Latest News

Monday, July 17, 2017

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၂) - ဇော်သက်ထွေး


အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၂) - ဇော်သက်ထွေး 

မှိုဘယ်နေရာမှာ ပွင့်သလဲ
စစ်ခွေးတိုက်မှာ တာဝန်အရှိဆုံးဖြစ်တဲ့ တပ်ကြီးကြပ်ဗိုလ်ကံက အကျဉ်းထောင်ဥပဒေဘောင်ကျော်လွန်ပြီး ကျော်သူ့ကို သေလုမြောပါး နှိပ်စက်လိုက်ပေမယ့် ထောင်အာဏာပိုင်တွေက မသိကျိုးကျွံပြုနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျော်သူ့ကို လုံးဝမကြည်ဖြူတော့လို့ပါပဲ။ ဒီအချက်ကလည်း ဆေးရုံကြီးစိန်ဝင်းအတွက် ကျော်သူ့ကိုသတ်ဖို့ အဓိကလှုံ့ဆော်မှုတွေထဲပါ ပါဝင်ခဲ့ပါတယ်။ ကျော်သူ့ကို ရှင်းပေးရင် ထောင်က သူ့ကို “အထာ” ထားလိမ့်မယ်လို့ ယုံကြည်ထားတယ်။
ထောင်ထဲမှာရှိတဲ့ လူမိုက်တွေအတွက်ကတော့ နာမည်နဲ့ ဂုဏ်သတင်း ကျဆင်းလာရင် အသက်အန္တရာယ်နဲ့ ပိုနီးလာတတ်ပါတယ်။ ကျော်သူက မူဆာကိုချွတ်နဲ့ထိုးပြီး ပသျှူးလက်ဝှေ့ကျော်ကို အနိုင်ရခဲ့တဲ့အတွက် အင်းစိန်ထောင်မှာ ဂုဏ်သတင်း ကောင်းခဲ့ပေမယ့် ဆေးရုံကြီးစိန်ဝင်းကတော့ ကောက်ချိတ်လိုအတန်းက ချွတ်နဲ့အထိုးခံရ၊ နိုင်ငံရေးသမားတွေနဲ့ ပြဿနာတက်ခဲ့တာကြောင့် နာမည်ပျက်ရတာတွေက သြဇာအာဏာ ကျဆင်းလာရခြင်းရဲ့ အကြောင်းအရင်းတွေပါပဲ။ ဒီအခြေအနေကို ကုစားဖို့အတွက် ဆေးရုံကြီးစိန်ဝင်းက အဖြေရှာရင်း အင်းစိန်ထောင်ထဲမှာ “မှို ဘယ်နေရာမှာပွင့်သလဲ” ဆိုတာကို သိသွားတယ်။ ပြီးတော့ သူ့ရှေ့က ထောင်သမ္ဘာဖြစ်တဲ့ နှစ်တစ်ရာကျွဲကြီးရဲ့ ဘ၀ဖြစ်အင်ကိုကြည့်ပြီး သူ့လိုဖြစ်သွားမှာ စိန်ဝင်း အရမ်းကြောက်နေတယ်။
နှစ်တစ်ရာကျွဲကြီးဟာ နာမည်နဲ့ လိုက်ဖက်အောင် ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်၊ အသားက မည်းမည်းတူးတူး၊ ကျွဲပခုံးထနေတဲ့ ခန္ဓာကိုယ်နဲ့ မြင်လိုက်ရင် ရိုးရိုးအကျဉ်းသားတွေအတွက် ချောက်ချားစရာ ကောင်းပါတယ်။ နှစ်တစ်ရာကျွဲကြီးရဲ့ ထူးခြားချက်ကတော့ နွေမိုးဆောင်း ဘယ်လောက်အေးအေး၊ ဘယ်လောက် မိုးရွာရွာ အင်္ကျီ ဘယ်တော့မှ မ၀တ်ဘူး။ ပြီးတော့ နှစ်တရာကျွဲကြီးလို့သာ နာမည်ကြီးနေတာ သူကျခဲ့တဲ့အမှုက လူသတ်မှုတွေ မဟုတ်ဘူး။ သူက ခိုးတဲ့၊ လုတဲ့ အမှုလောက်ပဲ လုပ်ခဲ့တာပါ။ နှစ်တစ်ရာကျော်ကျရတဲ့ အကြောင်းရင်းကတော့ အပြင်မှာ အမှုရောင်း၊ အမှုဝယ်လုပ်ရင်း များပြားလှတဲ့အမှုတွေကြောင့် နှစ်တစ်ရာကျော် ကျသွားခဲ့တာ ဖြစ်ပါတယ်။ သူ မကျူးလွန်တဲ့ တချို့အမှုတွေကို ကာယကံရှင်ဆီက ၀ယ်ပြီး အစားခံသလို တချို့ရဲစခန်းတွေမှာ မပေါ်တော့တဲ့ လုယက်မှု၊ ခိုးမှုတွေအတွက် ရဲနဲ့ အပေးအယူလုပ်ပြီး ၀န်ခံခဲ့တာတွေရှိပါတယ်။ ၀ယ်လိုက်တဲ့အမှုတွေ များလွန်းတာကြောင့် နှစ်ရာကျော် ကျခဲ့တာဖြစ်ပါတယ်။ နှစ်တစ်ရာကျွဲကြီးဟာ ထောင်ထဲက အပြင်ရောက်ဖို့ လွတ်လမ်းမမြင်ပေမယ့် ကံကြမ္မာက အခွင့်အရေး တစ်ကြိမ်ပေးခဲ့ပါတယ်။ ဒါကတော့ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကြီးဖြစ်ပြီး အုပ်ချုပ်ရေး ပျက်သွားတဲ့အချိန်မှာ အင်းစိန်ထောင်ကြီးလည်း ပွင့်သွားခဲ့ပါတယ်။ ဒီမိုကရေစီအရေးအခင်း ခေါင်းဆောင်တွေ၊ ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေကလည်း အင်းစိန်ထောင်ကို ဖွင့်ပေးပြီး သာမန်အကျဉ်းသားတွေကို အပြင်ရောက်အောင် ကူညီခဲ့ပါတယ်။ ဒီအချိန်မှာ နှစ်တစ်ရာကျွဲကြီးဟာ အပြင်လောကကြီးထဲကို မသွားတတ် မလာတတ်တော့လို့ ထောင်ထဲမှာပဲ ပုန်းနေခဲ့ရတဲ့ဘ၀ကို ထောင်အာဏာပိုင်တွေသိခဲ့ပါတယ်။ တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်မှာ နှစ်တစ်ရာကျွဲကြီးနဲ့ အာဇာနည်ကုန်း ဗုံးခွဲခဲ့တဲ့ မြောက်ကိုရီးယားလူမျိုး ကင်မင်ချူးကို ထောင်ထဲမှာပဲ တစ်သက်လုံးနေထိုင်ရမယ့် သူတွေအဖြစ် အကျဉ်းဦးစီးဌာနက တရားဝင်မထုတ်ပြန်ပေမယ့် သတ်မှတ်ခဲ့ပါတယ်။ လက်နဲ့ ခြေထောက်တွေ ဗုံးထိပြီး ပြတ်သွားခဲ့တဲ့အတွက် ကားတာယာကျွတ်နဲ့ လျှောက်သွားနေတဲ့ ကင်မင်ချူးကို အထူးဝင်းထဲမှာပဲ စိတ်ကြိုက်သွားလာခွင့် ပေးထားသလို နှစ်တစ်ရာကျွဲကြီးကိုလည်း ထောင်ထဲမှာ အနေအစားချောင်အောင် အခွင့်အရေးတချို့ ပေးထားခဲ့ပါတယ်။ နှစ်တစ်ရာကျွဲကြီးဟာ တခြားလူမိုက်တွေလို “ကျသစ်” တွေဆီက ချွတ်တာ၊ ခွာတာ မလုပ်ချင်တော့ ထောင်ထဲမှာ ပေါက်ဖွားနေတဲ့ ကြွက်တွေကို ဖမ်းရင်း သူ အသက်ရှင်ရပ်တည်ရေးအတွက် နေထိုင်ခဲ့ပါတယ်။ သူပြောနေကျ စကားကတော့ “ကျားဆရာကြောင်၊ ကြောင်ဆရာ ကြွက်၊ ကြွက်ဆရာ ကျွဲကြီး” ဆိုတာပါပဲ။ ထောင်ဆိုတာက အစားအသောက် အင်မတန် ရှားတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြွက်တွေကတော့ အကျဉ်းသားတွေရဲ့ စားကြွင်းစားကျန်တွေ စားရင်း ပေါက်ဖွားနေသလို၊ ဆန်ဂိုဒေါင်တွေ၊ ပဲဂိုဒေါင်တွေမှာ ပေါက်ဖွားချင်တိုင်း ပေါက်ဖွားနေပါတယ်။ ကျွဲကြီးကတော့ တစ်ထောင်လုံးကို စိတ်တိုင်းကျ လှည့်လည်သွားလာရင်း ကြွက်ပစ်တယ်။ ရလာတဲ့ ကြွက်တွေကို ဖိုကြီးမှာ ဆီပြန်ချက်ပြီး အကျဉ်းသားတွေကို လိုက်ရောင်းတယ်။ အဲဒီအချိန်က နာမည်ကြီးတဲ့ “မကျင်လှ” ဆေးလိပ်နဲ့ လဲလှယ်တယ်။ ကြွက်အများကြီးမိရင် ကျပ်ကင်ထားတယ်။ တချို့အကျဉ်းသားတွေကလည်း အသားမစားရတော့ ရှိတဲ့ပစ္စည်းတွေနဲ့ ကြွက်သားဟင်းကို လဲလှယ်ပြီး စားသောက်ကြတယ်။ ဒီလိုနဲ့ နှစ်တစ်ရာကျွဲကြီးက ထောင်ထဲမှာ ရှင်သန်နေတာဖြစ်ပါတယ်။
ပြဿနာတစ်ခုရှိတာကတော့ လူဆိုးတွေရဲ့ ထောင်ရောဂါပါပဲ။ ထောင်ရောဂါဆိုတာက ဂန္ထ၀င်လူမိုက်ကြီးဖြစ်ချင်တဲ့ လူတွေနဲ့ တက်သစ်စ လူမိုက်လေးတွေက “ကွင်း” စမ်းကြတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါမှ သူတို့ကို အကျဉ်းသားတွေကရော ထောင်ကရော သတိပြုမိမှာကိုး။ သတိပြုမိမှ အနေအစားချောင်မှာကိုး။ အဲဒီတော့ သူတို့လက်စမ်းလို့ရမယ့် ထမင်းဘုတ်ကိုင်တို့၊ တောင်ယာဘုတ်ကိုင်တို့၊ စည်းကမ်းထိန်းတို့ကို ရိုက်ပြတာ၊ ထိုးပြတာတွေလုပ်တယ်။ ခက်တာက သူတို့ပစ်မှတ်တွေထဲမှာ သဘောကောင်းတဲ့ နှစ်တစ်ရာကျွဲကြီးက အမြဲလိုလိုပါပြီး ကြားကွင်းအဖြစ် အစမ်းသပ်ခံနေရတာပါပဲ။ နှစ်တစ်ရာကျွဲကြီးနဲ့ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တာကြားရတိုင်း “ကျွဲကြီး ကွဲသွားပြန်ပြီ”၊ “ကျွဲကြီးအထိုးခံလိုက်ရပြန်ပြီ” ဆိုတာတွေပဲ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီတော့ ကျွဲကြီးက သူ့အမှုနဲ့မလိုက်၊ သူ့ရုပ်ရည်နဲ့မလိုက်ဘဲ “လောပူ” လူပေါကြီးဖြစ်နေတာပေါ့။ ကျွဲကြီးလိုဖြစ်မှာ ဆေးရုံကြီးစိန်ဝင်းက စိတ်ပူနေတယ်။ ဒါကြောင့် အခွင့်အရေးရနေတုန်း ဒီအခြေအနေကနေ ပြောင်းပြန်လုပ်ပစ်လိုက်ချင်တယ်။ ကျော်သူ့ဘ၀ကလည်း စစ်ခွေးတိုက်ကနေ ပြစ်ဒဏ်နဲ့ ဆေးရုံပို့လိုက်တဲ့အတွက် ခြေကျင်းကလည်းပါသေး၊ ဒေါက်ကလည်း ခတ်ထားလိုက်သေး။ ပြီးတော့ ဆေးရုံမှာ လျှောက်သွားမှာစိုးလို့ လုံခြုံရေးအကြောင်းပြပြီး အာဏာပိုင်တွေက ဘယ်ဘက်လက်တစ်ဖက်ကိုလည်း သံခုတင်နဲ့ လက်ထိပ်ခတ်ထားလိုက်သေးတယ်။ ဒီအခြေအနေမှာ စိန်ဝင်းက ထောင်စကားနဲ့ပြောရင် “မှိုဘယ်နေရာမှာပွင့်မယ်”ဆိုတာ သဘောပေါက်ပြီးသား။
အင်းစိန်ထောင်ဆေးရုံကြီးကို ရောက်ဖူးတဲ့လူတိုင်း သတိထားမိတာက နှစ်ရာကျော်ရှိပြီဖြစ်တဲ့ ဆေးရုံရဲ့ လှေကားလက်ရမ်းတွေ၊ သစ်သားကြမ်းခင်းတွေဟာ တဖိတ်ဖိတ်၊ တလက်လက် တောက်ပနေတာပါပဲ။ ထောင်မှာက အလကားရနေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကြောင့် ဆေးရုံမှာ အလကားခိုင်းလို့ရတဲ့ “ဘောက်ဆင်း” တွေ အများကြီးပဲ။ ဘောက်ဆင်းဆိုတာ မသင်္ကာမှု၊ မှောင်ရိပ်ခိုမှု၊ မူးယစ်ရမ်းကားမှုတွေနဲ့ ရက်ပိုင်းလပိုင်းလောက် ကျလာတဲ့သူတွေကို ခေါ်တာဖြစ်ပါတယ်။ ဆေးရုံဘောက်ဆင်းတွေဟာ အဲဒီအချိန်က ဆေးရုံသုံးတဲ့ ဂလူးကို့စ်ဖန်ပုလင်းအလွတ်တွေနဲ့ ဆေးရုံလှေကားနဲ့ လျှာထိုးကြမ်းပြင်တွေကို ဂျီးပျောက်အောင် တိုက်ရတယ်။ အပြင်မှာလို ပေါလစ်တွေ၊ ဒီဇယ်တွေမသုံးဘဲ ဂလူးကို့စ်ဖင်နဲ့ တိုက်လိုက်ရင် အဲဒီ သစ်သားတွေက ဘာကြောင့်မှန်းမသိ၊ တောက်ပြောင်သန့်ရှင်းလာတာပဲ။ ဆေးရုံမှာ ဘယ်သူမှမနိုင်တာက ကြမ်းကြားထဲက ကြမ်းပိုးပဲရှိပါတယ်။ စိန်ဝင်းက ကျော်သူ့ကို သတ်ဖို့ အကွက်ချတဲ့အချိန်ကို ထောင်ထဲမှာ အများဆုံးရွေးချယ်လေ့ရှိတဲ့ ညအချိန်မရွေးဘဲ ငြင်းပယ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဆေးရုံက လူနည်းတဲ့အတွက် တစ်ခန်းနဲ့တစ်ခန်းသွားဖို့ တစ်ယောက်နား တစ်ယောက်သွားဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမှ ထင်မှတ်မထားတဲ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်းကို ရွေးချယ်လိုက်တယ်။ နေ့လယ် ၁၂ နာရီနောက်ပိုင်းမှာ ဆရာဝန်တွေ၊ ဆေးမှူးတွေကလည်း ထမင်းစားပြီးလို့ ပြန်နားကြပြီ။ အကျဉ်းသားတွေကလည်း တရေးတမောအိပ်ကြပြီ။ ဒီလို လူခြောက်ကပ်နေတဲ့ အချိန်ကို စိန်ဝင်းက တမင်ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က