Latest News

Thursday, July 20, 2017

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဝင်ခွင့် ဗီဇာတံဆိပ်တုံးအတုထုပေးသည့်ဂိုဏ်းကို ဖမ်းဆီး

ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဝင်ခွင့် ဗီဇာတံဆိပ်တုံးအတုထုပေးသည့်ဂိုဏ်းကို ဖမ်းဆီး

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့နယ်မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာတံဆိပ်တုံးအတု ထုပေးတဲ့အဖွဲ့ကို အလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်း အာဏာပိုင်တွေပူးပေါင်းပြီး ဇူလိုင် ၁၉ ရက်ညက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒီမတိုင်ခင် ဇူလိုင် ၁၈ ရက်နေ့က မဟာချိုင်နယ်မြေ ဘန့်ထုလပ်ရပ်ကွက်ရှိ အိမ်တအိမ်မှာ ပွဲစားတွေက လာထားသွားတဲ့ မြန်မာပြည်က  အလုပ်သမားပေါင်း ၁၀၀ ကျော်ကို ကယ်ထုတ်ပြီး တဲ့နောက်  AAC မဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့၊  LPN အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး အဖွဲ့ နဲ့ DSI ထိုင်းအထူးမှုခင်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ နဲ့ လ၀က၊ ရဲတွေပါပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နောက်ထပ် လူကုန်ကူခံသူ လူ ၆ ဦးကို ပြန်လာကယ်ထုတ်ရင်း ဗီဇာတံဆိပ်တုံး အတုတွေပါ တွေ့ခဲ့ရတာလို့ AAC မဟာ မိတ်အလုပ်သမားကူညီရေးအဖွဲ့မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“တနေ့ကကယ်လိုက်တဲ့ ၁၁၉ ယောက်နဲ့ တဖွဲ့တည်း၊  မနေ့ညက ထပ်သွားကယ်တာက ၆ ယောက်၊ ယောကျာ်း ၂ ယောက်၊ မိန်းကလေး ၄ ယောက်၊ သူတို့ကို ၂ နေရာခွဲထားတာ၊ အခန်းတခုထဲ ပိတ်ထားတာ။ ကျနော်တို့က အဲဒါကို သွားထုတ်တာပေါ့နော်၊ အဲဒီမှာ ပတ်စပို့ စာအုပ်မှာ ထုတဲ့ဗီဇာတုံးအတုကိုပါ ဖမ်းမိတာ။ တုံးထုမယ့် မြန်မာပတ်စပို့စာအုပ်ပေါင်း ၅၀ ကျော်တယ်။ အရင်က ဘယ်နှစ်အုပ်ထုပေးပြီးသွားလဲတော့ မသိဘူးပေါ့။ ပတ်စပို့ကတော့ အစစ်ပါ။ ဗီဇာက အတုဖြစ်တယ်။ အခုအဲဒါနဲ့ ပတ်သက်ပြီး အမျိုးသား ၂ ယောက်ကို ဖမ်းထားတယ်။ နှစ်ယောက်လုံး မြန်မာပဲ။ နာမည်တော့ ပြောလို့မဖြစ်ဘူး။ သူတို့တဂိုဏ်းလုံးမိဖို့ ထပ်လိုက်ရဦးမယ်လို့ ထိုင်းတာဝန်ရှိတွေကပြောတယ်။”

အဆိုပါ အလုပ်သမားတွေမှာ ပဲခူးတိုင်းက အများစုဖြစ်ပြီး ထိုင်းဘက်ခြမ်းကို အလုပ်လာလုပ်ဖို့  ပွဲစားအဆက်အသွယ်နဲ့ တဦးကို မြန်မာငွေ ကျပ် ၄ သိန်းမှ ၆ သိန်းထိ ပေးခဲ့ရကာ ဒီရောက်မှ အလုပ်အကိုင်မရှိလို့ အခက်အခဲဖြစ်နေရတာပါ။

ပွဲစားက သူတို့ကို တရားမ၀င် နယ်စပ်လမ်းကနေ ခေါ်ဆောင်ခဲ့တာကြောင့် ထိုင်းလ၀က ဗီဇာတုံး အစစ်တွေ မထုရဘဲ အခုလို အတုနဲ့ တိုးနေတာဖြစ်ပါတယ်။

လောလောဆယ် သူတို့အားလုံးကို ထိုင်းစစ်တပ် အချုပ်ခန်းမှာ ထိန်းသိမ်းထားပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်း-မြန်မာသံရုံးအလုပ်သမားအရာရှိတွေကို တယ်လီဖုန်းဆက်အကြောင်းကြား ထားပေမယ့် ဖုန်းမကိုင်သလို  တစုံတရာ လာရောက်အားပေးကူညီခြင်းလည်း မရှိကြောင်း၊  အလုပ်သမားတွေ ခုလိုဒုက္ခရောက်နေရတာကို အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေပါ သိစေချင်၊ ကူညီဖြေရှင်းပေးစေချင်တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

DVB

No comments:

Post a Comment