Latest News

Thursday, July 20, 2017

မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ယုန်သလင်းကျေးရွာမှ ဒေသခံ ၉ ဦး ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်

မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ယုန်သလင်းကျေးရွာမှ ဒေသခံ ၉ ဦး ဟင်္သာတမြို့၌ ဆန္ဒထုတ်ဖော်

ဟင်္သာတ ဇူလိုင် ၂၀
မီးလင်းရေးကိစ္စနှင့်ပတ်သက်၍ ယုန်သလင်းကျေးရွာမှ ဒေသခံ ၉ ဦး ဟင်္သာတမြို့၌ ဇူလိုင်လ ၂၀ ရက်၊ နေ့လည်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို နေ့လည် ၁၁ နာရီအချိန်တွင် ဦးပါရဲစေတီတော်အနီးမှစတင်ခဲ့ပြီး ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ထိ စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“မီးကော်မတီနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူ တော်တော်များများရှိတယ်။ လျှပ်စစ်ဌာနက လည်း ပါဝင်ပတ်သက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ပါဝင်ပတ်သက် တယ်။ အဲဒါတွေက ဥပဒေနဲ့မညီတာတွေအများကြီးရှိတယ်”ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ဦးအောင်မင်းကပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက “ကိုယ်ထူကိုယ်ထအမည်ခံလက်ဝါးကြီးအုပ် မီးလင်းရေး ကော်မတီများ ဖျက်သိမ်းပေးရေး- ဒို့အရေး”၊ “ထိရောက်စွာ အရေးယူပေးရေး - ဒို့အရေး”၊ “ကိုယ်ထူ ကိုယ်ထမီးလင်းရေးကော်မတီများကို ဦးစားပေးကာကွယ်ထားသောဥပဒေများ မမျှတသဖြင့် ဖျက်သိမ်း ပေးရေး - ဒို့အရေး”ဟု ကြွေးကြော်ခဲ့သည်။

 “ငွေကြေးနဲ့တော့ ကျွန်တော်တို့ဘာမှ ပတ်သက်မှုမရှိပါဘူး။ ရွာက သူတို့ကုန်ကျစရိတ်နဲ့ သူတို့လုပ်တာ။ သူတို့ကော်မတီရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲရှိတာပါ။ ဌာနက လမ်းညွှန်ထားတဲ့ ခွင့်ပြုထားတဲ့ပစ္စည်းတွေ အဲဒါတွေကို ကျွန်တော်တို့ ကတွက်ချက်ပေးတယ်။ သူတို့က သူတို့ဟာ ၀ယ်ပြီးတော့ အပြင်ကုမ္ပဏီနဲ့လုပ်တဲ့ဟာမျိုးပါ။ ကျွန်တော်တို့ဖွဲ့ပေးတဲ့ အဖွဲ့အစည်းမဟုတ် တော့ ဖြုတ်လို့မရဘူးပေါ့။ သူတို့မီတာခမဆောင်ဘူးဆိုရင် ကျွန်တော်တို့က မီးဖြတ်လို့ရတာ လောက်ပဲရှိတာပါ”ဟု ဟင်္သာတမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ဇော်က ဖြေကြားသည်။

“အများပြည်သူကိုယ့်အားကိုယ်ကိုးပြီးတော့ ကျေးရွာသာယာလှပရေး တိုးတက်ရေးကို ရည်ရွယ်ပြီးတော့ မီးလင်းရေးကော်မတီနဲ့ ပြည်သူပူးပေါင်းပြီး မီးလင်းရေးဆောင်ရွက်တဲ့ကိစ္စမှာ အများတကာကုန်ကျမှုရှိနေပါလျှက်နဲ့ သူတို့ဘာဖြစ်လို့ အလကားလိုချင်တာလဲ။ အလကားရရေးကို ဘာဖြစ်လို့တောင်းဆိုနေတာလဲ။ အများကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သိနေပြီဖြစ်တဲ့အတွက် သူတို့ဒီလိုလုပ်တဲ့ကိစ္စကို ဘယ်သူကမှမလိုလားတော့ဘူး။ ဦးလေးတို့မီးကော်မတီက ဒီကိစ္စတွေကို လည်း ခေါင်းထဲ မထည့်တော့ဘူး။ ကိုယ့်လုပ်ရမယ့်အလုပ်ကိုယ်လုပ်ကြမယ်ဆိုပြီးတော့ ကိုယ့်ကျေးရွာ ရဲ့တိုးတက်ရေးကို ဦးစားပေးပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် မီးလင်းရေးကိုဆောင်ရွက်ခဲ့တာ အခုဆို ၆ မိုင်နီးပါးရှိပြီးတော့ ယုန်သလင်းကျေးရွာရဲ့မီးလင်းနိုင်တဲ့ ဒေသရဲ့ ၉၉ ရာခိုင်နှုန်းကို မီးလိုင်းတွေလည်း သွယ်ပြီးပြီ။ မီးတွေလည်း လင်းကုန်ပြီ”ဟု ယုန်သလင်းကျေးရွာ မီးလင်းရေးကော်မတီမှ ဦးမောင်ဌေးက ပြောကြားသည်။

လက်ရှိတွင် ကျေးရွာကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီ၏ဆောင်ရွက်ချက်ဖြင့် ယုန်သလင်းကျေးရွာရှိ အိမ်ခြေ ၄၀၀ ကျော်မီးလင်းနေပြီဖြစ်ပြီး အလှူငွေသုံးစွဲမှုများနှင့်ပတ်သက်၍ လည်း စာရင်းစစ်အဖွဲ့ဖြင့် အစစ်ဆေးခံကာ အလှူငွေထည့်ဝင်သူများကို ငွေစာရင်းရှင်းထားပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment