Latest News

Friday, July 21, 2017

အင်းစိန်ထောင်မှ ဂန္ထ၀င်လူမိုက်ကြီးများ (ဇာတ်သိမ်း) - ဇော်သက်ထွေး


သွေးစွန်းသော သမိုင်းတစ်ခု၏ နိဂုံး

နှစ်ပေါင်းများစွာကြာမြင့်သဖြင့် ရေညှိများတက်ကာ မှိုင်းချိတ်နေသော အုတ်တံတိုင်းကြီးက မြင့်မားလွန်းလှသည်။ အင်္ဂလိပ်ခေတ် နာရီတစ်ခု၏ လက်တံများအတိုင်း တည်ဆောက်ထားသော အဆောင်များကို ၀ိုင်းပတ်ပြီး တည်ထားသည့် ထိုအုတ်တံတိုင်းကြီးမှာ နှစ်ထပ်ရှိပြီး ပေ ၂၀ အမြင့်ရှိသည်။ ဤနေရာကို အင်းစိန်ဗဟိုစံပြအကျဉ်းထောင်ဟု ခေါ်သည်။ အင်းစိန်အကျဉ်းထောင်သည် မြန်မာနိုင်ငံတွင်ရှိသော အကျဉ်းထောင်ပေါင်းများစွာအနက် အကြီးမားဆုံးနှင့် အလုံခြုံဆုံးထောင်ဖြစ်သည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့က သိမ်းယူခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ၁၈၉၂ ခုနှစ်  ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အင်းစိန်ထောင်အား အုပ်ချုပ်ခဲ့သော ထောင်ပိုင်မျိုးဆက်ပေါင်း ၉၀ ကျော်ရှိကာ ထောင်၏သက်တမ်းမှာ နှစ်ပေါင်း ၁၂၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လက်ရှိမှာတော့ မှိုင်းမှိုင်းညို့ညို့ရှိနေသော အင်းစိန်အုတ်ရိုးကြီးနှင့် ခြားနားစွာ ထောင်ရှေ့လမ်းမကြီးပေါ်တွင် စားသောက်ဆိုင်များ၊ စာရေးကိရိယာဆိုင်များ၊ မိတ္တူဆိုင်များဖြင့် စည်ကားရှုပ်ထွေးလျက်ရှိသည်။ ဘတ်စ်ကားများ၊ ဆလွန်းကားများ အဆက်မပြတ်သွားနေသော အင်းစိန်လမ်းမကြီးပေါ်တွင် လူကြီးပိုင်းအသက်အရွယ်သို့ ရောက်နေသော လူငါးယောက်မှာ ဆွေးမြည့်သောမျက်လုံးများဖြင့် အင်းစိန်ထောင်ကြီးကို ငေးမောကြည့်နေကြသည်။

ထို လူငါးယောက်မှာ တူမောရိုးဂျာနယ်တွင် အပတ်စဉ် ရေးသားဖော်ပြခဲ့သော “အင်းစိန်ထောင်မှ ဂန္တွဝင်လူမိုက်ကြီးများ” ဇာတ်လမ်းထဲတွင် ပါဝင်ခဲ့သည့် လူမိုက်ကြီးနှစ်ယောက်၊ ထိုဇာတ်လမ်းကို ရေးသားခဲ့သည့် စာရေးဆရာတစ်ယောက်၊ အင်းစိန်ထောင်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ယောက်တို့ ဖြစ်သည်။ ဆံပင်တွေ ဖွေးဖြူနေပြီဖြစ်သော ဂန္တွဝင်လူမိုက်ကြီးတစ်ယောက်က အင်းစိန်ထောင်ဘူးဝကို ငေးမောကြည့်ရင်း အတိတ်ကပုံရိပ်များကို မြင်ယောင်လျက်ရှိသည်။

“အံ့သြစရာပဲ၊ ဒီလောက်ကြမ်းတမ်းတဲ့ ကမ္ဘာထဲမှာ တို့အသက်ရှင်ကျန်ခဲ့တာ”