ဆေးရုံကြီးစိန်ဝင်းဟာ သူ့စတိုင်အတိုင်း ချွတ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး လက်ဖ၀ါးမှာ ချည်ထားတယ်။ ချွတ်ဆိုတာကတော့ အကျဉ်းသားတွေရဲ့ ခြေကျင်းတွေ၊ ဒေါက်တွေနေရာမှာ သုံးတဲ့ သံချောင်းဖြစ်ပါတယ်။ ထောင်ထဲကလူမိုက်တွေက တစ်ယောက်ယောက်ကို စာရင်းရှင်းချင်လို့ရှိရင် ခြေကျင်းထုတ်လုပ်တဲ့ ပန်းပဲဘုတ်ကို လာဘ်ထိုး၊ ကိုယ်လိုချင်တဲ့ အရှည်ပမာဏကိုပြောပြီး သံချောင်းကို ခိုးဝှက်ယူလာကြပါတယ်။ ပြီးတော့ တစ်နေရာရာမှာ သံချောင်းထိပ်ကို ကျောက်တုံးပေါ်မှာ ချွန်အောင်သွေးပြီး မြေကြီးထဲမှာ မြှုပ်ထားလေ့ရှိတယ်။ ကိုယ်အသုံးပြုချင်တဲ့အခါကျမှသာ မြေကြီးထဲကတူးပြီး အသုံးပြုတာဖြစ်ပါတယ်။ စိန်ဝင်းက လည်တယ်။ ချွတ်က ဓားလို အရိုးမပါတော့ လွတ်သွားမှာစိုးလို့ သူ့လက်မှာ လက်ကိုင်ပ၀ါနဲ့ ချည်ထားတာ ဖြစ်ပါတယ်။ အဲဒီနေ့လယ်က တစ်ထောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကျော်သူက သူ့ခုတင်ပေါ်မှာ စောင်လေးခြုံပြီး မှေးနေတယ်။ ဘယ်ဘက်လက်တစ်ဖက်ကတော့ သံခုတင်နဲ့တွဲပြီး လက်ထိပ်ခတ်ထားတယ်။ ထောင်ထဲမှာ ထူးထူးခြားခြား အကျဉ်းသားကို လက်ထိပ်ခတ်လေ့မရှိပေမယ့် ထောင်အာဏာပိုင်တွေက ကျော်သူ့ကို ကြည့်မရလို့ လုံခြုံရေးအကြောင်းပြပြီး လက်ထိပ်ခတ်ထားတာ ဖြစ်ပါတယ်။
စိန်ဝင်းက ကျော်သူ့ ခုတင်နားကို တဖြည်းဖြည်းချင်း လျှောက်လာတယ်။ ခြေသံကြားလို့ ကျော်သူက မျက်လုံးဖွင့်ကြည့်လိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ စိန်ဝင်းနဲ့ကျော်သူ မျက်လုံးချင်းဆုံပြီး မျက်တောင်မခတ်တမ်း အပြန်အလှန် စူးစိုက်ကြည့်နေကြတယ်။ နောက်တော့ စိန်ဝင်းက ကျော်သူ့ကို ပြုံးပြလိုက်တယ်။
“ငါဝင်လာလို့ ကြောက်သွားသလား ...ကျော်သူ”
“မကြောက်ပါဘူး၊ ခင်ဗျား လာမယ်ဆိုတာ စိတ်ထဲကအလိုလို သိနေတယ်ဗျ”
စိန်ဝင်းက လက်ကိုင်ပ၀ါနဲ့ ပူးပြီးချည်ထားတဲ့ ချွတ်ကို ပြလိုက်တယ်။
“အေး ငါ မင်းကို သတ်ဖို့လာတာ”
စိန်ဝင်းစကားဆုံးတော့ ကျော်သူက ရယ်လိုက်တယ်။ ပြီးတော့ ခပ်အေးအေးပဲ ပြန်မေးတယ်။
“တစ်ခုလောက်မေးချင်တယ်ဗျာ၊ ခင်ဗျား လူသတ်ရဲလို့လား”
