Latest News

Saturday, July 22, 2017

အမေရိကန်ကို ဘယ်တော့မှ မသွားဘူးလို့ သမ္မတဒူတာတီ ပြော

အမေရိကန်ကို ဘယ်တော့မှ မသွားဘူးလို့ သမ္မတဒူတာတီ ပြော

အိမ်ဖြူတော်ကို ဖိလစ်ပိုင်သမ္မတလာမှာကို ကန့်ကွက်ခဲ့တဲ့ အမေရိကန်လွှတ်တော်အမတ်တွေကို သမ္မတဒူတာတီက သောကြာနေ့က ပြန်ထိုးနှက်ခဲ့ပြီး သူ့အနေနဲ့ ဆိုးဝါးတဲ့တိုင်းပြည်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ကို ဘယ်တော့မှ သွားရောက်လည်ပတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါဟာ မက်ဆာချူးဆက်လွှတ်တော်အမတ်ဂျိမ်းစ်မက်ဂါးဗင်းက တွန်လန်တို့စ်လူ့အခွင့်အရေးကော်မရှင်ရဲ့ကြားနာမှု တစ်ခုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပြဿနာရှာတတ်တဲ့ဖိလစ်ပိုင်ခေါင်းဆောင်ကို အလည်အပတ်လာဖို့ ဖိတ်ကြားမှုကိုဆက်ပြီးဆောင်ရွက်သွားမယ်ဆိုရင် သူကန့်ကွက်သွားမယ်ဆိုပြီး ပြောကြားခဲ့တာကို ဒူတာတီက တုံ့ပြန်လိုက်တာပါ။

အမေရိကန်အထက်လွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ သည်ကော်မရှင်ဟာ ဒူတာတီရဲ့ ကြောက်မက်ဖွယ်ရာ မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး ကြားနာမှုတစ်ခုကို ၀ါရှင်တန်မှာ ကြာသပတေးနေ့ကစတင်ခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက သည်သေဆုံးသွားသူတွေထဲကအတော်များများဟာ ရဲတွေရဲ့သုတ်သင်မှုခံခဲ့ရလို့ဖြစ်တယ် ဆိုပေမယ့် အာဏာပိုင်တွေကတော့ သည်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ‘ ကျွန်တော်သမ္မတဖြစ်နေချိန်မှာရော နောက်ပိုင်းမှာရော အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ဖို့ ဘယ်တော့မှရှိမလာစေရဘူး။ ဒီတော့ ကျွန်တော်အမေရိကသွားမယ်လို့ ဘာလို့များထင်နေကြတာလဲ။

အမေရိကရဲ့ ဆိုးဝါးမှုတွေကို ကျွန်တော်မြင်ခဲ့ပြီးပြီ။ အမေရိကန်လွှတ်တော်အနေနဲ့လည်း အရှေ့အလယ်ပိုင်းကစစ်ပွဲတွေမှာ အရပ်သားတွေအများအပြားအသတ်ခံလိုက်ရတဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျူးကျော်မှုတွေကို အရင်ဆုံးစုံစမ်းစစ်ဆေးတာ ပိုကောင်းလိမ့်မယ်’ လို့ အမေရိကန်ပြည်ထောင်စုအပေါ် သူ့ရဲ့မကျေနပ်မှုကို လျှို့ဝှက်မထားတဲ့ ဒူတာတီကပြောပါ တယ်။

ထရမ့်ဟာ ဧပြီလတုန်းက ဒူတာတီနဲ့ဖုန်းစကားပြောဆိုမှုအတွင်း ဒူတာတီကို အိမ်ဖြူတော်လာလည်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ၀ါရှင်တန်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေခံနေရပါတယ်။ သမ္မတထရမ့်ဟာ ဖိလစ်ပိုင်သမ္မတကို ကြီးကျယ်ခမ်းနားတဲ့အလုပ်တစ်ခု လုပ်နေသူလို့ ချီးကျူးခဲ့ဖူးတယ်လို့ ဒူတာတီပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ဒါဟာ ဒူတာတီရဲ့ မူးယစ်စစ်ပွဲကိုင်တွယ်ပုံကို ရည်ညွှန်းခဲ့ပုံ ရပါတယ်။

ချိုလေးငယ်

Kumudra

No comments:

Post a Comment