“ဒါတွေက လူတစ်ယောက်ရဲ့ ကုသိုလ်၊ ကံကြမ္မာနဲ့လည်းဆိုင်တယ်ဗျ”

“ဟုတ်တယ်၊ အခုအရွယ်မှာ ကိုယ့်ဘ၀ကိုယ် ပြန်သုံးသပ်ကြည့်တော့ လွဲမှားတဲ့ ယုံကြည်စွဲလမ်းမှုတွေနဲ့ အဆုံးသတ်ရမယ့် ကြမ္မာဆိုးက လွတ်မြောက်ခဲ့တာပဲ”

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်က ဂန္တ၀င်လူမိုက်ကြီး တစ်ယောက်ကို လှမ်းမေးလိုက်သည်။

“ဒါနဲ့နေပါဦး၊ ဂန္တ၀င်လူမိုက်ကြီးများ ဇာတ်သိမ်းမှာ ကျော်သူ ဘယ်လိုအဆုံးသတ်သွားလဲ သိချင်လိုက်တာဗျာ”

အမေးခံရသော လူမိုက်ကြီးက အင်းစိန်ထောင်ကြီးကို အကြည့်မလွှဲသေးဘဲ အဖြေပြန်ပေးလိုက်သည်။

“အင်း ... ကျော်သူရဲ့ ကံဇာတာကတော့ ထူးခြားဆန်းကြယ်နေမလား မသိဘူး၊ ဒီလောက် ကြမ်းတမ်းရက်စက်တဲ့ ထောင်ထဲကနေ ကျန်းကျန်းမာမာပဲ လွတ်မြောက်သွားတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး အခုကြားရတဲ့သတင်းက နှစ်မျိုးဖြစ်နေတယ်။ တချို့က ပြောတာတော့ ရန်ကင်းတိုက်ခန်းတွဲတွေရဲ့ လှေကားထစ်မှာ ဘိန်းဖြူအထိုးလွန်ပြီး သေသွားတယ်လို့ ကြားတယ်။ တချို့ကတော့ အခုအချိန်ထိ ထိုင်းမြန်မာနယ်စပ်မှာ မြွေဖြူလေးဟာ လူမိုက်ကြီးလုပ်နေတုန်းပဲလို့ ပြောတယ်။ တိတိကျကျတော့မသိဘူး”

“ဒါဆို ကျော်သူ့ကို ထိုးတဲ့ ဆေးရုံကြီး စိန်ဝင်းကရော”

“ဆေးရုံကြီး စိန်ဝင်းလည်း အင်းစိန်ထောင်ကနေ အရှင်ထွက် ထွက်သွားခဲ့တာပဲဗျ၊ ဒါပေမဲ့ လှိုင်မြစ်တစ်ဖက်ကမ်းက ဟိန္ဒူရွာကကောင်လေးနဲ့ မွတ်စလင်ရွာက ကောင်မလေး ခိုးပြေးကြတဲ့ပြဿနာ ကြားထဲမှာ ၀င်ပါတော့၊ တစ်ကိုယ်လုံး သုံးပိုင်းပိုင်းခံရပြီး သေသွားတာ ဇာတ်သိမ်းမလှဘူးလို့ ဆိုရမှာပေါ့”

ဂန္တ၀င်လူမိုက်ကြီး၏ စကားအဆုံးတွင် အားလုံးငြိမ်သက်သွားကြသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ကလည်း သတိတရဖြင့် ထပ်ပြောသည်။

“အင်း ... ဒီထောင်ကြီးကို မခွဲနိုင်၊ မခွာနိုင် အရမ်းချစ်တဲ့ နှစ်တစ်ရာကျွဲကြီးကတော့ ဒီထောင်ထဲမှာပဲ သူ့ဘ၀ကို အဆုံးသတ်သွားခဲ့တယ် . . . နော်”

