Latest News

Saturday, July 15, 2017

အိန္ဒိယတွင် ဇာတ်နိမ့်တစ်ဦးက သမ္မတသစ်အဖြစ် ရွေးချယ်ခံရရန် အခြေအနေကောင်းနေ

အိန္ဒိယတွင် ဇာတ်နိမ့်တစ်ဦးက သမ္မတသစ်အဖြစ် ရွေးချယ်ခံရရန် အခြေအနေကောင်းနေ

အိန္ဒိယတွင် ဇာတ်အနိမ့်ဆုံးအဖြစ် နှိမ်ခံထားရသော Dalit မှမျိုးနွယ်ဝင်တစ်ဦးသည် အာဏာရပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရနိုင်မှုနှင့်အတူ သမ္မတသစ်ဖြစ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ အသက် ၇၁ နှစ်ရှိ ရမ်နက်ကိုဗင်းသည် ၀န်ကြီးချုပ် နရင်ဒရာမိုဒီ၏အာဏာရ ဘရာသီယာဂျနသာပါတီ၏ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဇူလိုင် ၁၇ ရက်တွင် နိုင်ငံအဆင့်နှင့် ပြည်နယ်အဆင့် ဥပဒေပြုအမတ်များ၏ ရွေးချယ်ခြင်းခံရမည်ဖြစ်သည်။
   
ယင်းသည် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အိန္ဒိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကေအာနာရာယာနန်ပြီးလျှင် ဇာတ်နိမ့်တစ်ဦးက အဆောင်အယောင်ရာထူးမျှသာဖြစ်သော သမ္မတအဖြစ် ရွေးချယ်ခံရမှုဖြစ်လာမည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ဇူလိုင် ၂၀ ရက်တွင် ကြေညာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းနေသော မိုဒီအတွက်လည်း ယင်းရလဒ်သည် ကာလရှည်ကြာ အဖက်မတန်ဟု ဆက်ဆံခံခဲ့ရသည့် အဓိကကျသော မဲဆန္ဒရှင်အစုအဝေးကို အရေးကြီးသည့် သတင်းစကားပေးနိုင်မည်ဖြစ်သည်။
   
လူဦးရေသန်း ၂၀၀ ၀န်းကျင်ရှိသော Dalit လူမှုအသိုင်းအ၀ိုင်းသည် အိန္ဒိယတွင် အဆင်းရဲဆုံးသူများဖြစ်ကြပြီး လူမှုပတ်ဝန်းကျင်ပြင်ပမှ လူများအဖြစ်အစဉ်အလာအရ ချောင်ထိုးခံခဲ့ရကြောင်း သိရသည်။ ဥပဒေများအရ ကာကွယ်ပေးထားသော်လည်း ခွဲခြားဆက်ဆံမှုများသည် ထူပြောနေခဲ့ပြီး Dalit မျိုးနွယ်ဝင်များသည် ပညာရေးနှင့် အခြားအခွင့်အရေးများရရှိမှုတွင် အမြဲတမ်းဆိုသလို ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။
   
Dalit မျိုးနွယ်ဝင်တစ်ဦးပင်ဖြစ်သော အတိုက်အခံကိုယ်စားလှယ်လောင်း မေးရာကူးမားအား တရားရုံးချုပ်ရှေ့နေဟောင်းနှင့် နိုင်ငံအရှေ့ပိုင်းရှိ ဘီဟာပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဘီဂျေပီနိုင်ငံရေးသမား ကိုဗင်းက အနိုင်ရနိုင်စေရန် ကူညီခြင်းဖြင့် မိုဒီသည် နိုင်ငံရေးအရ ယုံကြည်မှုနှင့် သြဇာလွှမ်းမိုးမှုအား ရရှိစေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
   
ကိုဗင်းသည် လယ်သမားတစ်ဦး၏သားဖြစ်ပြီး အောက်ခြေဘ၀နောက်ခံရှိသည်။ လွတ်လပ်ရေး တိုက်ခိုက်ရေးသမား ဘာဘူဂျက်ဂျီဗန်ရမ်၏ သမီးဖြစ်သူ ကူးမားသည် ၁၉၈၅ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်မ၀င်ရောက်မီ သံတမန်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အိန္ဒိယ၏ပထမဆုံးအမျိုးသမီး ပါလီမန်ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ကိုဗင်းအားဘီဂျီပီပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပြီးနောက် အတိုက်အခံများက ကူးမားအားရွေးချယ်ခဲ့မှုသည် Dalit ၏မဲများအားရရှိရန် မိုဒီ၏ကြိုးပမ်းမှုအား တန်ပြန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှုမြင်ခံခဲ့ရသည်။
   
Dalit များနှင့် ဘီဂျေပီ၏အမာခံထောက်ခံသူ ဟိန္ဒူများ၏မဲများကြောင့် မိုဒီသည် ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီး အထူးသဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ရသော ဥတာပရာဒေ့ရှ်နှင့် ဘီဟာကဲ့သို့ပြည်နယ်များတွင် အလေးသာစေခဲ့သည်။ လူဦးရေ ၁ ဒသမ ၃ ဘီလျံရှိသော အိန္ဒိယတွင် Dalit မျိုးနွယ်များသည် ထောက်ခံမဲရရှိနိုင်မှု၏ ၁၆ ရာခိုင်နှုန်းခန့်ရှိပြီး လူနည်းစုမွတ်စလင်များ၏ ထောက်ခံမဲ ၁၄ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ သို့သော် Dalit များက ဆယ်စုနှစ်နှစ်ခုအတွင်း ၎င်းတို့၏မျိုးနွယ်ထဲမှ ဒုတိယအကြိမ်အဖြစ် သမ္မတတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသော်လည် စစ်မှန်သော အပြောင်းအလဲဆောင်ယူပေးနိုင်ခြင်းရှိ၊ မရှိကို သိရှိလိုနေကြသည်။

Eleven Media Group

No comments:

Post a Comment