Latest News

Sunday, July 23, 2017

မြန်မာအသင်း အာရှ ယူ-၂၃ ခြေစစ်ပွဲအောင်မြင်ရန် သြစတြေးလျနှင့် နောက်ဆုံးပွဲမှာ အရေးပါနေ

မြန်မာအသင်း အာရှ ယူ-၂၃ ခြေစစ်ပွဲအောင်မြင်ရန် သြစတြေးလျနှင့် နောက်ဆုံးပွဲမှာ အရေးပါနေ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူး ကျင်းပလျက်ရှိသည့် ၂၀၁၈ အာရှ ယူ -၂၃ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို ဇူလိုင် ၂၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲ အောင်မြင်ရန် သြစတြေးလျအသင်းနှင့် အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု (F) တွင် သြစတြေးလျအသင်း နှင့် မြန်မာအသင်းသည် ခြောက်မှတ်စီရရှိထားပြီး ဂိုးကွာခြားချက်တွင် မြန်မာအသင်းက နည်းနေသောကြောင့် နောက်ဆုံးပွဲတွင် အနိုင်ရရှိမှသာ အုပ်စု ပထမနေရာရယူနိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် သရေကစားနိုင်ခဲ့ပါက အကောင်းဆုံး အုပ်စုဒုတိယနေရာရရှိရန် သေချာသလောက်ရှိနေပြီး ရှုံးနိမ့်ခဲ့ပါက အခြားအုပ်စုများမှ ဒုတိယနေရာရအသင်းများ၏ ရလဒ်များကို စောင့်ကြည့်ရမည်ဖြစ် သည်။

အာရှ ယူ-၂၃ ခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (က) တွင် သီရိလင်္ကာအသင်းသည် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်ခဲ့ရာ အကောင်းဆုံး အုပ်စုဒုတိယနေရာ တွက်ချက်ရာတွင် အုပ်စု အောက်ဆုံးမှ အသင်းနှင့် တွေ့ဆုံသည့် ရလဒ်များကို ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာအသင်းသည် သြစတြေးလျအသင်းကို ရှုံးနိမ့်ခဲ့ပါက ဂိုးမပြတ်ရန် လိုအပ်နေသည်။

အုပ်စု (F) နောက်ဆုံးနေ့ပွဲစဉ်များကို သုဝဏ္ဏကွင်း၌ ယနေ့ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် စင်ကာပူနှင့် ဘရူနိုင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာအသင်း ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားမည့် စင်ကာပူနှင့် ဘရူနိုင်းပွဲရလဒ်မှာလည်း အကောင်းဆုံး အုပ်စုဒုတိယနေရာ တွက်ချက်ရာတွင် သက်ရောက်မှုရှိမည်ဖြစ် ပြီး မြန်မာအသင်းသည် အုပ်စုဒုတိယနေရာသာ ရရှိခဲ့ပါက စင်ကာပူအသင်း အုပ်စုအောက်ဆုံးနေရာ ရောက်ရှိခဲ့လျှင် ဂိုးကွာခြားချက် (+၃) ဂိုး၊ ဘရူနိုင်းအသင်း အုပ်စုအောက်ဆုံး နေရာရောက်ရှိခဲ့လျှင် ဂိုးကွာခြားချက် (+၂) ဂိုးသာ ကျန်ရှိမည်ဖြစ်သည်။

မြန်မာဘောလုံးပရိသတ်များသည် ယနေ့ယှဉ်ပြိုင်ကစားမည့် သြစတြေးလျနှင့် နောက်ဆုံးပွဲအတွက် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး လက်မှတ်ဝယ်လိုအား မြင့်မားနေကြောင်း သိရသည်။ မြန်မာဘောလုံး ပရိသတ်များသည် စင်ကာပူ၊ ဘရူနိုင်းအသင်းတို့နှင့် ကစားခဲ့သည့်  မြန်မာ ယူ-၂၂ အသင်း၏ ခြေစစ်ပွဲ နှစ်ပွဲတွင် တစ်ပွဲပျမ်းမျှ ပရိသတ် ၁၀,၀၀၀ ကျော် လာရောက်အားပေးခဲ့ပြီး ဘရူ နိုင်းနှင့်ပွဲတွင် ပရိသတ် ၁၃,၀၀၀ ကျော် ကြည့်ရှုခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment