Latest News

Monday, July 17, 2017

အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနဲ့ အချုပ်စခန်းတွေကို လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

အကျဉ်းထောင်၊ ကုန်ထုတ်စခန်းနဲ့ အချုပ်စခန်းတွေကို လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ မွန်ပြည်နယ် သထုံခရိုင်မှာရှိတဲ့ အကျဉ်းထောင်တွေ၊ ကုန်ထုတ်စခန်းတွေနဲ့ အချုပ်စခန်းတွေကို ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်တာ မတွေ့ရဘဲ အတန်အသင့် အားနည်းချက်တွေ တွေခဲ့ရတယ်လို့ စစ်ဆေးရာမှာ ပါဝင်တဲ့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်မှု ကြီးကြီးကျယ်ကျယ်တော့မရှိပါဘူး၊ ဒါပေမဲ့ အတန်အသင့် အားနည်းချက်ကလေးတွေ တွေ့ရပါတယ်၊ အဲဒါလေးတွေကို အန်ကယ်တို့အဖွဲ့က ရန်ကုန်ရောက်ပြီးတော့မှ ပြန်လည်ဆွေးနွေးညှိနှိုင်းပြီးတော့ ကော်မရှင်ဥက္ကဌကြီးကို တင်ပြပြီးတော့မှ ဆိုင်ရာဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ အကြံပြုစာပေးရမှာပါ"

ရင်းငြိမ်ကျောက်ထုတ်စခန်း၊ ဇင်းကျိုက်ကျောက်ထုတ်စခန်း၊ အင်းဗြောင်ကျောက်ထုတ်စခန်း၊ ရဲစခန်း အချုပ်စခန်း၊ တရားရုံးအချုပ်စခန်းနဲ့ သထုံ အကျဉ်းထောင်တွေကို ဒီနေ့ စစ်ဆေးခဲ့ပြီး မနက်ဖြန်မှာ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အချုပ်တွေကို စစ်ဆေးသွားမယ်လို့သိရပါတယ်။

ဒီနှစ်အစကစပြီး ဇွန်လအထိ အကျဉ်းထောင်ပေါင်း ၁၄ ထောင်စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးချက်တွေအရ လူအခွင့်ရေးချိုးဖောက်တာတွေတချို့ရှိပြီး ရိုက်နက်တာ၊ စားရေးသောက်ရေး အဆင်မပြေတာ၊ မိသားစုနဲ့ တွေ့ခွင့်မရတာ၊ အချုပ်သားတွေများတာ၊ မူးယစ်ဆေးဝါးနဲ့ အကျဉ်းကျတာ များတာတွေ တွေ့ရှိခဲ့ရတယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

သထုံခရိုင်အတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ကျောက်ထုတ်စခန်းတွေမှာ ကျန်းမာရေးမှူးတွေ ထားရှိပေးထားတယ်လို့ သိရပါတယ်။

တခြားတိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင်တွေ၊ အချုပ်တွေ၊ ကျောက်ထုတ်စခန်းတွေကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်က သွားရောက် စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

Photo: Kyaw Lwin Oo/ RFA

No comments:

Post a Comment