Latest News

Wednesday, July 19, 2017

သားဖြစ်သူပြောပြသည့် ဦးဘဝင်းအကြောင်း

သားဖြစ်သူပြောပြသည့် ဦးဘဝင်းအကြောင်း

‘‘ယောက်ျားဆိုတာ မြင့်မြတ်တဲ့စိတ်ထားရတယ်။ ဒါမှ ယောက်ျားဆန်တယ်ခေါ်တယ်။ မင်းဗိုလ်ချုပ်ကိုကြည့်၊ မြင့်မြတ်တဲ့ သူတို့များကျတော့ သူသေဆိုရင်တောင် လိုက်သေမယ့်လူချည်း တန်းစီနေတာပဲ’’

ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာပေး၍ သားသမီးများကို ဆုံးမတတ်သူက တခြားသူတော့ မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်းဦးဘ၀င်းဖြစ်သည်။ တစ်ဝမ်းတည်း မွေးဖွားလာသည့် ညီအရင်းဖြစ်လင့်ကစား ထိန်လင်း (ခေါ်) အောင်ဆန်းကို သူလေးစားသည်။ တပည့်တပန်းများရှေ့တွင်လည်း တရိုတသေဆက်ဆံသလို ကွယ်ရာတွင်လည်း အငယ်ဆိုပြီး မလေးမစားမပြု။

ဒါကတော့ သမိုင်းများက ပြောသည့် အာဇာနည်ကိုးဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဦးဘ၀င်းပင်ဖြစ်သည်။

ဦးဘ၀င်း၏ အကြောင်းကို ပြန်လှန်၍ပြောမည်ဆိုလျှင် ရိုးသားဖြောင့်မတ်သူ၊ စကားနည်းသူ။ အတန်းပညာထူးချွန်သည့် အညာသားကြီးအဖြစ်သာ မြင်နိုင်မည်ဖြစ်သည်။ ရေနံချောင်းမြို့ နယ်တွင် ကျောင်းအုပ်ဆရာကြီး အဖြစ်တာဝန်ထမ်းခဲ့သလို မြို့၏ ဖဆပလဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။ အသားလတ်လတ်၊  ပိန်ပိန်ပါးပါး နှင့် ဗိုလ်ချုပ်ထက် အရပ်ပို၍ ရှည် သည်။

ဦးဘ၀င်းက ဗိုလ်ချုပ်အောင်ဆန်းတို့ မွေးချင်းများအနက် အစ်ကိုအကြီးဆုံးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အသက် ၁၄ နှစ်ကွာပြီး ဗိုလ်ချုပ်အလယ်တန်းမှစ ၍ တက္ကသိုလ်ရောက်သည်အထိ အလုပ်လုပ်၍ ထောက်ပံ့ခဲ့ရသူဖြစ် သည်။ ဒီလိုနှင့် ဗိုလ်ချုပ်အာဏာရလာတော့လည်း ဦးဘ၀င်းမှာ နတ်မောက်ရှိ မိခင်ဒေါ်စုကို ပြုစု ရင်းနေခဲ့သည်။ နောက်ဆုံး သူ့အရည်အချင်းနှင့် ရိုးသားမှုများကြောင့် ထိုစဉ်က သခင်နု၏ ထောက်ပံ့ပေးမှုနှင့်အတူ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဖြစ်ခဲ့သည်။

‘‘အဖေက ကံမကောင်းပါဘူး။ဝန်ကြီးဖြစ်တာ နှစ်လပဲရှိသေးတယ်’’ဟု အာဇာနည်ဦးဘ၀င်း၏ သားဦးအေးဝင်းက ပြောသည်။ ၀န်ကြီးဖြစ်လျှင်ဖြစ်ချင်း ရေနံချောင်းမှ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံသို့ပြောင်းအပြီး နှစ်လခန့် အကြာတွင် ဦးဘ၀င်းမှာ ဗိုလ်ချုပ်တို့ နှင့်အတူ လုပ်ကြံခံခဲ့ရကာ အသက်ဆုံးရှုံးသွားသည်။


အာဇာနည်ဦးဘဝင်း၏သားဖြစ်သူ ဦးအေးဝင်း (ဓာတ်ပုံ-ကျော်ဇင်သန်း)

