Latest News

Saturday, July 22, 2017

မြောက်ကိုရီးယား နဲ့ အဆက်ဖြတ်ဖို့ မြန်မာကို အမေရိကန် ပြောကြား

မြောက်ကိုရီးယား နဲ့ အဆက်ဖြတ်ဖို့ မြန်မာကို အမေရိကန်ြေေပြောကြ
ား

မြန်မာ့တပ်မတော်ကို မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်သွယ်မှုမှန်သမျှ လုံးဝဖြတ်တောက်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးပြောဆိုနေတယ်လို့ သတင်းရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရ အရပ်သားအစိုးရက မြောက်ကိုရီုးယားနဲ့ ပူးပေါင်းလုပ်ကိုင်မှု တစုံတရာ မရှိဖူးလို့ ငြင်းဆိုနေပေမယ့် မြန်မာစစ်တပ်ကတော့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ရှိနေဆဲဖြစ်ကြောင်းနဲ့ ဒီကိစ္စအတွက်  အမေရိကန်အစိုးရက စိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တနင်္လာနေ့က သွားရောက်ခဲ့တဲ့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Joseph Yun ဂျိုးဇက်ယွန် က  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ပြောဆိုခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်နေ့စွဲနဲ့ ဖြန့်ချိတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုမှန်သမျှ၊ အထူးသဖြင့် စစ်ရေးအရ ပူးပေါင်းဆက်သွယ်မှုဟာ အာရှတိုက်ကိုသာမက ကမ္ဘာတခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အန္ဒရယ်ကို ကာကွယ်တားဆီးရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ ရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ လတ်တလော တုန့်ပြန်ချက် မရသေးဖူးလို့လည်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

 မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်အတွင်း မြောက်ကိုရီးယားကနေ လက်နက်တွေဝယ်ယူခဲ့ပြီး မြောက်ကိုရီးယား ကျွမ်းကျင်သူတွေလည်း မြန်မာနိုင်ငံမှာ သွားရောက်လုပ်ကိုင်ပေးခဲ့တယ်လို့ ယုံကြည်ရကြောင်း အမေရိကန် အရာရှိဟောင်း ၂ ဦးကပြောပါတယ်။ ဒါပေမယ့် အဲဒီ ဆက်သွယ်မှုတွေမှာ နူကလီယာကိစ္စတော့ ပါဝင်ပတ်သက်ခြင်း မရှိပါဖူးလို့လည်း ဆိုပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်သွယ်မှုလုံးဝ မရှိတော့ဖူးဆိုတာကို  မသေချာသေးသမျှ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးဟာလည်း အပြည့်အဝ ပုံမှန်ဖြစ်ဖို့ မလွယ်ဖူးလို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်။

အမေရိကန်အစိုးရက အီရန်၊ မြောက်ကိုရီးယား နဲ့ ဆီးရီယားနိုင်ငံများ လက်နက်မပျံ့ပွားရေးဥပဒေအရ မြန်မာ့တပ်မတော် ကာကွယ်ရေးစက်မှုလုပ်ငန်းများ ညွန်ကြားမှုဦးစီးဌာန DDI (Directorate of Defense Industries) ကို ပြီးခဲ့တဲ့ မတ်လမှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။

တကယ်တော့ DDI ကိုမြောက်ကိုရီးယားနဲ့ စစ်ရေးပတ်သက်မှုအတွက် ၂ဝ၁၂ ခုနှစ်မှာကတည်းက ပိတ်ဆို့တားမြစ်စာရင်း ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် သမတ အိုဘားမား အစိုးရက မြန်မာပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပိတ်ဆို့စာရင်းက ဖယ်ရှားပေးခဲ့ပြီး သမတ ထရမ့် အစိုးရက အခု ပြန်လည် အရေးယူတာ ဖြစ်ပါတယ်။

RFA

No comments:

Post a Comment