မန်းအိုးဘိုထောင်မှ (၁၀)တန်းအောင်မြင်သူများ တက္ကသိုလ်ဆက်တက်နိုင်တော့မည်
ဇူလိုင်(၂၂)၊ ၂၀၁၇၊ မန္တလေး
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင် မန္တလေး၊ အိုးဘိုထောင်အတွင်း (၁၀)တန်းဖြေဆို အောင်မြင်ခဲ့သူကျောင်းသား၊ကျောင်းသူများကို တက္ကသိုလ်ဆက်တက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။
မန္တလေးအိုးဘိုထောင်မှ စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူ (၁၁)ဦးအနက် (၇)ဦး စာမေးပွဲအောင်မြင်ခဲ့ပြီး ၄င်းတို့အား တက္ကသို်လ်ဆက်တက်နိုင်ရန် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း ၄င်းကပြောသည်။
"ဒီကလေးတွေ စာဆက်လက်သင်ကြားပေးဖို့ကို သူတို့ဘက်က အတတ်နိုင်ဆုံး ကလေးတွေအတွက်ဆောင်ရွက်ပေးမယ်။ နောက်ဆုံးအဆင့် အကျဉ်းထောင်ထဲတောင် သူတို့လာရောက်သင်ပေးမယ်ဆိုပြီး အကြမ်းဖျင်းညှိနှိုင်းချက်ရရှိပြီးဖြစ်ပါတယ်"ဟု ဦးချိုဝင်းထွန်းကပြောသည်။
အကျဉ်းထောင်လက်စွဲဥပဒေအရ စာပေပညာသင်ကြားပေးသူ၊သင်ကြားခံရသူများသည် လျှော့ရက်ရရှိမည်ဖြစ်သည့်အတွက် အကျဉ်းသားဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် အခွင့်အရေးရမည်ဖြစ်ကြောင်း ဦးချိုဝင်းထွန်းကဆိုသည်။
"သမီးက ဖြစ်နိုင်ရင် အပြင်မှာပဲကျောင်းတက်ချင်ပါတယ်။ သမီး စီးပွားရေးတက္ကသိုလ်တက်ချင်တယ်။ အဲဒါမရရင် ပညာရေးနဲ့ပတ်သက်ပြီး တက်ချင်တယ်။ ထောင်ပိုင်ကြီးကတော့ မဖြစ်၊ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောတယ်"ဟု ဂုဏ်ထူး(၃)ဘာသာဖြင့်အောင်မြင်ခဲ့သူ မရွှန်းလဲ့ဝေကျော်ကပြောသည်။
မန္တလေးအိုးဘိုထောင်တွင် ပြီးခဲ့သည့်စာသင်နှစ်ကမှ ထောင်တွင်း၌ ပညာသင်ကြား၍စာမေးပွဲဖြေဆိုခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက အင်းစိန်ထောင်သို့ပို့၍ စာမေးပွဲဖြေဆိုကြရကြောင်း သိရသည်။
(၁၀)တန်းအောင်သည့် ကျောင်းသား၊ကျောင်းသူ (၇)ဦးအား ဂုဏ်ပြု ဆုချီးမြင့်သည့်အခမ်းအနား ဇူလိုင်လ(၂၂)ရက်နေ့က အိုးဘိုထောင်အတွင်းကျင်းပခဲ့ပြီး ပြင်ပအလှုရှင်များက အလှုငွေ ကျပ် (၉၃)သိန်းကို သင်ကြားပေးသည့်ဆရာများနှင့် စာမေးပွဲအောင်ကလေးများအား ပေးအပ်ခဲ့သည်။
The Nyang News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment