Latest News

Wednesday, July 12, 2017

ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း သူပုန်အဖွဲ့တစ်ခု ကြေညာ

ဆီးရီးယား တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း သူပုန်အဖွဲ့တစ်ခု ကြေည


ဆီးရီးယား သူပုန် အဖွဲ့တစ်ခုက ဆီးရီးယားလေတပ်မှ တိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့ကြောင်း ကြေညာခဲ့သည်။

အိမ်နီးချင်း တူရကီနိုင်ငံ ပိုင်နက်တွင် အခြေစိုက် လှုပ်ရှားနေသည့် လွတ်လပ်သော ဆီးရီးယားတပ် (FSA)က ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်၏ စစ်တပ်မှ တိုက်လေယာဉ် တစ်စီးကို နိုင်ငံတောင်ပိုင်းရှိ ဆွီဒါခရိုင်တွင် ဇူလိုင် ၁၁ ရက်က ပစ်ချခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

FSAမှ တာဝန်ရှိသူများ၏ အဆိုကို ကိုးကားပြီး ဆီးရီးယား လေယာဉ်မှာ ဆွီဒါ အရှေ့မြောက်ပိုင်း သဲကန္တာရာထဲရှိ အမ်ရာမမ် ကျေးရွာအနီးတွင် ပစ်ချခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။

“လေယာဉ်ကို ပစ်ချလိုက်ပါတယ်။ လေယာဉ်မှူး ဘာဖြစ်သွားသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လောလောဆယ် FSAက လေယာဉ်မှူးကို လိုက်ရှာနေပါတယ်”ဟု FSA ပြန်ကြားရေး တာဝန်ခံ ဖြစ်သူက ဆိုသည်။

ဗြိတိန်တွင် အခြေစိုက်သည့် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က လေယာဉ် ပစ်ချခံရသည့် သတင်းကို အတည်ပြုခဲ့သော်လည်း ဆီးရီးယား အစိုးရကမူ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ မပေးသေးချေ။

အမေရိကန်၊ ရုရှားနှင့် ဂျော်ဒန်တို့ ပူးပေါင်းပြီး ဆီးရီးယား ပြည်တွင်းစစ်ဘေးသင့် နယ်မြေအချို့တွင် ပြီးခဲ့သည့် သီတင်းပတ်မှစ၍ အပစ်အခတ် ရပ်စဲရန် ညှိနှိုင်း သဘောတူခဲ့ရာ ဆွီဒါခရိုင်သည်လည်း အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်သည်။

အာဆတ်၏ အစိုးရကို ဆန့်ကျင်ရာမှ ပေါ်ပေါက်လာသည့် ဆီးရီးယား ပြည်တွင်းစစ်သည် ၂၀၁၁ ခုနှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့ပြီး စစ်အတွင်း လူပေါင်း သုံးသိန်းနှစ်သောင်းကျော် သေဆုံးခဲ့သလို သန်းနှင့်ချီ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြရသည်။
7Day News

No comments:

Post a Comment