ကျော်သူ့စကားကြောင့် အသားမည်းပါတဲ့ဆိုတဲ့ စိန်ဝင်းမျက်နှာဟာ နီးမြန်းသွားတယ်။ ဒါပေမဲ့ သူ့ဒေါသကို ပြန်ထိန်းရင်း ဖြေတယ်။
“သတ်ရဲလို့ မင်းဆီလာတာပေါ့ကွာ၊ ဆေးရုံကြီးစိန်ဝင်းဆိုတာ တစ်သက်လုံးလူတွေကို ရင်ခွဲ၊ အသည်းထုတ်၊ အူထုတ် လုပ်လာခဲ့တဲ့ကောင်ပါကွ”
စိန်ဝင်းစကားဆုံးတော့ ကျော်သူက လေအေးလေးနဲ့ ဆက်ပြောတယ်။
“၀မ်းသာတယ်ဗျာ၊ ခင်ဗျားလို မိုက်ဂုဏ်ရှိတဲ့ ဆေးရုံကြီးစိန်ဝင်းက ကျွန်တော့်ကို သတ်မယ်ဆိုလို့ အရမ်းဝမ်းသာတယ်၊ တစ်ခုတော့မေးချင်တယ်။ ခင်ဗျား ရင်ခွဲအသည်းထုတ်ခဲ့တာက လူသေတွေနော်၊ အခုသတ်ရမှာက အရှင်”
“ရတယ် ..ကျော်သူ၊ အခု မင်းအခြေအနေက ငါ့ကို ဘာမှ ဒုက္ခမပေးနိုင်တော့ဘူး၊ မင်းက ရှင်လူဆိုပေမယ့် ဘာမှမလှုပ်ရှား နိုင်တော့လို့ ငါ့အတွက်တော့ သေလူပဲ”
“ဒါဆိုလည်း သွေးအေးအေးနဲ့ သေချင်လို့ သွေးအေးအေးနဲ့ပဲ သတ်ပေးဗျာ၊ နေစမ်းပါဦး၊ ခင်ဗျားဘာလို့ လက်တွေတုန်နေတာလဲ၊”
တကယ်လည်း စိန်ဝင်းလက်တွေက တုန်နေတယ်။ စိန်ဝင်း ရှက်သွားပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းရင်း ပြောတယ်။
“လက်တုန်လည်း မင်းရင်ဘတ်ထဲကို ဘယ်နှစ်ချက် ထိုးရမလဲ၊ ဘယ်လောက်အထိ ထိုးရမလဲဆိုတာ နားလည်တဲ့ စိန်ဝင်းပါကွာ၊ သေလောက်တဲ့ နေရာကိုတော့ လုံးဝမလွဲစေရဘူး”
စိန်ဝင်းစကားဆုံးတော့ ကျော်သူက ဟက်ခနဲ တစ်ချက်ရယ်လိုက်တယ်။
“ကြိုက်ပြီဗျာ၊ ဒါပေမဲ့ ဘ၀တူချင်း အထာနည်းနည်းထား၊ ကျွန်တော့်ကိုသတ်ရင် နှလုံးသားတည့်တည့်ကို တစ်ချက်တည်းကိစ္စတုံးအောင် ထိုးပေး။ နှလုံးသားကိုထိရင် ဒီဘ၀ဆုတောင်းတာတွေ နောက်ဘ၀ကျ ပြည့်တတ်တယ်ဆိုလို့ပါ”
ကျော်သူ့စကားကြောင့် စိန်ဝင်း အနည်းငယ်တွေဝေသွားပေမယ့် အချိန်ဆွဲလို့မရတော့ဘူးဆိုတာ သဘောပေါက်တယ်။
“အေး စိတ်ချ၊ မင်းဆန္ဒပြည့်စေရမယ် ”
စကားဆုံးဆုံးချင်း စိန်ဝင်းက ကျော်သူ့ နှလုံးသားတည့်တည့်ကို ထိုးဖို့စောင်ကို ဆွဲလှန်လိုက်တယ်။ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခုကတော့ ကျော်သူက လွတ်နေတဲ့ ညာဘက်လက်နဲ့ ဆေးရုံကြမ်းပြင်ကို တိုက်တဲ့ ဂလူးကို့စ်ပုလင်းကို ခွဲပြီး ကိုင်ထားတယ်။ စိန်ဝင်း အံသြနေချိန်မှာပဲ ကျော်သူက စိန်ဝင်းမျက်လုံးတွေကို ပုလင်းကွဲဖင်နဲ့ နှစ်ချက်ဆင့်ပြီး ထိုးလိုက်တယ်။ ရုတ်တရက်ဆိုတော့ စိန်ဝင်း မျက်နှာကိုအုပ်ပြီး အော်လိုက်တယ်။ ဒီလျှပ်တစ်ပြက်လေးမှာပဲ ကျော်သူက ခုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို လှဲချလိုက်တယ်။ ကျော်သူ့ထိုးချက်တွေက စိန်ဝင်းမျက်လုံးတွေကို တိုက်ရိုက်မထိပေမယ့် ထွက်လာတဲ့ သွေးတွေက မျက်လုံးထဲကိုဝင်ပြီး စိန်ဝင်းဘာမှ မလုပ်နိုင်တော့ဘူး။ ဒီအချိန်မှာ အော်သံတွေကြောင့် တာဝန်ကျ ထောင်ဝါဒါတွေနဲ့ စည်းကမ်းထိန်းတွေ ပြေးဝင်လာကြတယ်။ စိန်ဝင်းနဲ့ သူ့လက်ထဲမှာ ချည်ထားတဲ့ချွတ်ကို လက်ပူးလက်ကြပ် သူတို့ တွေ့လိုက်ရတဲ့အခါမှာတော့ ၀ါဒါတွေ အားလုံးသဘောပေါက်သွားတယ်။ ကျော်သူကတော့ လက်ထိပ်ခတ်ထားလျက်နဲ့ သူ့ခုတင်ဆီကိုလာပြီး သတ်ဖို့ကြိုးစားတဲ့ စိန်ဝင်းကို ဂလူးကို့စ်ပုလင်းကွဲနဲ့ ခုခံဖို့ ကြိုးစားနေသူပေါ့။ နောက်ဆုံး ထောင်ဝါဒါတွေက ကျော်သူ့ကို ဘာမှမလုပ်ဘဲ မျက်နှာမှာ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ဆေးရုံကြီးစိန်ဝင်းကို ဖမ်းချုပ်လိုက်တယ်။ ကျော်သူကတော့ စိန်ဝင်းကို မိန်းဂျေးလ်ခေါ်ပြီး ဒေါက်မခတ်ခင်မှာ စကားတစ်ခွန်းတော့ ပြောခဲ့လိုက်သေးတယ်။
“ကိုစိန်ဝင်း ... လူမိုက်ဆိုတာ သေရဲတာ၊ သတ်ရဲတာနဲ့တင် မပြီးဘူးဗျ၊ ဦးနှောက်လည်းရှိရမယ်။ အတွေးအခေါ်လည်း ရှိရမယ်၊ အဲဒါတွေနဲ့ပြည့်စုံမှ အင်းစိန်ထောင်ကပေးတဲ့ ဂန္ထ၀င်လူမိုက်ဆိုတဲ့ဂုဏ်ကိုရမှာ ...၊ ဒါကိုခင်ဗျား ဘ၀တစ်လျှောက်လုံး မှတ်ထားလိုက်ပေတော့”
ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ စိန်ဝင်းအနေနဲ့ အင်းစိန်ထောင်ကြီးမှာ ကျော်သူ့ကို ဘယ်လိုမှ မလှန်နိုင်တော့ပါဘူး။ အင်းစိန်ထောင်ကလည်း နာမည်ရှိတဲ့၊ ဇရှိတဲ့ ဂန္ထ၀င်လူဆိုး၊ လူမိုက်အားလုံးကို မြန်မာနိုင်ငံရဲ့ အဝေးဆုံးနေရာတွေက နယ်ထောင်တွေကို လူစုခွဲပြီး ပို့ပစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အင်းစိန်ထောင်ထဲမှာ ဂန္ထ၀င်လူမိုက်ဆိုပြီး နောက်ထပ် ထွက်မလာတော့ပါဘူး။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
http://www.tomorrow.com.mm/?q=articles/3587

No comments:

Post a Comment