‘‘အဖေဆုံးတော့ အဘက အသက်(၈)နှစ်ပဲရှိနေသေးတော့ အကြောင်းအရာတွေ သိပ်မမှတ်မိဘူး။ အငယ်ဆုံးကလေးက ရှစ်လသားပဲရှိသေးတယ်။ ဒါပေမဲ့ အိမ်မှာ ၀မ်းနည်းကြ၊ အိမ်ကိုလူတွေလာကြ၊ ဘာညာနဲ့ဆိုတော့ တစ်ခု ခုဖြစ်နေတာတော့ သိတယ်ပေါ့’’ ဟု ဦးအေးဝင်းကပြောသည်။ ဦးဘ၀င်းတွင် သားသမီးခြောက်ဦးရှိ သည့်အနက် ဦးအေးဝင်းမှာ တတိ ယမြောက်သားဖြစ်သည်။ လက်ရှိအချိန်တွင် အသက် (၇၉)နှစ်ရှိပြီ ဖြစ်ပြီး ကျန်းမာရေးကြောင့် ၀ှီး ချဲလ်ပေါ်တွင် နေထိုင်ရသူဖြစ်သည်။ တခြားမွေးချင်းများမှာ အစ်မကြီးမတင်လှဝင်း၊ မောင်စောဝင်း၊ မခင်မြ၀င်း၊ မောင်စိန်ဝင်း နှင့် မောင်ထွေးဝင်းတို့ဖြစ်သည်။ အစ်မကြီး မတင်လှဝင်းမှလွဲ၍ ကျန်မောင်နှမများ အသက်ရှင် နေရှိကြပြီး အစ်ကိုကြီးမောင်စော ဝင်းမှာ အသက် (၉၀) နားကပ်နေ ပြီဖြစ်၏။

ဦးဘဝင်းမှာ ဗိုလ်ချုပ်အောင် ဆန်းနှင့် ညီအစ်ကိုတော်စပ်သည့် နည်းတူ ဦးအေးဝင်းတို့မွေးချင်း များမှာလည်း လက်ရှိနိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် မောင်နှမတစ်ဝမ်းကွဲတော်စပ်သူဖြစ်သည်။

ဦးဘဝင်းသေဆုံးပြီးနောက် တွင်တော့ ထိုစဉ်အစိုးရကအာ ဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုကို ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သည်။ ဦးဘဝင်း၏ဇနီး ဒေါ်ခင်စောမှာ အိမ်ရှင်မသက် သက်။ ကလေးခြောက်ယောက်နှင့် မုဆိုးမဘဝတွင် ချို့တဲ့ခဲ့သည်ဟု ၎င်းမိသားစု၏အဖြစ်ကို ဦးအေးဝင်းကပြန်လည်ပြောပြသည်။

‘‘စီးပွားရေးကျပ်တည်းခဲ့တာ ပေါ့။ အရင်ကဝန်ကြီးဖြစ်လည်း ချမ်းသာတာမှ မဟုတ်တာ’’ဟု ဦးအေးဝင်းကပြောသည်။ ထိုနစ် နာကြေးတစ်သိန်းမှ ငွေခြောက် သောင်းကို သားသမီးများအတွက် အမွေထိန်းအဖြစ် ထိန်းသိမ်းပြီး နောက် ကျန်ငွေလေးသောင်းဖြင့် စားသောက်ခဲ့ရသည်ဟုဆို၏။ ဤ သို့ဖြင့် ရုန်းကန်ခဲ့ရပြီးနောက် မိ သားစုဝင်များ ဝန်ထမ်းများအသီး သီးဖြစ်ခဲ့ကြသည်ဟုဆိုသည်။

လုပ်ကြံခံရသည့်နှစ်ကစ၍ နှစ်စဉ် အာဇာနည်နေ့ဆိုလျှင်ဖြင့် ဦးဘဝင်းတို့ မိသားစုအိမ်တွင်ဆွမ်းကပ်သည်။ အာဇာနည်ကုန်းတွင် မိသားစုလိုက် ဂါရဝပြုသွားကြသည်။ သို့သော် ၁၉၉၀ နောက်ပိုင်းကစ၍ အာဇာနည်ကုန်းသို့သွား၍ ဖခင်ဖြစ်သူဦးဘဝင်း၏ အုတ်ဂူကို တစ်မိသားစုလုံးသွားရောက်ဂါရဝ ပြုခြင်းမပြုတော့ချေ။

‘‘ဘာလို့လဲဆိုတော့ လုပ်တဲ့ လူတွေကို အမြင်ကတ်လို့။ အာဇာနည်မိသားစုတွေ အစော်ကားခံရတယ်လို့မြင်တယ်’’ ဟု ဦးအေးဝင်း ကပြောသည်။ ဦးအေးဝင်းဆိုလိုသည်က အာဇာနည်နေ့အခမ်းအနားကို အကျဉ်းချုပ်ပြုလုပ်ခြင်း၊ နိုင်ငံတော်ထိပ်ပိုင်းအဆင့်များ မလာရောက်ခြင်းနှင့် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်များ၏ မိသားစုများကို ပစ်စလက်  ခတ်ထားခြင်း စသည့်အကြောင်း ပြချက်များကြောင့် ဦးအေးဝင်းအ ပါအဝင် မိသားစုဝင်များက ၎င်းတို့ ၏ ဖခင်ထံသို့ သွားရောက်ဂါရဝမ ပြုခဲ့ခြင်းဖြစ်သည်။


အာဇာနည်ဦးဘဝင်းနေထိုင်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

ထိုစဉ်ကဦးဘဝင်း၏အုတ်ဂူသို့မိသားစုကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာနက ပန်းခွေချခဲ့ကြသည်။ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည့် ၂၀၁၀ ပြည့်နှစ်တွင်တော့ ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ ဦးအေးဝင်းတို့ ပန်းခွေသွားရောက်ချကာ ဂါရဝပြုခဲ့သည်။ နောက်ပိုင်းနှစ်များ တွင်တော့ တစ်မိသားစုလုံးကိုယ်စား အငယ်ဆုံးမွေးချင်းဦးထွေးဝင်းကို သွားရောက်၍ပန်းခွေချဂါရဝ ပြုစေခဲ့သည်။

အာဇာနည်ဦးဘဝင်း၏သားသမီးများထဲတွင် နိုင်ငံရေးနှင့်ပတ်သက်လှုပ်ရှားသူမှာလည်း ဦးအေးဝင်းတစ်ဦးသာရှိသည်။ ထိုစဉ်က စက်မှု (၁) ဝန်ကြီးဌာနတွင်စာရင်းစစ်အဖြစ် အလုပ်လုပ်နေရာမှ ထွက်ပြီး နေအိမ်အကျယ်ချုပ်ကျနေသော တစ်ဝမ်းကွဲအစ်မ ဒေါ်အောင်ဆန်းစုကြည်ထံ စာရင်းစစ်ငွေထိန်းအဖြစ် သွားရောက်လုပ်အားပေးခဲ့သည်။ ၁၉၉၅တွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျသည့်အခါ ဦးအေးဝင်းလည်း ထောင်ငါးနှစ်ကျခဲ့သည်။ ဦးအေးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တော့မဟုတ်ခဲ့ပါ။

အာဇာနည်ခေါင်းဆောင် ဦးဘဝင်းသား ဦးအေးဝင်းသည် ထောင်မှလွတ်ချိန်ကစ၍ အိမ်အတွင်း၌သာ နေထိုင်လေ့ရှိပြီး ကျန်းမာရေးလည်း ချို့တဲ့ခဲ့သည်။ ထို့နောက် လေဖြတ်ဝေဒနာကို ခံစားနေရပြီး သူနာပြုအစောင့်အ ရှောက်နှင့် တက္ကသိုလ်ရိပ်သာ လမ်း ဒေါ်အောင်ဆန်းစုကြည်နေ အိမ်နှင့် မျက်နှာချင်းဆိုင်လမ်းအတွင်း ဦးဘဝင်းနေထိုင်ခဲ့သည့် အိမ်တွင်ပင် မိသားစုနှင့် နေထိုင် နေသည်။ ကျန်မိသားစုများမှာ အဆိုပါခြံဝင်းကြီးအတွင်း၌ပင် အသီးသီးအိမ်ရာဖြင့် နေထိုင်လျက်ရှိသည်။ အဆိုပါဦးဘဝင်းနေထိုင်ခဲ့သည့် အိမ်ကြီးမှာလည်း နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်ကာ နာဂစ်မုန်တိုင်းအပြီးတွင် အနည်းငယ် ယိုယွင်းပျက်စီးခဲ့သည်။

ဦးအေးဝင်းက ဒေါ်အောင်ဆန်းစုကြည်ထက် ခုနစ်နှစ်ခန့် အသက်ကြီးသော်လည်း မမစုဟု တလေးတစားခေါ်တတ်သည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်း နှင့် အစိုးရ၏လုပ်ဆောင်ချက်များ ကိုတော့ မှတ်ချက်ပေးရန် မရှိပါ ဟု ဦးအေးဝင်းက ဆိုသည်။

‘‘ကိုယ့်လူတွေပဲဆိုတော့ ဘာမှ ပြောစရာတော့ မရှိပါဘူး’’ဟု ဦးအေးဝင်းက ပြောသည်။

ယခုနှစ်များတွင်တော့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နှစ်ပတ်လည်အခမ်းအနားကို တခုတ်တရကျင်းပလာကြပြီး ပြည်သူများကလည်း မမေ့မလျော့ရှိနေသည့်အပေါ် ဝမ်းသာသည်ဟု အာဇာနည်ခေါင်းဆောင် ဦးဘဝင်း၏ ကျန်ရစ်မိသားစုဝင်များက ပြောသည်။ စစ်အစိုးရလက်ထက်တွင် မကျေနပ်စိတ်ဖြင့် နှစ်ပေါင်းအတော်ကြာအောင် ဖခင်ဖြစ်သူ၏ အုတ်ဂူသို့ ဂါရဝသွားမပြုခဲ့သည့် ဦးအေးဝင်းတစ်ယောက် ယခုအစိုးရလက်ထက်တွင်လည်း အသက်အရွယ်နှင့် ကျန်းမာရေး အခြေအနေကြောင့် သွားရောက်ဂါရဝပြုနိုင်မည် မဟုတ်ပါ။      ။
7Day News

No comments:

Post a Comment