မူးယစ်မှောင်ခိုတွေကိုဖမ်းဆီးရန် အင်ဒိုသမ္မတက ရဲအရာရှိများအား ပစ်မိန့်ပေး
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မူးယစ်မှောင်ခိုသမားတွေကို ဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့အရာရှိများအား ပစ်ခတ်ခွင့်ပေးလိုက်ကြောင်း သိရပါတယ်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုများ တိုးမြင့်လာမှုကို ဖြေရှင်းရန်အတွက် မူးယစ်မှောင်ခိုတွေကို အင်ဒိုနီးရှားသမ္မတက ပစ်မိန့်ပေးလိုက်တာ ဖြစ်ပါတယ်။
"အထူးသဖြင့် နိုင်ငံထဲကိုဝင်လာပြီး ဖမ်းဆီးမခံဘဲ ပြန်ခုခံတဲ့ နိုင်ငံခြားသား မူးယစ်မှောင်ခိုသမားတွေကို ပစ်ခတ်ဖမ်းဆီးပါ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အခုအချိန်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရေးပေါ် အခြေအနေကို ရောက်နေပါပြီ" လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) မှာ နိုင်ငံရေးပါတီတစ်ခုက ကျင်းပပြုလုပ်တဲ့ အခမ်းအနားတက်ရောက်စဉ် ပြောကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီရဲ့ မှတ်ချက်ပြု ပြောကြားမှုတွေဟာ မူးယစ်မှောင်ခိုတွေကို ရက်စက်ပြင်းထန်စွာ နှိမ်နင်းနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးနဲ့ အလားတူဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ တစ်နှစ်ခန့်က စတင်ခဲ့တဲ့ သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း မူးယစ်မှောင်ခိုသမား ထောင်နဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ပြင်းထန်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း ယခင်ကတည်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဥပဒေပြဌာန်းမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်က ဂျကာတာမြို့အနီးမှာ ထိုင်ဝမ်အမျိုးသားတစ်ဦးကို အင်ဒိုရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပြီးနောက် သမ္မတဂျိုကိုဝီရဲ့ ပစ်မိန့်ပေးမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ထိုင်ဝမ်အမျိုးသားဟာ အင်ဒိုနီးရှားနိုင်ငံအတွင်း မက်သာဖက်တမင်း (methamphetamine) အလေးချိန် ၁ တန်ကို မှောင်ခိုသွင်းရန် ကြိုးပမ်းခဲ့တဲ့အုပ်စုမှာ ပါဝင်ခဲ့ပြီး အဖမ်းမခံဘဲ ပြန်လည်ခုံခံခဲ့တာကြောင့် အသေပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုရဲတပ်ဖွဲ့ အကြီးအကဲ တီတိုကာနာဗီယန်ကလည်း အဖမ်းမခံဘဲ ပြန်လည်ခုခံတဲ့ မူးယစ်မှောင်ခိုသမားတွေကို ပစ်ခတ်ဖမ်းဆီးရန် ရဲတပ်ဖွဲ့အရာရှိများအား ညွှန်ကြားထားကြောင်း ပြောခဲ့ပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment