Latest News

Saturday, July 8, 2017

ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်သူ တရားခံပြေး အောင်ဝင်းခိုင် မြန်မာနိုင်ငံ အတွင်း ရှိနေကြောင်း သေချာသည် ဟုဆို

ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်သူ တရားခံပြေး အောင်ဝင်းခိုင် မြန်မာနိုင်ငံ အတွင်း ရှိနေကြောင်း သေချာသည် ဟုဆို

ရန်ကုန်၊ ဇူလိုင်လ ၇ ။         ။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုတွင် ပူးပေါင်း ပါဝင်ခဲ့သည် ဟုဆိုကာ ရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် သတ်မှတ် ထားသော ဒုဗိုလ်မှူးကြီး ဟောင်း ဖြစ်သူ တရားခံပြေး အောင်ဝင်းခိုင်မှာ မြန်မာနိုင်ငံ အတွင်း လက်ရှိ ရှိနေကြောင်း သေချာသည်ဟု ရှေ့နေ ဦးကိုနီ မိသားစု ဘက်မှ လိုက်ပါ ဆောင်ရွက် ပေးနေသည့် တရား လွှတ်တော် ရှေ့နေ ဦးနေလက ပြောဆိုလိုက်သည်။

တရားခံပြေး အောင်ဝင်းခိုင်မှာ ပြည်ပ ထွက်ပေါက်များမှ ထွက်ခွာခြင်း မရှိသည့် အချက်အပြင် အာဆီယံနိုင်ငံ များတွင် ရှိမနေဟု အာဆီယံနိုင်ငံ များ၏ ထက်ဝက်ခန့်က အကြောင်း ပြန်ကြားလာကြောင်း   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း ပြောဆိုချက်များ၊  သတင်း ကြေညာ ထုတ်ပြန်ချက်များ အရ အောင်ဝင်းခိုင် မှာ မြန်မာနိုင်ငံ အတွင်း လက်ရှိ ရှိနေသည်မှာ သေချာကြောင်း ဦးနေလက ပြောသည်။

ရှေ့နေဦးကိုနီ အမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၇ ရက်နေ့၊ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတွင် သေနတ်သမား ကြည်လင်း အပါ လေးဦးကို ရုံးထုတ်ခဲ့ပြီး လူသတ်မှုဖြင့် လိုပြသက်သေ နှစ်ဦး စစ်ဆေး အပြီးတွင် တရားလွှတ်တော် ရှေ့နေဦးနေလက သတင်း မီဒီယာများကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရဲချုပ် ဦးဇော်ဝင်းရဲ့ သတင်းစာ ရှင်းလင်းချက်မှာ နောက်ဆုံး ပြောသွားတဲ့ အချက်တစ်ခု ရှိတယ်။ အောင်ဝင်းခိုင် ဖမ်းဆီး ရမိမယ် ဆိုရင် ဒီအမှုက ရုပ်လုံး ပေါ်လာမယ်လို့ ပြောထားတာရှိတယ်။ ဒါကြောင့် မို့လို့ အောင်ဝင်းခိုင် ရရှိရေး အတွက်ကို အန်ကယ် အနေနဲ့ ပြောရမယ် ဆိုရင်တော့ မြန်မာပြည်ထဲမှာ ရှိနေတဲ့ တရားခံကို ဘာဖြစ်လို့ မမိရတာလဲ ဆိုတဲ့ မေးခွန်းတစ်ခု အန်ကယ်တို့ မေးရမယ့် အခြေအနေမျိုးမှာ ရှိနေတယ်။ သူက ဒီကိစ္စမှာ ဘာကြောင့် လုပ်ကြံရတာလဲ ဆိုတဲ့ ကိစ္စ၊ ပြောနေကြတဲ့ လူငယ်သဘာဝ လုပ်ကြံတယ် ဆိုတဲ့ အချက်က ဒီထင်မြင် ချက်မျိုးကို အန်ကယ်တို့ လက်မခံဘူး။ မခံချင်စိတ်နဲ့ ဆိုတာကို လက်မခံဘူး။ အကြောင်း ရှိရမယ်။ ဒီအကြောင်း ကို ဖော်ထုတ်နိုင်ဖို့ အတွက်ကို အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးက အရေး ပါတယ်လို့ ပြောချင်တယ်” ဟု ဦးနေလက ပြောသည်။

အဆိုပါ တရားခံပြေး အောင်ဝင်းခိုင်မှာ နေပြည်တော်ရှိ ဇေယျာဖြိုး ကုမ္ပဏီ ရုံးခန်းတွင် ဖေဖော်ဝါရီ ၁ဝ ရက်နေ့ အထိ ရှိနေခဲ့ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇွန်လ ၉ ရက်က နေပြည်တော် ရဲတပ်ဖွဲ့မှ လိုပြသက်သေ လေးဦး လာရောက် ထွက်ဆိုချက် အရ သိရသည်။

အောင်ဝင်းခိုင်မှာ ရှေ့နေ ဦးကိုနီအား လုပ်ကြံမှု မတိုင်ခင် နာရီပိုင်း အလိုက ရန်ကုန် အပြည်ပြည် ဆိုင် ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး လေယာဉ် ဆိုက်ရောက်မည့် အချိန်ကို စုံစမ်း မေးမြန်းခဲ့ သေးကြောင်း စီစီတီ ဗီ(CCTV) မှတ်တမ်းနှင့် အတူ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားမှု များလည်း ရှိသည်။

ဧပြီ ၇ ရက်နေ့တွင် တရားခံပြေး အောင်ဝင်းခိုင် အား နိုင်ငံတကာ ရဲတပ်ဖွဲ့ INTERPOL ကလည်း အရေးပေါ် ကြေငြာချက် (အနီရောင် သတိပေးချက်) ထုတ်ပြန် ခဲ့သည်။

အဆိုပါ အမှုတွင် တိမ်းရှောင်နေသော အောင်ဝင်းခိုင်မှာ သေနတ်သမား ကြည်လင်းအား ငွေပေး လုပ်ကြံရန် စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူ ဖြစ်ပြီး ၎င်းမှာ ၂ဝ၁၅ ခုနှစ်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သူ ဖြစ်သည်။

အဆိုပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီနှင့် အငှား ယာဉ်မောင်း ကိုနေဝင်း တို့ အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံး၌ ဇူလိုင်လ ၇ ရက်နေ့တွင်  လူသတ်မှုအတွက် တရားလိုပြ သက်သေများ ဖြစ်သည့် မြန်မာနိုင်ငံ လေကြောင်း ရဲတပ်ဖွဲ့မှ ရဲအုပ် အေးမင်းသူနှင့် လေဆိပ် လှည့်ကင်း တာဝန်ခံ ရဲအုပ် အောင်ကျော်ထွန်း တို့အား စစ်ဆေးခဲ့ပြီး လာမည့် ဇူလိုင်လ ၁၄ ရက်အား ထပ်မံ ရုံးချိန်း ချိန်းဆိုလိုက်သည်။

မဇ္ဈိမ

No comments:

Post a Comment