Latest News

Tuesday, July 25, 2017

အမြန်လမ်းမကြီး ၁၆၁ မိုင်အနီးတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ရာမှ ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီး ၁၆၁ မိုင်အနီးတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ရာမှ ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၆၁ မိုင်အနီးတွင် ယနေ့(ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ထွက်ခွာလာသော ဂျူပီတာ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ဘီးပေါက် တိမ်းမှောက်ရာမှ ယာဉ်ပေါ် လိုက်ပါသူ ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ သိရသည်။

“ထိခိုက်ဒဏ်ရာ ရတာက သာမာန်လေးပါပဲ၊ ဘီးပေါက်ပြီး ဖြစ်သွားတာ၊ ကျန်တာ ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာရတဲ့သူကိုတော့ တောင်ငူဆေးရုံကို ပို့လိုက်ပါတယ်” ဟု ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ်သူရစိုးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်က တောင်ငူမြို့နယ် ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သန်းလင်းအောင် ၂၇ နှစ် (ဘ) ဦးဝင်းကြည်အောင် မင်္ဂလာအဝေးပြေးဝင်း၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5N/----- ဂျူပီတာ Express အပြာရောင် မော်တော်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၁ မိုင်
၇ ဖာလုံနှင့် ၁၆၂ မိုင်အကြားသို့ အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကပ်တုံးအား တိုက်မိပြီးနောက် လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သူရစိုးပါ တပ်ဖွဲ့ဝင်များ၊ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ရာဇာလင်းပါ တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား ၅ ဦး မ ၇ ဦး စုစုပေါင်း ၁၂ ဦးအနက် ကျား ၂ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၇ ဦးတို့တွင် ထိခိုက်ဒဏ်ရာ အသီးသီးရရှိသွားခဲ့ပြီး တောင်ငူမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာများအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာမှ ဂျူပီတာ Express ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာဘက် ဘေးတံခါးမှန်များကွဲ၊ ယာဘက် နောက်ကြည့်မှန်ကျိုး ကိုယ်ထည်ယာဘက် ပိန်ချိုင့် ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား အမြန်လမ်းတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း သန်းလင်းအောင်အား ဥပဒေအရ အရေးယူပေးရန် ရဲအုပ်သန်းဇော်လင်းမှ တရားလိုလုပ် အမှုဖွင့်တိုင်ကြားခဲ့သောကြောင့် ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment