ယူကရိန်း ပဋိပက္ခ ပြေလည်စေရန် နိုင်ငံတကာ ဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်မည်
ယူကရိန်း အရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် ရုရှားကျောထောက်နောက်ခံပြု သူပုန်များအကြား တိုက်ခိုက်မှုအသစ် ဖြစ်ပွားခဲ့ချိန်တွင် ယူကရိန်း ပဋိပက္ခ ပြေလည်စေရန်အတွက် ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်ခေါင်းဆောင်တို့သည် ဇူလိုင် ၂၄ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သုံးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ယူကရိန်း ပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် အထူးသံတမန်သစ်ဖြစ်သည့် ကာ့တ်ဗော့ကာသည် ယူကရိန်းပဋိပက္ခ ဆွေးနွေးရန်အတွက် ယူကရိန်းနှင့် ဥရောပသို့ သွားရောက်မည်ဖြစ်ကြောင်း ၀ါရှင်တန်က ကြေညာခဲ့သည်။
ပြီးခဲ့သော ရက်ပိုင်းများအတွင်း ယူကရိန်း အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများ တစ်ဖန် ဖြစ်ပွားစဉ် ယင်းကဲ့သို့ သံတမန်ရေးရာ ကြိုးပမ်းမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းတွင် ဖုန်းဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုသည် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် တက်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာမည်ဖြစ်သည်။ ရှေ့တန်းတစ်ခုလုံးတွင် စစ်မှန်သော အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းပြဋ္ဌာန်းနိုင်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ကရင်မလင်ကလည်း ယင်းဆွေးနွေးပွဲ စီစဉ်ထားမှုကို အတည်ပြုခဲ့သည်။
နေတိုးဆိုင်ရာ အမေရိကန်သံတမန်ဟောင်း တစ်ဦးဖြစ်သော ဗော့ကာသည် ယူကရိန်း ပဋိပက္ခ ဆွေးနွေးနိုင်ရန် ဇူလိုင် ၂၁ ရက်တွင် ယူကရိန်းသို့ သွားရောက်ဆွေးနွေးခဲ့ပြီး လာမည့်ရက်များအတွင်း ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနှင့် ဗြိတိန်တို့သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက နိုင်ငံသစ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် နိုင်ငံအရှေ့ပိုင်း၌ အင်အားသုံး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကြေညာမှုသည် ကာလရှည်ကြာ တန့်နေခဲ့သော ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်ကို ပို၍ မတည်မငြိမ် ဖြစ်စေမည်ဟု ကိဗ်က သတိပေးခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းရှိ ဒိုးနက်ဒေသမှ သူပုန်ခေါင်းဆောင် အလက်ဇန္ဒား ဇာခါချင်ကိုက ယူကရိန်းနေရာတွင် အစားထိုးရန်အတွက် နိုင်ငံသစ်ထူထောင်ရန် စီစဉ်နေကြောင်း ဇူလိုင် ၁၈ ရက်တွင် ကြေညာခဲ့သည်။
ခေတ်သစ်ယူကရိန်းနိုင်ငံ၏ နေရာ အများအပြားအား လွှမ်းခြုံသော ဒေသတစ်ခု၏ ဇာဘုရင်ခေတ် အသုံးအနှုန်းဖြစ်သည့် Malorossiya (Little Russia) ဟု ခေါ်သော နိုင်ငံသစ် ထူထောင်သွားမည်ဖြစ်ပြီး ဒိုးနက်တွင် မြို့တော်တည်သွားမည်ဖြစ်ကြောင်း သူပုန်ခေါင်းဆောင်က အဆိုပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် အခြားသူပုန်ခေါင်းဆောင်များက ယင်းအစီအစဉ်အား ပယ်ချခဲ့ပြီး ကရင်မလင်ရှိ သူပုန်ထောက်ခံသူများကလည်း ယင်းသည် ကိုယ်ကျိုးအတွက် ရည်ရွယ်သော လက်ဦးမှုအဖြစ် သတ်မှတ်ခဲ့သဖြင့် ယင်းနိုင်ငံသစ် ထူထောင်ရန် အစီအစဉ်သည် ရှေ့ဆက်တိုးနိုင်ရန် အခြေအနေ မရှိကြောင်း သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment