Latest News

Thursday, July 20, 2017

သေနတ် ၂၂ လက်အမှုမှ လက်နက်ဝယ်ခိုင်းသူကိုထပ်မံ ဖမ်းမိ

သေနတ် ၂၂ လက်အမှုမှ လက်နက်ဝယ်ခိုင်းသူကိုထပ်မံ ဖမ်းမိ

မန္တလေး၊ဇူလိုင်၂၀

လွိုင်ကော်ကနေ မန္တလေးကို မောင်းနှင်လာတဲ့အိမ်စီးကားတစ်စီးကို ရဲက မသင်္ကာလို့ရပ်တန့်စစ်ဆေးလိုက်ရာမှာ သေနတ် ၂၂ လက်နဲ့အတူ ငွေကျပ် ၈ သိန်းပါတွေ့ရှိရတဲ့ အတွက် လက်နက်များအက်ဥပဒေပုဒ်မ ၁၉-က နဲ့ သာစည်မြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

အဲဒီ့အမှုဟာ ယမန်နေ့ ဇူလိုင် ၁၉ ရက် ည ၁၀ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ရွှေနုဦးစီးတပ်ဖွဲ့ ၀င်တွေ နဲ့ မန္တလေးမြို့ မူးယစ်တပ်ဖွဲ့စု ၁၈ မှ ရဲအုပ်ထန်းနိမ်နဲ့တပ်ဖွဲ့ဝင်တွေ ဟာ သက်သေတွေနဲ့အတူ ကျွဲတပ်ဆုံတိုးဂိတ်အနီးမှာ ယာဉ်တွေကိုရပ်တန့်စစ်ဆေးရာကနေ အဲဒီ လက်နက်တွေတင်ဆောင်ထားတဲ့မော်တော်ယာဉ်ကို တွေ့ရှိပြီး လက်နက်တွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒီမော်တော်ယာဉ်ကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် မင်္ဂလာရပ်ကွက် ခွာညိုလမ်း အမှတ် ၁၅၇ နေ ကိုနေစိုးထွေးမင်း(ခ)ကိုစိုင်း ၄၄ နှစ်နဲ့ဇနီးဖြစ်သူ ဒေါ်မြတ်ဆုနှင်း ၄၆ နှစ်တို့ ကမောင်းနှင်လာတာဖြစ်ပါတယ်။

2D ---- TOYOTA CROWN SALOON အနက်ရောင် အိမ်စီးကားရဲ့ ယာဉ်နောက်ခန်းထဲမှာ ဆာလာအိတ်အတွင်း မွေ့ရာတွေနဲ့ထုတ်ပြီး သိုဝှက်သယ်ဆောင်လာတဲ့ HK 33 မောင်းပြန်သေနတ်အလက်၂၀၊ AK 47 မောင်းပြန်သေနတ် ၂ လက် နဲ့အတူ ၄င်းတို့ကိုင်ဆောင်တဲ့ နိုင်ငံသားကတ် ၂ ခု၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ ယာဉ်သက်သေခံကတ်ပြား ၁ ခု၊ ငွေကျပ် ၈ သိန်း၊ ဖုန်းဟန်းစက် ၃ လုံးတို့ကိုပါ တွေ့ရှိခဲ့ရပါတယ်။

သူတို့ ၂ ဦးကို  ဆက်လက်စစ်ဆေးရာမှာ  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နေ မောရ(ခ)ကျုံးရန်ဆန် က ၀ယ်ယူသယ်ဆောင်ခိုင်းတာဖြစ် ကြောင်းသိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရ မောရ(ခ)ကျုံးရန်ဆန်ကို မန္တလေးမြို့ကဟိုတယ်တစ်ခုမှာ ဖမ်းဆီးရမိထားတဲ့အတွက်
မန္တလေး အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးသိရတာကတော့ နေစိုးထွေးမင်း(ခ)ကိုစိုင်း နဲ့ ဇနီးဖြစ်သူ ဒေါ်မြတ်ဆုနှင်း ၊   ၀ယ်ယူသယ်ဆောင်ခိုင်းသူ ကလေးမြို့နေ မောရ(ခ)ကျုံးရန်ဆန်  တို့ကို  သာစည်မြို့နယ်ရဲစခန်းက (ပ)၁၆၇/၂၀၁၇ လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လက်နက်အက်ဥပဒေပုဒ်မ ၁၉(က)ကတော့ ၃ နှစ်အထိထောင်ဒဏ်(သို့)ငွေဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးချမှတ်ရမည် လို့ လက်နက်အက်ဥပဒေမှာဆိုထားပါတယ်။

News by စောထွေး

ဓာတ်ပုံ - ဖြိုးကိုလင်း(ညောင်ဝိုင်း)

Popular News

No comments:

Post a Comment