Latest News

Saturday, July 29, 2017

အလိုအလျောက် မှတ်တိုင် အသိပေးစနစ် ကုမ္ပဏီနှစ်ခု တပ်ဆင်

အလိုအလျောက် မှတ်တိုင် အသိပေးစနစ် ကုမ္ပဏီနှစ်ခု တပ်ဆင်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် အများပိုင် ကုမ္ပဏီ လက်အောက်ခံ ယာဉ်လိုင်းများအနက် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT နှင့် Power Eleven ကုမ္ပဏီ နှစ်ခုသည် ခရီးသွားများကို ဝန်ဆောင်မှုပေးသည့်အနေနှင့် အလိုအလျောက် မှတ်တိုင်အသိပေးစနစ်ကို တပ်ဆင်နေကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

“YBS ၂၁ ယာဉ်လိုင်းမှာ ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက ယာဉ်တစ်စီးကို စမ်းသပ် ပြေးဆွဲခဲ့တယ်။ အောင်မြင်လို့ တစ်လိုင်းလုံးကို တပ်ဆင်မှာ”ဟု Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။

အဆိုပါ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၀ဝ ရှိပြီး အလိုအလျောက် မှတ်တိုင် အသိပေးစနစ်ကို ဩဂုတ်လတွင် စတင် တပ်ဆင်မည်ဖြစ်ကာ တစ်လနှင့် ယာဉ်အားလုံး အပြီး တပ်ဆင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“စက်က ရှေ့ရောက်မယ့်မှတ်တိုင်ကို ကြိုတင်အသိပေးတဲ့အပြင် ရောက်ခါနီးရင်လည်း ဘယ်မှတ်တိုင်ကို ရောက်ရှိပါတော့မယ်။ ခရီးသည်များ ကြိုတင်ပြင်ဆင်ပါလို့ နှစ်ခါ သတိပေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်ကို ဇူလိုင်လ ပထမအပတ်က YBS ၇ ယာဉ်လိုင်းတွင် တပ်ဆင်နေပြီး လက်ရှိယာဉ် ငါးစီးကို စမ်းသပ် မောင်းနှင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“ဒီယာဉ်လိုင်းမှာက LED, GPS တွေ ပါပြီးသားဆိုတော့ အဆင်သင့် တပ်ဆင်လို့ရလို့ အရင် တပ်တာပါ။ ကိုယ်လိုတဲ့အသံဖိုင်လည်း စက်မှာထည့်ပြီး ကြေညာပေးလို့ ရတယ်”ဟု ၎င်းက ဆိုသည်။

YUPT ကုမ္ပဏီ လက်အောက်တွင် ယာဉ်လိုင်း ၂၀ ကျော် ပြေးဆွဲလျက်ရှိပြီး အဆိုပါ ယာဉ်လိုင်းများရှိ စီးတီးဘတ်စ်ယာဉ်များတွင် အလိုအလျောက် မှတ်တိုင် အသိပေးစနစ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

YBS ၂၁ ယာဉ်လိုင်းမှာ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီနှင့် Power Eleven ကုမ္ပဏီ နှစ်ခုပေါင်း ယာဉ်စီးရေ ၂၅၀ ကျော်ဖြင့် ဆူးလေမှ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်သို့ ပြေးဆွဲပြီး ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအောက်ရှိ YBS ၇ ယာဉ်လိုင်းမှာ ယာဉ်စီးရေ ၁၂၀စီးဖြင့် တောင်ဒဂုံမှ ဆူးလေသို့ ပြေးဆွဲနေခြင်း ဖြစ်သည်။

The Voice

No comments:

Post a Comment