ထိုလူ ငါးဦးသည် စကားတပြောပြောဖြင့် လမ်းလျှောက်လာရင်း ထမင်းဆိုင်တစ်ခုသို့ ၀င်လိုက်သည်။ ထို့နောက် မိမိကြိုက်သည့် ဟင်းအမယ်များကိုမှာကာ နေ့လယ်စာ စားသောက်ကြသည်။ ထမင်းစားနေရင်း အင်းစိန်ထောင်မှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အချက်အလက်များ စုစည်းပေးခဲ့သည့် နိုင်/ကျဉ်းတစ်ယောက်က စာရေးဆရာကို လှမ်းပြောသည်။

“အစ်ကို ...ဘာပဲပြောပြော အခု ဂန္တ၀င်လူမိုက်ကြီးဇာတ်လမ်းကတော့ ပြီးသွားပြီပေါ့”

“အေး ... ဟုတ်တယ်၊ ဒါပေမဲ့ တချို့စာဖတ်သူတွေက ဂျာနယ်တိုက်ကို လှမ်းပြောတယ်။ အရင်ခေတ် ထောင်လူမိုက်တွေက တစ်ယောက်ကိုတစ်ယောက် ခုတ်လိုက်၊ ထစ်လိုက်၊ ထိုးလိုက်နဲ့ ရက်စက်မှုတွေကို နောက်လူတွေ အတုခိုးမှားအောင် ဘာလို့ရေးနေတာလဲဆိုပြီး အပြစ်တင်နေကြတယ်”

စာရေးဆရာ၏ စကားအဆုံးတွင် ဂန္တ၀င်လူမိုက်ကြီးတစ်ဦးက ခေါင်းကို ခါယမ်းပြလိုက်သည်။

“ဒီလိုတော့ ဘယ်ဟုတ်မလဲဗျာ၊ ကျွန်တော်တို့ခေတ်က လူဆိုးတွေ အင်မတန်ပေါသလို လူမိုက်တွေလည်း ပေါပါတယ်။ ဒါပေမဲ့ လူသတ်ရဲတိုင်း ကမ္ပည်းမတင်၊ တန်းမ၀င်ပါဘူး။ သူမတူတဲ့ ပညာရပ်တွေကြောင့် လူမသတ်ပေမယ့်လည်း ဂန္တ၀င်လူမိုက်ကြီးစာရင်းထဲကို ထည့်လိုက်ရတဲ့ဇိုးတွေ ထောင်ရာဇ၀င်ထဲမှာ ရှိခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ရေးခဲ့တဲ့အတိုင်း ရထားတွဲကို ကြိုက်သလို အတက်အဆင်းလုပ်နိုင်တဲ့ ဗိုက်ထောက်ကျော်မင်းလို ဂန္တ၀င်လူမိုက်တွေရှိသလို ခဲမူးစေ့လို ပညာသည် လူဆိုးမျိုးလည်းရှိတယ်၊ သူလည်း တစ်ခေတ်မှာ တစ်ယောက်ဆိုသလို ထွန်းပေါက်ခဲ့တာပဲ”

ထိုစကားကြောင့် နားထောင်နေသူ လေးယောက်လုံး စားလက်စ ထမင်းဝိုင်းကို ရပ်တန့်ကာ ပြောနေသောသူထံ လှမ်းကြည့်လိုက်သည်။ စာရေးဆရာက မျက်လုံးများ တလက်လက်တောက်လာပြီး ယခုအချိန်ထိ အသက်ရှင်ကျန်နေသေးသော ဂန္တ၀င်လူမိုက်ကြီးကို သိချင်ဇောဖြင့်  လှမ်းမေးလိုက်သည်။

“ခဲမူးစေ့ ဟုတ်လား ...၊ သူက ဘယ်လိုလူမျိုးလဲ”

