Latest News

Tuesday, July 18, 2017

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

‘ပျောက်သောသူ ရှာလျှင် တွေ့ ... သေသောသူ ကြာလျှင်မေ့’

ဤကား ဗမာလူမျိုးတို့ ပြော နေကျ ဆိုရိုးစကားပင်ဖြစ်သည်။

ယေဘုယျအားဖြင့် မှန်ကန် သော ဆိုရိုးစကားလည်းဖြစ်ပါ၏။

အထူးသဖြင့် အချိန်ကာလ ကြာမြင့်လာသော် သေသောသူ အား တဖြည်းဖြည်း မေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့ သော အခြေအနေဖြစ်လာတတ် သည်။

ဤသို့လျှင် ယေဘုယျအား ဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သက်၍ ခြွင်းချက်တော့ရှိနေ ပါသည်။


ယင်းခြွင်းချက်ကား လွန်ခဲ့ သော ၄၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေ့နေ့က ဖြစ်ပွားခဲ့သော ဗမာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန် ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့် အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အ ပေါင်းပါ အာဇာနည်ခေါင်းဆောင် ကြီးများ အတုံးအရုံးနှင့် ရေတိမ် နစ် ကျဆုံးခဲ့ခြင်းသည် အချိန်ကာ လ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ခြွင်း ချက်ဖြစ်သည်ဟု ဆိုချင်ပါ သတည်း။

အထူးသဖြင့် ၁၉-၇-၄၇ နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ် ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့သူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကြည်းကြေကွဲခြင်း၊  ယူကျုံးမရဖြစ်ခြင်း၊ ဖြေမဆည် နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လနီးကပ်လာတိုင်း အလူး အလဲ ခံစားရတတ်ပါသည်။

ဘာကြောင့် ဤသို့ဆိုရ ကြောင်းကိုလည်း ဆက်လက် ဖော်ပြလတ္တံ့သော အကြောင်းပြ ချက်များက အဖြေပေးနိုင်လိမ့် မည်ထင်ပါသည်။

***

၁၉၄၇ ခုနှစ် ဇူလိုင်လဆန်း တွင် ‘ဘီအိုအေ’ခေါ် ဗြိတိသျှစစ် တပ် ပင်မလက်နက်ခဲယမ်း သို လှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက် အမြားကို ပစ္စည်းထုတ် ပုံစံတုများ ဖြင့် မသမာသူတစ်စုက ထုတ်ယူ သွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်း တပ်ဖွဲ့’က သတင်းရသဖြင့် ပြည် ထဲရေးဝန်ကြီးမှတစ်ဆင့် အစိုးရ အဖွဲ့ထံ သတင်းပို့ အစီရင်ခံခဲ့ပါ သည်။

ထိုအချိန်က ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံ ခြားခရီးထွက်နေ၍ လယ်ယာစိုက် ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။

ဖော်ပြပါ လက်နက်ခဲယမ်း များ လိမ်လည်ထုတ်သွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လို အပ်သလိုဆောင်ရွက်ရန် ခေတ္တ ပြည်ထဲရေးဝန်ကြီးအား တာဝန် ပေးလိုက်ပါသည်။

ဝန်ကြီးဦးမြလည်း ပြည်ထဲ ရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ် ကဲသော (နောက်ပိုင်း ပြည် ထောင်စုစစ်ရဲတပ် UMP ဖြစ်လာ သည်) သောင်းကျန်းမှုနှိမ်နင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအဝင်)နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအပြင်ဘက်တွင် လုံခြုံရေး တာဝန်များ ချထားလိုက်သည်။

 ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ဝန် ကြီးဦးမြသည် လက်နက်ကိုင် တပ်စိတ် လုံခြုံရေးအစောင့်ချ ထားခြင်းကို ဗိုလ်ချုပ်အား လုံးဝ အသိမပေးခဲ့ချေ။ ထို့အပြင် ကျွန် တော့်ကိုလည်း နှစ်ယောက်ချင်း တွေ့၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံ ရေးတပ်စိတ် ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာ ရပ်ခံခဲ့ပါသည်။ ကျွန်တော်က လည်း အလိုက်သိစွာနှင့်ပင် ဦးမြ အား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောဘဲနေလိုက်ပါသည်။

သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တို့ ရုံးတက်လာပြီး ဗိုလ်အောင်ကျော် လမ်းဘက် တံခါးပေါက်မှ ရုံးခန်း သို့အဝင်တွင် မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့သည့်ထောင့်နား၌ မောင်း ပြန်သေနတ်ကိုင် ရဲဘော်သုံးလေး ဦးကို ဗိုလ်ချုပ်က လှမ်းမြင်သွားပါသည်။

 ချက်ချင်း ဘာမှမပြောဘဲ ဗိုလ်ချုပ်သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

‘‘ဟေ့ကောင် ငါ့ရုံးခန်းရှေ့ က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ’’

  ‘‘ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့  လုံခြုံရေး အစောင့် ချထားတာပါ’’

ကျွန်တော်က ရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန် မတူပါ။

‘‘မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာ မဟုတ်ပါဘူး။ ငါကလည်း မစိုး ရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက် နက်ကိုင်ရဲဘော်တွေ ချထားတာ ကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်း ကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေး ဝန်ကြီး ဦးမြဆီသွားပြီး ငါကညွှန် ကြားတယ်လို့ပြော၊ ငါ့ရုံးခန်းရှေ့ က လက်နက်ကိုင်ရဲဘော်တွေကို ချက်ချင်း ပြန်ရုပ်ခိုင်းလိုက်။ ကဲ ... မင်း အခုပဲ သွားပြောပေတော့’’

ဗိုလ်ချုပ်က တိကျပြတ်သား စွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန် သွားရောက်၍ ဝန်ကြီးပျော်ဘွယ် ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေး လိုက်ပုံကို ပြောပြလိုက်ပါသည်။

 ဝန်ကြီးဦးမြသည် အလွန် စိတ်မကောင်း  ဖြစ်သွားပုံရပါ သည်။

‘‘ခက်တော့တာပဲကွာ။ ငါက လုံခြုံရေးအတွက် လိုအပ်တယ် ထင်လို့ လက်နက်ကိုင်တပ်စိတ် ချပေးတာကို ဗိုလ်ချုပ်က မြင် သွားတာ ဆိုးတာပဲ။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ သူအမိန့် ကိုလည်း တို့က မနာခံလို့မဖြစ် ဘူး။ ငါတော့ စိတ်မကောင်းပါ ဘူးကွာ’’

ဤသို့ ညည်းညူရင်းနှင့်ပင် ဝန်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံး ခန်းအရှေ့မှ လက်နက်ကိုင် လုံခြုံ ရေးတပ်စိတ်ကို ချက်ချင်း ရုပ် သိမ်းရန် အမိန့်ပေးလိုက်ရပါတော့ သည်။

***

ထိုနေ့ညနေဘက် ရုံးမှအိမ် သို့အပြန်တွင် ဗိုလ်ချုပ်သည် စကားများများ မပြောဘဲ တစ်စုံ တစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ် နေရင်းမှ ရုတ်တရက် ကောက် ကာငင်ကာ ကျွန်တော့်အားမေး ခွန်းထုတ်ပါသည်။

‘‘ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိ သလား’’

‘‘မရှိပါဘူး ဗိုလ်ချုပ်။ သူတို့ က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ ဝင်မဟုတ်တဲ့အတွက် လက်နက် မရှိကြပါဘူး’’

ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ် ပေါ်ခံစားမိပုံကို ပြောပါသည်။

‘‘ငါကိုယ်တိုင်ကတော့ သေ ရမှာလည်း မကြောက်ဘူး။ ဘယ် သူကမှလည်း ငါ့ကို လုပ်ကြံမယ် မထင်ဘူး။ ဒါပေမဲ့ကွာ အိမ်မှာရှိ တဲ့ ကလေးတွေအတွက်တော့ ငါ စိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလို မည်မည်ပေါ့ကွာ။ သက် ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင် သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက်နက် နည်း နည်းပါးပါးထုတ်ယူပြီး အိမ်က ရဲဘော်တွေကို ပေးထားလိုက်။ ဒါပဲ’’

ဤသို့အမိန့်ပေးသဖြင့် ကျွန် တော်လည်း အိမ်ပြန်ရောက်သော အခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တော်မီဂန်း တစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူး  နှစ်လက်တို့ကို ကျည်ဆန်များနှင့်တကွ ထုတ်ယူ ကာ တာဝါလိန်းလမ်း ဗိုလ်ချုပ် အိမ်တွင်နေသော ရဲဘော်များ အား ပေးထားလိုက်ပါသည်။

