Latest News

Saturday, July 15, 2017

အလုံမြို့နယ်ရှိ တိုက်ခန်းအတွင်း၌ ခိုက်ရန်ဖြစ်ပွားရာမှ အိမ်ရှင်မှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးပြီး ကျူးလွန်သူမှာလည်း တိုက်ပေါ်မှ ခုန်ချ သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၅

ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အလုံမြို့နယ်၊ စောရန်ပိုင်မြောက် ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ (၆)လွှာတိုက်ခန်းတွင် ခိုက်ရန်ဖြစ်ပွားရာမှ အိမ်ရှင်အမျိုးသားမှာ ထိုးသွင်းဒဏ်ရာများ ဖြင့်သေဆုံးပြီး ပြစ်မှုကျူးလွန်သူမှာလည်း တိုက်ပေါ်မှခုန်ချ၍ ဒဏ်ရာများဖြင့်သေဆုံး
သွားကြောင်း သိရှိရပါသည်။


ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က အခင်းဖြစ်တိုက်ခန်း အနီးတွင် နေထိုင်သူမှ ရန်ဖြစ်သံများကြားရကြောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ တက်ရောက်ကြည့်ရှုစဉ် အခန်းသံပန်းတံခါးမှာ သော့ခတ်ထားလျက်တွေ့ရှိပြီး အခန်းအတွင်း၌ လူငယ်တစ်ဦးအားတွေ့ရှိသဖြင့် မေးမြန်းရာ အဆိုပါလူငယ်မှ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်းပြောပြီး အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းပေးမည်ဟုပြောဆိုနေစဉ် ပြူတင်းပေါက်မှ ခုန်ချသွားကြောင်း၊ ၎င်းအမျိုးသားမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နေ နေမင်း(ခ)နေနေ၊ (၂၀)နှစ်ဖြစ်ကြောင်း၊ ၎င်းထံမှ HUAWEIနှင့် Oppo အမျိုးအစားလက်ကိုင်ဖုန်း(၂)လုံး ၊(၅၀၀၀) ကျပ်တန် ငွေစက္ကူ (၉၂)ရွက်၊ (၂၀၀)ကျပ်တန်(၁)ရွက်၊ (၅၀)ကျပ်တန်(၁)ရွက်တို့ကို တွေ့ရှိခဲ့ပြီး Oppo လက်ကိုင်ဖုန်းမှာ အိမ်ရှင်ဖြစ်သူ ဦးထွန်းထွန်းထူး၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရှိရပါသည်။

အခင်းဖြစ်ရပ်သို့ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက် စစ်ဆေးခဲ့ရာ နေအိမ်သံပန်းတံခါးမှာ သော့ခတ်ထားသဖြင့် အိမ်ရှေ့လှေကားထိပ်တွင်တွေ့ရှိသော သော့ဖြင့်ဖွင့်လှစ်၍ တိုက်ခန်းအတွင်း ၀င်ရောက်ကြည့်ရှုစစ်ဆေးရာ နောက်ဖေးခန်း၌ အိမ်ရှင်ဖြစ်သူ
ဦးထွန်းထွန်းထူး၊ (၄၀)နှစ်မှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းမှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။



တိုက်ပေါ်မှခုန်ချသူ နေမင်း(ခ)နေနေမှာ ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ၁၁၃၀ အချိန်တွင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုံမြို့မရဲစခန်း(ပ)၁၉၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment