Latest News

Saturday, July 8, 2017

ဂျပန်နှင့် မြန်မာ ပူးပေါင်းပြီး လယ်သမားများအား ကျပ် သန်းပေါင်း နှစ်သိန်း နီးပါး ထုတ်ချေးမည်

ဂျပန်နှင့် မြန်မာ ပူးပေါင်းပြီး လယ်သမားများအား ကျပ် သန်းပေါင်း
နှစ်သိန်း နီးပါး ထုတ်ချေးမည်


ဂျပန်နှင့် မြန်မာနိုင်ငံ ပူးပေါင်းပြီး တောင်သူ လယ်သမား များအား ငွေကျပ် သန်းပေါင်း နှစ်သိန်းနီးပါး ထုတ်ချေးမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ ဇူလိုင် ၆ ရက် သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ချေးငွေ စီမံကိန်း အတွက် ဂျပန်နိုင်ငံမှ ပေးအပ်မည့် ချေးငွေမှာ ယန်း ၁၅,၁၃၅ သန်း ဖြစ်ပြီး မြန်မာ အစိုးရမှ ထည့်ဝင်ငွေမှာ ယန်း ၉၃၈ သန်း ဖြစ်၍ စုစုပေါင်း ယန်း ၁၆,ဝ၇၃ သန်းနှင့် ညီမျှသော မြန်မာငွေ ကျပ် ၁၉၄,၄၈၂ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ချေးငွေသည် လယ်ယာ ကဏ္ဍတွင် အဓိက ပါဝင် ဆောင်ရွက်နေသည့် တောင်သူ လယ်သမားများ အတွက် မဖြစ်မနေ လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာ များနှင့် လယ်ယာ အခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိစစ် ထုတ်ချေးမည် ဖြစ်ပြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် တောင်သူ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ သက်သာသော အတိုးနှုန်းဖြင့် ချေးယူနိုင်မည် ဖြစ်သော ဂျပန်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မည့် နှစ်ဆင့် ချေးငွေ (two step loan) အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်နှင့် ငွေတိုက် ဦးစီးဌာနတို့ စီမံခန့်ခွဲမှု သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ငွေတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်း တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာတိုင်း(မ်)

No comments:

Post a Comment