***

နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ဖြစ်ပါ သည်။

 ဗိုလ်ချုပ်အောင်ဆန်းဦး ဆောင်သော အစိုးရအဖွဲ့ ဝန်ကြီး များ (ကက်ဘိနက်)အစည်းအဝေး ပွဲကျင်းပနေခိုက် မသမာသူလူ သတ်သမားအဖွဲ့က ဝင်ရောက် လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။ အမှန်တော့ ယင်းဝန်ကြီးအစည်း အဝေးသည် ဇူလိုင် ၁၉ ရက် စနေ နေ့တွင် ကျင်းပရန်မဟုတ်ဘဲ ‘ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့’တွင် လုပ်ရမည်ဖြစ်သည်။

ဤနေရာတွင် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ အစည်းအဝေး အကြောင်း အနည်းငယ် ရှင်းရန် လိုပေမည်။

၁၉၄၆ ခု စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင် ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ဝန်ကြီး အဖွဲ့ အစည်းအဝေးကို အပတ် စဉ် စနေနေ့ နံနက် ၁၀ နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန် က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ဝန် ကြီးတစ်ဦးဖြစ်နေရာ သူသည် လည်း အပတ်စဉ် စနေနေ့တိုင်း ကျင်းပသော ဝန်ကြီးအဖွဲ့အစည်း အဝေးသို့ တက်ရသည်။ သို့ရာ တွင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗြိတိသျှအစိုးရတို့ သဘောတူ ချုပ်ဆိုသော ‘အောင်ဆန်း- အက်တလီစာချုပ်’ကို ဂဠုန်ဦးစော နှင့်သခင်ဗစိန်တို့က သဘောမတူ ဘဲ ကန့်ကွက်ကြသဖြင့် ဗမာပြည် ပြန်ရောက်လာသောအခါ ဦးစော နှင့် သခင်ဗစိန်တို့သည် အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နုတ် ထွက်သွားကြရသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင် သော အစိုးရအဖွဲ့အစည်းအဝေး များသို့ မတက်ကြတော့ချေ။

ဗြိတိန်နိုင်ငံမှ ပြန်လာပြီး နောက် ဗိုလ်ချုပ်အောင်ဆန်း အပတ်စဉ် ဝန်ကြီးအဖွဲ့ (ကက်ဘိ နက်) အစည်းအဝေးကို စနေနေ့ မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပ ရန် ပြောင်းရွှေ့သတ်မှတ်လိုက် သည်။ ယင်းအကြောင်းကို ဂဠုန် ဦးစောက မသိ။ ဝန်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ ၁၀ နာရီ ကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ၏ တတိယမြောက်အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ် ရုံမက အစည်းအဝေးဖိတ်စာများ ကို ဝန်ကြီးအသီးသီးထံ ဖြန့်ဝေ ထားပြီးဖြစ်သည်။

သို့သော် ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်၏ ဆပ်ကော်မတီတစ် ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော် မတီအစည်းအဝေး ကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေ သည်။ အစည်းအဝေးနှစ်ခု တိုက် နေကြောင်းကို ကျွန်တော်က ဗိုလ် ချုပ်ထံ သတင်းပို့တင်ပြသော အခါ ဗိုလ်ချုပ်က

 ‘‘လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီး တယ်။ လူကြီးတွေလည်းပါနေ တယ်။ ဒါကြောင့် အဲဒီအစည်း အဝေးကို ဒီအတိုင်းပဲထား။ ကက် ဘိနက်အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်။ ဝန် ကြီးတွေဆီလည်း ဖိတ်စာသစ် ရိုက်ပြီးပေးလိုက်’’

ဟု အမိန့်ပေးလိုက်ရာ ‘မမေ့ နိုင်သော ဇူလိုင် ၁၉ ရက်နေ့’တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပ ဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှု ကြီးလည်း ဖြစ်ပွားခဲ့ရပါတော့ သည်။

