနွေးတာ မပါတော့ဘူး။ တိုင်ပင်တာ မပါတော့ဘူး။ စာ တော်တဲ့လူက ရမယ်။ စာမတော် တဲ့လူက တော်တဲ့လူ ပြောတာကို ထိုင်နားထောင်တာပဲ ရမယ်။ ဆွေးနွေးတိုင်ပင်ပြီး  ကလေးတွေ ရဲ့ ခေါင်းထဲက ထွက်လာတဲ့ အ ဖြေမျိုးမဟုတ်ရင်တော့ Group Work စစ်ဆေးတာက အလကား ဖြစ်သွားမယ်’’ဟု ပဲခူးတိုင်းဒေသ ကြီး က၀မြို့နယ် အထကသက္ကလ မှ အထက်တန်းပြဆရာ ဦးအောင် ကျော်သူက သုံးသပ်သည်။

ပုစ္ဆာတစ်ခု၊ မေးခွန်းတစ်ခုကို ၀ိုင်းဝန်းအဖြေရှာရမည့် ပုံစံမျိုးဖြစ် လာမည်လား၊ ယခင်ကဲ့သို့ အ လွတ်ကျက်ကာ ချရေးရမည့် ပုံစံ မျိုးဖြစ်လာမည်လား ပညာရေးဝန် ကြီးဌာနက ညွှန်ကြားမည့် မေးခွန်း ပုံစံကို စောင့်ကြည့်ရမည်ဟု ဆရာ၊ ဆရာမများက ဆိုသည်။

အုပ်စုဖွဲ့စစ်ဆေးခြင်းတွင် ကလေးအားလုံး ပါဝင်ဆွေးနွေးစေ ရန် ဆရာ၊ ဆရာမများက လိုက်လံ ကြီးကြပ်ရမည်ဖြစ်ရာ စစ်ဆေး နည်းအသစ်၌ ဆရာ၊ ဆရာမသည် အရေးကြီးသော အခန်းကဏ္ဍဖြစ် သည်။

လပတ် အခန်းဆုံးစာမေးပွဲ များတွင် မေးခွန်းထုတ်ခြင်း၊ အ ဖြေလွှာ စစ်ဆေးခြင်းများနှင့်သာ အသားကျနေသည့် ဆရာ၊ ဆရာမများအတွက် စစ်ဆေးနည်း အသစ်သည် စိန်ခေါ်မှုတစ်ခုဖြစ် လာနိုင်၍ ယင်းအတွက် လုံ လောက်သည့် ကြိုတင်ပြင်ဆင်မှု များလည်း လိုအပ်နေသည်။

‘‘အသစ်တစ်ခုကို ပြောင်းလဲ မယ်ဆိုရင် မူလသုံးစွဲနေတဲ့ သင် ကြားရေးနည်းလမ်းကနေ တခြား နည်းလမ်းတစ်ခုကို ပြောင်းမယ်။ မူလသုံးစွဲနေတဲ့ စစ်ဆေးရေးပုံစံ ကနေ တခြားပုံစံတစ်ခုကို ပြောင်း မယ်ဆိုရင် ဆရာတွေအတွက် သင်တန်းတွေလိုပါတယ်။ ဆရာ တွေကို သင်တန်းတွေ သေချာပေး ပြီးတော့မှ ပုံစံအသစ်ပြောင်းရင် အားသာချက်၊ အားနည်းချက် ကြိုသိရမယ်’’ဟု ဒေါ်သူသူမာက ပြောသည်။

အုပ်စုဖွဲ့စစ်ဆေးသည့် ပုံစံ နှင့်ပတ်သက်၍ စာလိုက်နိုင်သည့် ကျောင်းသားမိဘအချို့က ကျေ နပ်မှုမရှိဘဲ ဝေဖန် ပြောကြားမှုများ ရှိနေသကဲ့သို့ အုပ်စုဖွဲ့စစ်ဆေး ခြင်းကြောင့် မိမိကလေးစာပိုလိုက် နိုင်မည်ဟု ယူဆသူများ ရှိနေ သည်။

အထက(၁)ပုဇွန်တောင်မှ မိဘတစ်ဦးက ‘‘ကျွန်မတို့ကတော့ ကလေးက အရမ်းတော်တဲ့ထဲ လည်း မပါဘူး။ တခြား တော်တဲ့ ကလေးနဲ့တွဲထားရင် သူလည်း စာ လုပ်ချင်စိတ် ပိုလာမလားလို့ မျှော် လင့်မိတော့ ကျောင်းက စီစဉ်သ လိုပဲပေါ့’’ဟု ဆိုသည်။

‘‘အရင်နှစ်ကစပြီး Grade ပဲ ပေးတော့ အမှတ်ဘယ်လောက် လဲမသိရဘူး။ အခု ဒီနှစ်ဆို တော်၊ သင့်၊ ညံ့ အားလုံးရောထားတော့ ပိုဆိုးသွားတယ်။ ဆရာမက ဆူသံ တွေထိန်းမရတော့ ဘာမှမရှင်းဘဲ လက်တန်းရေး။ ကလေးတွေ နား လည်လည်၊ မလည်လည် ကူးပြီး ရော။ အခုလို အုပ်စုနဲ့ဆို ပိုဆိုး မှာ။ စာလုပ်ချင် စိတ်ပျောက်မှာ။ ၀န်ကြီးပြောင်းတိုင်း မူပြောင်းတာ တော့ မဖြစ်သင့်တော့ဘူး’’ဟု အထက(၂) ရန်ကင်းမှ အဋ္ဌမတန်း ကျောင်းသား မိဘတစ်ဦးက ပြော သည်။

ပြည်ထောင်စု လွှတ်တော် တွင် ၂၀၁၅ ဇွန်လ ၂၅ ရက်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ၏ ပုဒ်မ ၁၆၊ အပိုဒ်ခွဲ(ဂ)တွင် ပညာရေးအဆင့်တစ်ခု ပြီးမြောက် မှုအတွက် သင်ယူတတ်မြောက်မှု အဆင့်ကို စစ်ဆေးအကဲဖြတ်ခြင်း နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပညာ ရေးဥပဒေ၏ နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းရမည်ဟု ဖော် ပြပါရှိသည်။

သို့သော် လက်ရှိအချိန်ထိ အခြေခံပညာဥပဒေကို ပြဋ္ဌာန်းနိုင် ခြင်းမရှိသေးသကဲ့သို့ အခြေခံ ပညာနည်းဥပဒေလည်း ပြဋ္ဌာန်း နိုင်ခြင်း မရှိသေးပေ။

အစိုးရသစ်လက်ထက်ပညာရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်း လဲမှုတစ်ခုဖြစ်သည့် စာမေးပွဲစနစ် ပြောင်းလဲမှုသည် ကျောင်းသား၊ ကျောင်းသူများအပေါ် မည်မျှ သက်ရောက်မှုရှိကြောင်း စောင့် ကြည့်ရမည်ဖြစ်သည်။
7Day News

No comments:

Post a Comment