Latest News

Thursday, July 27, 2017

င၀န်မြစ်ရေကြီးမှုကြောင့် ရထားလမ်းပေါ်ရေကျော်လာသဖြင့် အသုတ်-ပုသိမ်ရထားလမ်းပိုင်း ရထားပြေးဆွဲမှု ရပ်နားထားရ

င၀န်မြစ်ရေကြီးမှုကြောင့် ရထားလမ်းပေါ်ရေကျော်လာသဖြင့် အသုတ်-ပုသိမ်ရထားလမ်းပိုင်း ရထားပြေးဆွဲမှု ရပ်နားထားရ

ဟင်္သာတ ဇူလိုင် ၂၇

င၀န်မြစ်ရေကြီးမှုကြောင့် ရထားလမ်းပေါ်ရေကျော်လာသဖြင့် အသုတ်-ပုသိမ်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲမှု ရပ်နားထားရကြောင်း သိရသည်။

အဆိုပါရထားလမ်းပိုင်း၌ သံလမ်းပေါ်ရေကျော်မှုမှာ ၆ လက်မအထက်ရှိနေပြီဖြစ်သဖြင့် ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ ရထားပြေးဆွဲမှု ရပ်နားထားရခြင်းဖြစ်သည်။

“င၀န်မြစ်ရေကြီးတာကြောင့် အသုတ်-ပုသိမ် ရထားလမ်းပိုင်းမှာ ရေကျော်နေတယ်။ အဓိက ကတော့ ဂုန်မင်းနဲ့ ဒါးကကြားမှာ သံလမ်းပေါ် ၆ လက်မအထက် ရေကျော်နေတဲ့အတွက် စက်ခေါင်းမှာ ထိခိုက်မှုဖြစ်နိုင်တာကြောင့် ရထားပြေးဆွဲမှု ရပ်နားထားရခြင်းဖြစ်ပါတယ်”ဟု မြန်မာ့မီးရထား တိုင်း(၉) မှ သွားလာရေး တိုင်းမန်နေဂျာ ဦးတင်ထွန်းအောင်က ပြောကြားသည်။

အသုတ်-ပုသိမ် ရထားလမ်းပိုင်းပိတ်ထားရသဖြင့် လက်ရှိတွင် ကြံခင်း-ဟင်္သာတ-ပုသိမ် ရထား ပြေးဆွဲမှုမှာ အသုတ်အထိသာ ပြေးဆွဲနိုင်တော့ကြောင်း သိရသည်။

“စပြီးရေကျော်ကတည်းက အခုအချိန်ထိ တက်လာတာပဲရှိတယ်။ ရေက မကျသေးဘူး။ အဲဒါ ကြောင့် အသုတ်ကနေ ပုသိမ်အထိ လမ်းပိုင်းကို ရထားပြေးဆွဲမှုပိတ်လိုက်တာပါ။ ဒါးက ကလည်း အခု ရေကျော်နေပြီ။ ကျန်တဲ့ဘူတာတွေကလည်း ကားလမ်းနဲ့မနီးတော့ ခရီးသည်တွေ အစားအသောက်နဲ့ နားနေဖို့အပြင်  ကားနဲ့ရထား ကူးပြောင်းမှုကအစ အဆင်ပြေအောင် အသုတ်မှာ ခရီးစဉ်ကို အဆုံး သတ်ထားတာပါ”ဟု  မြန်မာ့မီးရထား တိုင်း(၉) မှ သွားလာရေး တိုင်းမန်နေဂျာ ဦးတင်ထွန်းအောင် က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အသုတ်-ပုသိမ်ရထားလမ်းပိုင်း၌ ပေ ၁၇၆၀ ခန့် ရေကျော်နေပြီဖြစ်ပြီး အနိမ့်ဆုံး နေရာဖြစ်သည့် ဂုန်မင်းဘူတာနှင့် ဒါးကဘူတာကြား၌ သံလမ်းအထက်ရေကျော်မှု တစ်ပေကျော်ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

 င၀န်မြစ်ရေကြီးချိန် အသုတ်-ပုသိမ် ရထားလမ်းပိုင်း၌ ရေကျော်မှုမှာ ယခုနှစ်တွင် ဇူလိုင်လ နောက်ဆုံးပတ်၌ စတင်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကထက် လ၀က်ခန့်အချိန်စော၍ ရထားပြေးဆွဲမှု ပိတ် ထားရခြင်းဖြစ်သည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment