မိုင်းလားမှသယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ပြုလုပ်သည့် ပစ္စည်းများ ၀မ်တာပုံစစ်ဆေးရေးစခန်း၌ သိမ်းဆည်းရမိ
ကျိုင်းတုံ ဇူလိုင် ၂၂
မိုင်းလားဒေသမှ တာချီလိတ်မြို့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဇူလိုင်လ(၂၂)ရက် မွန်းလွဲပိုင်း က ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းရှိ ၀မ်တာပုံစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်(၂၂)ရက်၊ မွန်းလွဲ(၃)နာရီခန့်က ၀မ်တာပုံ စစ်ဆေးရေး စခန်းတွင် ကျိုင်းတုံမူးယစ်တပ်ဖွဲ့စု(၂၈)မှ ရဲအုပ်သော်ဇင်လင်း ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်း နေစဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ လုကာ မောင်းနှင်ပြီး မော်ဖြို နှင့် ကျရှီး လိုက်ပါလာသောယာဉ်အမှတ်(YGN-4D -----) Nissan UD အပြာရောင် ၁၀ဘီးယာဉ်ကို စစ်ဆေးရာ ယာဉ်ခေါင်းခန်း ယာဘက် တံခါး ပစ္စည်းထည့်သည့်နေရာတွင် စက္ကူအပိုင်းစဖြင့် ထုတ်ထားသည့် WYစာတမ်းပါ စိတ်ကြွ ဆေး(၁)ပြား၊ ယာဉ်၏နောက်ခန်းတွင် အလျား(၁၂)လက်မ၊အနံ(၄)လက်မ၊အမြင့်(၃)လက်မခန့် ရှိသော သစ်သားပုံး တစ်ပုံးလျင် စိတ်ကြွဆေးပြားထုတ်ရာတွင် အသုံးပြုသည့် YWတံဆိပ်ပါ သံပုံစံခွက် မို(၂၀)စုံ စီ ထည့်ထားသော သစ်သားပုံး (၁၃)ပုံးအတွင်းမှ စုစုပေါင်း မို(၂၆၀)စုံ၊ ဆာလာအိတ်တစ်လုံးလျင် စိတ်ကြွ ဆေးထုတ်ပိုးရာ၌ အသုံးပြုသည့် အပြာရောင်ကပ်ခွာအိတ်နှင့် အနက်ရောင် ကပ်ခွာအိတ်(၄၆၀၀၀)ခုပါ ဆာလာအိတ်(၄၅)အိတ်၊1.5 KW မော်တာ(၂)လုံး၊ တုန်ခါမှုပြုလုပ်ရာတွင်အသုံးပြုသည့် အရှည်(၁၂) လက်မခွဲခန့်ရှိ တုန်ခါရာဘာပိုက်(၁) ချောင်း၊ အလျား ၁ပေ ၉လက်မ အနံ၁ပေ၂လက်မရှိ သံဗန်း(၁)ခု တို့ သိမ်းဆည်းရမိသည်။
ဖမ်းဆီးရမိ ပစ္စည်းများနှင့် ဆက်စပ်၍ တာချီလိတ်မြို့၊ဖန်မင် အုပ်စု၊ ၀မ်ကော့ရွာနေ (၁၀)ဘီးယာဉ်ပိုင်ရှင် မော်ဖြိုးနှင့် ယာဉ်မောင်းဖြစ်သူ တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ မော်ဝှီးရွာနေ လုကာ တို့အား ဖန်မင်အုပ်စု ၀မ်ကော့ရွာနေ ကျရှိးက ပစ္စည်းသယ်ဆောင်ခ ထိုင်းဘတ်ငွေ ခြောက်သောင်းဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ကျရှိးသည် မိုင်းလားမြို့သို့ ကြိုတင်သွားရောက်ခဲ့ပြီးအဆိုပါ ပစ္စည်းများကို ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းလားမြို့မှ တင်ဆောင်၍ မိုင်းလား-ဆီလူး-မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံ လမ်းအတိုင်း တာချီလိတ်မြို့သို့ ပို့ဆောင်ပေးရန် သယ်ဆောင်လာစဉ် မိုင်းခတ်-ကျိုင်းတုံကြားဝမ်တာပုံစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးခံရကြောင်း မူးယစ်တပ်ဖွဲ့စုသို့ ထွက်ဆိုချက်အရ သိရပြီး ၎င်းတို့ကို ကျိုင်းတုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။
မောင်မောင်နိုင်(ကျိုင်းတုံ)မြန်မာ့အလင်း
Saturday, July 22, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment