Latest News

Saturday, July 22, 2017

ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု ၃ မှု ကော်မရှင် ပယ်ချ

ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု ၃ မှု ကော်မရှင် ပယ်ချ

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တို့ကနေ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက ကန့်ကွက်တဲ့အမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စစ်ဆေးမှု မလုပ်တော့ဘဲ ပယ်ချလိုက်ပါတယ်။

ကန့်ကွက်ချက်တွေကို လေ့လာရာမှာ တရားစွဲဖို့အကြောင်း မရှိတာကြောင့် လျှောက်ထားချက်တွေကို ပယ်ချလိုက်တာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ ကပြောပါတယ်။

"အစိုးရရဲ့ တစ်နှစ်တာလုပ်ဆောင်ချက်တွေကိုပဲ ပြောသွားတာပါ၊ ပါတယ်ဆိုပြီး တဘက်ကလည်း ချေပတာပေါ့၊ အဲလိုပြောကျကြေးဆိုရင် ၁၉ နေရာလုံးမှာ NLD ကနိုင်မှာပေါ့၊ တကယ်တော့ NLD ကမနိုင်ပါဘူး၊ NLD က တချို့တဝက်ပဲနိုင်တာဖြစ်ပါတယ်၊ ဒီလိုပဲပြန်ချေပတော့ အဲဒီချေပလွှာမှာ မူတည်ပြီး ကျနော်တို့ သက်ဆိုင်ရာ ခုံရုံးက ရုံးငြင်းချက် ၄ ချက်ထုတ်လိုက်တာပေါ့နော်၊ ငြင်းချက်ထုတ်လိုက်တဲ့အခါကျတော့ အဲဒီအမှုက တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်ခြင်းမရှိဘူးဆိုပြီး လျှောက်ထားမှုအဆိုလွှာကို ပယ်မယ်ဆိုပြီး၊ ပယ်ပါတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါခင်ဗျ"

ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃ ဦးဟာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ထံ သက်ဆိုင်ရာမြို့နယ် မဲဆန္ဒနယ်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်လွှာတင်ထားမှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ ကျိုင်းတုံမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရှာမွေလရှဲန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ထားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လာမယ့်သြဂုတ်လဆန်းပိုင်းမှာ တောင်ကြီးမြို့မှာ သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ ပြောပါတယ်။

နှစ်ဘက်သက်သေတွေ သွားလာရေးအဆင်ပြေဖို့နဲ့ အမှုအမြန်ဆုံးပြီးပြတ်ဖို့အတွက် တောင်ကြီးမှာ သွားရောက်စစ်ဆေးဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဦးစိုင်းကျော်သူက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်အောင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ထားမှုနဲ့ ပတ်သက်ပြီးလည်း လာမယ့်သြဂုတ်လ ၄ ရက်နေ့မှာ ကန့်ကွက်လွှာတင်သွင်းတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်ကို စတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ မှာ NLD ပါတီက ၉ နေရာ၊ SNLD က ၆ နေရာ၊ USDP က ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က တစ်နေရာစီ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 Photo: Thant Zin Oo/RFA

No comments:

Post a Comment