“ခဲမူးစေ့က ဂျူးကပြားလို့ ဆိုရမှာပေါ့၊ သူ့အဘိုးက ဂျူးလူမျိုး၊ ဒုတိယကမ္ဘာစစ်အပြီး ရွှေတိဂုံဘုရားခြေရင်းမှာ ကြုံရာကျပန်းလုပ်ရင်း ပန်းရောင်းတဲ့ မြန်မာအမျိုးသမီးနဲ့ ညားတယ်။ ခဲမူးစေ့ကို မွေးတယ်။ ဂျူးကပြားဆိုတော့ ခဲမူးစေ့က ရုပ်ရည်သန့်ပေမယ့် လမ်းဘေးနေ၊ လမ်းဘေးစားပဲ။ သူ့ကို နိဗ္ဗာန်ကုန်ဆိုင်တွေက လက်တိုလက်တောင်းခိုင်းတယ်။ နည်းနည်း အရွယ်ရောက်လာတော့ အကျင့်ပျက်ပြီး ဟိုပစ္စည်းလေး အလစ်သုတ်လိုက်၊ ဒီထဘီလေး ခိုးလိုက်အဆင့်ပါပဲ။ နောက်ဆုံးတော့ ခိုးမှုနဲ့ပဲ ထောင်ထဲရောက်လာတာ။ သူ့မှာတော့ အမည်ရင်းရှိတယ်ဗျ။ ဒါပေမဲ့ ဘယ်နေရာမှ သုံးစားမရလို့ အင်းစိန်ထောင်ထဲမှာ သူ့ကို ခဲမူးစေ့လို့ နာမည်ပေးလိုက်တာ တစ်ခါတည်း တွင်သွားရော။ အထဲရောက်တော့လည်း  အနှိမ်ခံရတာပေါ့။ ခဲမူးစေ့လို့ ပေးလိုက်တဲ့အဓိပ္ပာယ်က ဟို ...ဂျပန်ငွေစက္ကူသိတယ် မဟုတ်လား။ ဂျပန်တွေပြေးတော့ ဘာမှသုံးစားမရဘူးလေ။ ခဲမူးစေ့လည်း အတူတူပဲ။ ဒါပေမဲ့ ဂျပန်စက္ကူကမှ ချီးကုန်းလို့ ရသေးတယ်။ မီးရှို့လို့ ရသေးတယ်။ ခဲမူးစေ့က ဘာမှသုံးမရဘူး။ ဒီအဓိပ္ပာယ်နဲ့ သူ့ကို ဒီနာမည်ပေးခဲ့တာ”

ဂန္တ၀င်လူမိုက်ကြီးက ပြောလက်စ စကားကိုရပ်ပြီး ထမင်းဆက်စားနေသည်။ ကျန်လူမိုက်ကြီးကလည်း ခဲမူးစေ့ကို သတိရဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြီး ထောက်ခံနေသည်။ စာရေးဆရာက ခဲမူးစေ့ဘ၀ကို စိတ်ဝင်စားသွားသဖြင့် ဆက်ပြောရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ ထိုလူမိုက်ကြီးက ထမင်းကို အပြီးသတ်အောင် စားလိုက်ပြီး လက်ကို သေချာစွာဆေးကြောနေသည်။ ပြီးမှ စားပွဲဝိုင်းပေါ်တွင် ချထားသော ထန်းလျက်ခဲတစ်လုံးကို ကောက်ယူစားကာ ခဲမူးစေ့အကြောင်းကို ဆက်ပြောပြသည်။

“အဲဒီလို အသုံးမကျတဲ့ ခဲမူးစေ့ဟာ အခုအချိန်မှာ အင်မတန်မှ ချမ်းသာကြွယ်ဝနေတဲ့ သူဌေးကြီး ဖြစ်နေတယ်ဆိုရင် ခင်ဗျားတို့ ယုံမလား”

အားလုံး အဖြေမပေးနိုင်ဘဲ ငြိမ်သက်နေကြသည်။ ထိုလူမိုက်ကြီးက လူ့ဘ၀၏ ကံကြမ္မာလှည့်စားပုံကို သဘောကျဟန်ဖြင့် ပြောလက်စ စကားကိုဆက်လိုက်သည်။

“အနှိမ်ခံ အပြောခံ ခဲမူးစေ့ဟာ ရန်ကုန်မြို့လယ်ကောင်က နာမည်အကြီးဆုံး လူလိမ်ဝိဇ္ဇာ ကျော်မြင့်နဲ့ အင်းစိန်ထောင်ထဲမှာ ဆုံလိုက်တာဟာ သူ့ဘ၀ အလှည့်အပြောင်းပဲ။ ကျော်မြင့်က ထောင်ကထွက်လာရင် သူ့ဆီဆက်ဆက်လာပါလို့ ခဲမူးစေ့ကို မှာလိုက်တယ်။ ခဲမူးစေ့ကလည်း ထောင်ကလွတ်တော့ အပြင်မှာ ဘာမှလုပ်ကိုင်မစားတတ်တဲ့အတွက် မြို့လယ်ကောင်မှာ ကျက်စားတဲ့ ကျော်မြင့်ဆီသွားတယ်။ ကျော်မြင့်က ဘွဲ့လက်မှတ်အတု၊ စာရွက်စာတမ်းအတု၊ ပါမစ်စာရွက်အတုတွေ၊ ကုန်ကုန်ပြောရရင် မှတ်ပုံတင်ကအစ၊ ပတ်စပို့အဆုံး ပိုက်ဆံပေးရင် အကုန်လုပ်တယ်။ ဒီလောကထဲ ခဲမူးစေ့ကို တိုးနိုင်အောင် ကျော်မြင့်က သင်တန်းအမျိုးမျိုးပေးတာပေါ့။ အားလုံးက ခဲမူးစေ့ဆိုတာ ဘာမှအသုံးမကျတဲ့ကောင်လို့ ထင်နေတဲ့အချိန်မှာ သူ့ရဲ့မွေးရာပါ ပါရမီတစ်ခုက ပေါ်ထွက်လာတယ်။ အဲဒါကတော့ ဘယ်စာရွက်စာတမ်းမဆို တစ်ပုံစံတည်းဖြစ်အောင် အတုလုပ်တတ်တာပဲ။ အဲဒီခေတ်က အလုပ်လျှောက်တဲ့သူတွေ အဆင်ပြေဖို့ ဆယ်တန်းအောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်အတုတွေ အားလုံးနီးနီးဟာ ခဲမူးစေ့လက်က ထွက်ခဲ့တာချည်းပဲ။ ဆယ်တန်းအောင်လက်မှတ်တောင် ရိုးရိုးဆိုရင် တစ်ဈေး၊ ဂုဏ်ထူးနဲ့ အောင်တာဆိုရင် တစ်ဈေး ပေးရတယ်။ နောက်ဆုံး ဆရာထက် တပည့်လက်စောင်းထက်ပြီး ခွင်အကြီးကြီးတွေ ကိုင်တယ်။ န၀တခေတ် အရမ်းတန်ခိုးသြဇာတက်နေတဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်မှတ်ကိုတောင် အတုလုပ်ပြီး သစ်ပါမစ်တွေ ခိုးထုတ်ခဲ့တယ်။ ထောက်လှမ်းရေးကို လုပ်စားလိုက်တဲ့အတွက်ကြောင့်သာ ခဲမူးစေ့ အင်းစိန်ထောင်ထဲ ပြန်ဝင်ခဲ့ရတာ။ သူ့ရဲ့ပါရမီကတော့ ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက်ရဲ့ လက်မှတ်ကို သုံးခါလောက် ကြည့်ပြီးရင် အတုထိုးလို့ရတယ်။ ဒါကြောင့် လူမသတ်ပေမယ့်လည်း ခဲမူးစေ့လို လူမျိုးကျတော့ ဂန္တ၀င်လူမိုက်စာရင်းထဲ ထည့်ရမှာပဲ”

ထိုလူမိုက်ကြီးမှာ စကားအများကြီး ပြောလိုက်ရသဖြင့် မောသွားဟန်ဖြင့် နားလိုက်သည်။ အားလုံးကတော့ သူ၏အဆိုကိုနားလည် သဘောပေါက်ပုံဖြင့် အသီးသီး ခေါင်းညိတ်ပြကြသည်။ အမှန်တကယ် သူတို့ငါးဦးမှာ လွန်ခဲ့သော ၂၇ နှစ်ခန့်က နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်ကြီးထဲတွင် အတူတကွ နေထိုင်ခဲ့ကြသူများဖြစ်သည်။ သို့သော် ဘ၀ရည်မှန်းချက်နှင့် ယုံကြည်ချက်များမှာ ခြားနားကြသည်။ လူမိုက်များက အသက်ရှင်သန်မှု။ နိုင်ငံရေးသမားများက တရားမျှတမှုနှင့် လူ့အခွင့်အရေး။ သို့သော် သူတို့အားလုံး နေရာတစ်ခုတည်းတွင် နေထိုင်ခဲ့ကြရသည်။ လူသားများ၏ အသက်ရှင်သန်ရေးအတွက် ကြိုးပမ်းတိုက်ခိုက်ကြပုံ ကို Jungle Law သဖွယ် တွေ့မြင်ရင်ဆိုင်ခဲ့ကြရသည်။ အားလုံးလည်း လူ့ဘ၀၏ ကြမ်းတမ်းသော အစိတ်အပိုင်းကို ဖြတ်သန်းခဲ့ရသည်။ ယခုတော့ ခေတ်များစွာ ပြောင်းလဲခဲ့ပြီ။ သမိုင်းကား ကျန်ရစ်ခဲ့လေပြီ။

သူတို့သည် ထမင်းဆိုင်မှအထွက်တွင် အင်းစိန်ထောင်၏ မှိုင်းညို့ညို့အုတ်တံတိုင်းကြီးကို နောက်ဆုံးအကြိမ်ကြည့်ရင်း ထွက်ခွာသွားကြသည်။ စာရေးဆရာက ခဲမူးစေ့အကြောင်း ပြောပြသော ဂန္တ၀င်လူမိုက်ကြီးကို တစ်ခွန်းတော့ မေးဖြစ်အောင်မေးလိုက်သည်။

“ခင်ဗျားကြီးကတော့ဗျာ၊ ရန်ကုန်မြို့ထဲက နာမည်ကြီး လူလိမ်ဝိဇ္ဇာကျော်မြင့်အကြောင်းကိုတော့ ဘာလို့ချန်ခဲ့သလဲ”

“ဟာ ...ကွာ၊ ကျော်မြင့် အပါအ၀င် ကျန်နေခဲ့တဲ့ ဂန္တ၀င်လူမိုက်တွေ အကြောင်းကတော့ မင်းထုတ်မယ့် လုံးချင်းစာအုပ်ထဲမှာသာထည့်ရေးလိုက်တော့၊ သူတို့အဖြစ်အပျက်တွေက အရမ်းအံ့သြထူးဆန်းလွန်းလို့ ဘယ်လိုပြန်ပြောရမှန်းတောင် မသိဘူး၊ သိပ်လက်ကောက်ကျတယ်”

သူ၏စကားအဆုံးတွင် ကျန် သူများက သဘောကျစွာ ရယ်မောလိုက်ကြသည်။ သူတို့၏ ရယ်သံများသည် ဆူညံရှုပ်ထွေးနေသော အင်းစိန်လမ်းမကြီးပေါ်တွင် ပျောက်ဆုံး ကျန်ရစ်ခဲ့လေသည်။

“ဥပဒေဆိုတာ မှန်သလား၊ မှားသလား ငါမသိ။
ထောင်ကျ အကျဉ်းသားတွေရဲ့ အသိမှာ...
ထောင်နံရံတွေ ခိုင်ခန့်လှတယ်။
ပြီးတော့ နေ့တွေကလည်း..
ခုနှစ်တွေလို ရှည်လျားလွန်းလှရဲ့။”
(အော်စကာဝိုင်း)
(ပြီးပါပြီ)
http://www.tomorrow.com.mm/?q=articles%2F3596


  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၃) -
  •  အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၄) - ဇော်သက်ထွေ
  •  အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၅)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၆)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၇)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၈)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၉)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၉)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၀)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၃)

  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၄)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၅)
  • No comments:

    Post a Comment