***

ဤသည်တို့ကား ၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းက အမှန် တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များ ဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံး သပ်ကြည့်သောအခါ အလွန်ဝမ်း နည်း ယူကျုံးမရဖြစ်စရာကောင်း လောက်အောင် ကံကြမ္မာ၏လှည့် စားမှု (သို့မဟုတ်) အလှည့် အပြောင်းများကို တွေ့ရပါသည်။

 ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင် ဆန်းက သူ၏ရုံးခန်းရှေ့မှ လက် နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့ အား လုပ်ကြံရန် လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ် ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင်။

တိုက်ပွဲဖြစ်လျှင် လုံခြုံရေး တပ်စိတ်က လူအင်အား၊ လက် နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ် ယောက်မကျန် သုတ်သင်ချေမှုန်း ပစ်နိုင်မည်မှာ သေချာသည်။

***

အကယ်၍သာ တိုင်းပြုပြည် ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်တွင် အစည်း အဝေးအကျင်းပရန် ချိန်းမထားခဲ့ လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ် စဉ်ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပသော ဝန်ကြီးအဖွဲ့ အစည်းအဝေး အ ကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏လူသတ်သမားအဖွဲ့အား ဇူလိုင် ၁၉ ရက် စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ဝန်ကြီးအဖွဲ့ အစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီး ဖြစ်ပွားမည်မဟုတ် ချေ။

 အကယ်၍သာ လူသတ် သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်များရုံးတွင် မလုပ်ကြံ ဘဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်း တာဝါလိန်း ယခု ဗိုလ်ချုပ်ပြတိုက် တည်ရှိရာ)တွင် လာရောက်လုပ် ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိ ရာ အိမ်အပေါ်ထပ်သို့ပင် တက် နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏အမိန့် ဖြင့် ကျွန်တော်ကိုယ်တိုင် လက် နက် တပ်ဆင်ပေးထားသော အိမ် ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ် လျှင် အိမ်မှ ပြည်သူ့ရဲဘော်များ သည် ဘီဒီအေတပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေးတပ်သား ရဲဘော်များဖြစ်၍ လက်နက်ကိုင် တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအတွေ့အကြုံလည်းရှိ သောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက် ခတ်ပစ်နိုင်မည်ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့ သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ် ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှု ကြီး ဖြစ်မြောက်ခဲ့ရသည်။

  ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသော မေတ္တာအဟုန် ကြောင့် လူမမည် ရင်သွေးငယ် များအတွက် စိုးရိမ်မကင်းဖြစ်ကာ ‘‘လိုလိုမည်မည်ပေါ့ကွာ’’ဆိုပြီး ကျွန်တော့်အား အိမ်မှ ရဲဘော်များ အား လက်နက်တပ်ဆင်ခိုင်းခဲ့ သည်။ သူ့ကိုယ်သူအတွက်တော့ လုံးဝမစိုးရိမ်ဘဲ ‘‘ငါက သေရမှာ လည်း မကြောက်ဘူး။ ဘယ်သူမှ လည်း ငါ့ကို လုပ်ကြံမှာမဟုတ်ပါ ဘူး’’ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသောရင် သွေးငယ်များ ဘာမျှမဖြစ်ဘဲ သူ ကိုယ်တိုင်သာ ၁၉-၇-၁၉၄၇ နေ့ က မရှုမလှ‘ရေတိမ်နစ်’ကျဆုံးခဲ့ရ ရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့် တကွ ကျွန်တော်တို့ နိုင်ငံသား အားလုံးကို ဒဏ်ခတ်လိုက်သလို ပြက်ရယ်ပြု လှည့်စားလိုက်ခြင်း ပေလား။

ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုး ကို ယုံကြည်ရမည်ဟု ညွှန်ပြထား ပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက် စနေနေ့က ဖြစ်ရပ်အကြောင်း ပြန်ပြောသတိရမိတိုင်း...

‘သတ္တဝါမှန်သမျှ ကံစီမံဖန် တီးရာသာ လိုက်နာ နာခံနေကြရ သည် မဟုတ်ပါကလား’

ဟူသော အင်္ဂုတ္တရနိကာယ် အဘိဏှသုတ်တော်လာ တရား တော်သဘောအတိုင်း ဆင်ခြင် နှလုံးသွင်း၍ သံဝေဂဉာဏ်ပွား များကြရန်သာ ရှိပါတော့သတည်း။
7Day News

No comments:

Post a Comment

Blog Archive