Latest News

Sunday, July 16, 2017

နိုင်ငံသားစိစစ်မခံဖို့ နောက်ကွယ် ကနေ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးပြော


ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ပသတင်းမီဒီယာသမားတွေ ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံစဉ်။ Photo: Min Thein Aung/ RFA
အစိုးရရဲ့နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို လက်မခံဖို့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသမှာရှိတဲ့ မွတ်ဆလင်တွေကို နောက်ကွယ်ကနေ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကိုသွားရောက်ခဲ့တဲ့ ပြည်ပသတင်းမီဒီယာသမားတွေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဒီနေ့တွေ့ဆုံစဉ်မှာ သတင်းထောက်တစ်ဦးက မွတ်ဆလင်တွေရဲ့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောလိုက်တာဖြစ်ပါတယ်။

"အောက်ခြေမှာရှိတဲ့ သူတို့ဘင်္ဂလီဆင်းရဲသားတွေဟာ အပေါ်ကနေပြီး ကြိုးကိုင်ချယ်လှယ်မှုတွေ ရှိပါတယ်၊ တိုက်တွန်းမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက်ကြောင့် NVC ကဒ်ကို မလုပ်ရဲတာဖြစ်ပါတယ်၊ NVC ကဒ် လုပ်တဲ့သူကို သတ်တာတွေ၊ ကျနော်တို့အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူတွေကို ဆွဲထုတ်ပြီးသတ် တာတွေ ဒါကြမ်းတဲ့အဖွဲ့အစည်းတွေ သူတို့နောက်မှာရှိတယ်၊ အဖွဲ့အစည်းနာမည်တော့ ကျနော်တို့ အတိ အကျမသိနိုင်ဘူး၊ သို့သော်လည်း အကြမ်းဖက်အဖွဲ့အစည်းရဲ့ လုပ်ရပ်ဆိုတာတော့ သိသာထင်ရှားပါတယ်"

မွတ်ဆလင်တွေကို နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အစိုးရက NVC ကဒ်တွေကို ထုတ်ပေး ရာမှာ လက်မခံကြတာကြောင့် လူဦးရေ တစ်ထောင်ကျော်လောက်ကိုသာ ထုတ်ပေးနိုင်တယ်လို့ ပြောပါတယ်။

မွတ်ဆလင်တွေ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံထားရတဲ့ကိစ္စကို မေးမြန်းကြရာမှာတော့ နိုင်ငံသားအဖြစ် အစိုးရက အသိအမှတ်ပြုသူတွေ ကိုသာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကို ရရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကတော့ အစိုးရအနေနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ နှစ်ဘက် အသိုင်းအဝိုင်း အပြန်အလှန်ဆက်ဆံရေးနဲ့ အတူလက်တွဲနေထိုင်ရေး ကိစ္စရပ်တွေကို အကောင်အထည်ဆောင် ရွက်ဖို့ ကြိုးပမ်းနေဆဲမှာပဲ အကြမ်းဖက်ပဋိပက္ခတွေကြုံခဲ့ရတဲ့ အခက်အခဲတွေဖြစ်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ မွတ်ဆလင်တွေကို မူလအနေအထားအတိုင်း ပြန်ရောက်အောင် ကြိုးပမ်းသွားမယ် လို့လည်း ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment