Latest News

Saturday, July 1, 2017

တရားရုံး၏ ဆုံးဖြတ်မှုကြောင့် အိုးအိမ်မဲ့ဖြစ်ရသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်

တရားရုံး၏ ဆုံးဖြတ်မှုကြောင့် အိုးအိမ်မဲ့ဖြစ်ရသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင်-၁

တိုက်ကြီးမြို့နယ် တရားရုံး၏ လွဲမှားစွာဆုံးဖြတ်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသည် ကို မကျေနပ်ဟုဆိုကာ တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အေးသစ္စာကျေးရွာ၌ နေထိုင်သည့် ဦးကျော်ဝင်းမိသားစုက ဇူလိုင် ၁ ရက်ညနေ ၃ နာရီ၌ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ဦးကျော်ဝင်းမိသားစုအနေဖြင့် တိုက်ကြီးမြို့နယ် တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းရှိ မြေနေရာတွင် ၂၀၀၆ ခုနှစ်မှစ၍ မြေနေရာ ခုတ်ထွင် ရှင်းလင်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သုံးဦး ပြောင်းခဲ့သည့်အချိန်ထိ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ဖူးခြင်းမရှိကြောင်း၊ ယခုပြောင်းလာသည့် အုပ်ချုပ်ရေးမှူး လက်ထက်တွင် ဦးကျော်မင်းက ၎င်းပိုင်ဆိုင်သည့် မြေကွက်ဖြစ်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့ပြီး တိုက်ကြီးမြို့နယ် တရားရုံးက လွဲမှားစွာ အမိန့်ချမှတ်ခဲ့သည့်အတွက် ဦးကျော်ဝင်း မိသားစုအနေဖြင့် အိုးအိမ်မဲ့ဖြစ်ရသည်ဟုဆိုကာ မကျေနပ်၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ် ကြောင်း ဦးကျော်ဝင်းက ပြောဆိုသည်။

၎င်းက ‘ကျွန်တော့်အိမ်ကို အုပ်ချုပ်ရေးမှူးအဖွဲ့က ပေါင်းပြီး လက်မှတ်ထိုးတဲ့အတွက် တရားသူကြီးက မှားပြီး အမိန့်ချလိုက်တယ်။ တရားမ၀င်နေတဲ့ ကျူးကျော်ရပ်ကွက်ကြီးမှာ ဘယ်သူမှ တရားမ၀င်ပါဘူး။ တရားမ၀င်တဲ့နေရာမှာ တရားဝင်တယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ကျွန်တော်ရှုံးသွားတယ်။ အုပ်ချုပ်ရေးမှူး လက်မှတ်တွေ အခုလိုပေါင်းပြီး လုပ်လို့ရတယ်ဆိုရင် ကျွန်တော့်လိုလူတွေ အများကြီးလမ်းမပေါ်ထွက်လာနိုင်တယ်။ အဲဒီလိုလူမျိုးတွေ နောက်ကိုမရှိရအောင်၊ ကျွန်တော့်လိုမဖြစ်ရအောင် တရားရေးမဏ္ဍိုင်ကနေ တရားစွဲဆိုပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခြင်းဖြစ်တယ်’ဟု ပြောဆိုသည်။

ဦးကျော်ဝင်း၏နေအိမ်မှာ မေ ၁၆ ရက်က ဖျက်သိမ်းခံရခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုက်ကြီးမြို့နယ် တရားရုံးရှေ့တွင် မေ ၂၂ ရက်မှ ဇွန် ၂၂ ရက်အထိ တစ်လကြာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် မဟာဗန္ဓုလပန်းခြံရှေ့တွင် လာရောက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးကျော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းထွေးက ‘ဒီနေရာ ကျွန်မတို့နေတုန်းက ကိုယ့်ဘာသာရှင်းပြီးနေရတာပါ။ ဒီနေရာက သစ်တောကပိုင်တာပေါ့။ သစ်တောက ကျွန်မတို့ နေရာမရှိတဲ့သူတွေကို နေဆိုပြီးတော့ ပြောလို့နေတယ်ပေါ့။ ကျွန်မတို့မိသားစုခုနစ်ယောက် လက်လုပ်လက်စားနဲ့ လုပ်ကိုင်စားသောက်ပြီးနေရတယ်။ ကျွန်မတို့နေတော့လည်း နှစ်တိုင်းသစ်တောက ခေါ်တဲ့လုပ်အားပေးတွေမှာလည်း လုပ်ပေးရတယ်။ ဦးကျော်မင်းတို့ဆိုတာက အခုမှ ကျွန်မတို့သစ်ပင်တွေဘာတွေစိုက်ပျိုးပြီး စိမ်းစိမ်းစိုစိုဖြစ်မှ သူတို့နေရာဆိုပြီး ကျွန်မတို့ကို တရားစွဲတာဖြစ်တယ်’ဟု ပြောဆိုသည်။

အဆိုပါမြေနေရာသည် သစ်တောဦးစီးဌာနပိုင်မြေဖြစ်ကြောင်း၊ ယင်းမြေပေါ်တွင် ကျူးကျော်နေထိုင်သူပေါင်း ၅၀ ကျော်ရှိကြောင်း၊ ဦးကျော်ဝင်းမိသားစုအနေဖြင့် လက်ရှိတွင်နေစရာမရှိသဖြင့် လမ်းဘေးတွင်တဲထိုး၍ နေထိုင်နေရကြောင်း၊ ယင်းကိစ္စအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာများ ပေးပို့သွားမည်ဖြစ်ကြောင်း တိုက်ကြီးမြို့နေ ဦးမြကြီးက ပြောဆိုသည်။
မင်းမင်းထွန်း(စံတော်ချိန်)

No comments:

Post a Comment