Latest News

Saturday, July 22, 2017

မြောက်ကိုရီးယား စစ်တပ်နဲ့ တိတ်တိတ်ပုန်း ဆက်ဆံရေးကြောင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာနိုင်လား

မြောက်ကိုရီးယား စစ်တပ်နဲ့ တိတ်တိတ်ပုန်း ဆက်ဆံရေးကြောင့်
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်ဖြစ်လာနိုင်လား

စစ်အာဏာရှင်လက်အောက် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်ပြီးတဲ့နောက်ပိုင်း သူ့နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ မဟာဗျူဟာ ဆက်ဆံရေးဟာ လုံးဝ ရပ်တန့်သွားပြီလို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ တစ်ယောက် အယုံသွင်း ခံထားရပုံပါပဲ။

အမေရိကန်အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ဂျိုးဆက်ပ်ယန် ဒီတစ်ပတ်အတွင်း လာရောက်စဉ်မှာ ဦးကျော်ဇေယျက မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သာမန်ဆက်ဆံရေးသာ ရှိပြီး စစ်တပ်ခြင်းဆက်ဆံရေး လုံးဝ မရှိတော့ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရင်က နီးကပ်တဲ့ ဆက်ဆံရေးမှာ လက်နက်ရောင်းအ၀ယ်၊ ဒုံးကျည်ထုတ်လုပ်ရေးနဲ့ မြန်မာနိုင်ငံမှာ မြေအောက် လျှို့ဝှက်ကွယ်ရေး အဆောက်အဦး ဆောက်လုပ်မှုတွေ ပါဝင်ပါတယ်။ အာရှပေါ်လစီမှာ ဆုံချက်အဖြစ်ထားရှိမယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို ကျဉ်မထားဘဲ ထိတွေ့ဆက်ဆံရေး အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ ဆုံးဖြတ်ချက် မှာ စစ်တပ် ကျောထောက်နောက်ခံပြု မြန်မာအစိုးရက မြောက်ကိုရီးယားနဲ့ စစ်ဖက် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရေး အတွက်လည်း ရည်မှန်းခဲ့ပါတယ်။

ကုလက ပိတ်ဆို့မှုတွေပြုလုပ်ထားတဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ကုန်သွယ်နေတဲ့နိုင်ငံတွေကို ဖိအားပေးရေးကနေတစ်ဆင့် မြောက်ကိုရီးယားကို ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ ၀ိုင်းပယ်ရေး သမ္မတထရမ့်က အဓိကဦးစားပေးဆောင်ရွက်လာတဲ့ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်မှုကတိကို ထိန်းသိမ်းထားဖို့ဟာ ၀ါရှင်တန်အတွက် ပိုပြီး အရေးကြီးလာပါတယ်။

ဒါပေမယ့် ယန်ရဲ့ နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သား အစိုးရအနေနဲ့ ကိုယ့်မင်းကိုယ့်ချင်း စစ်တပ်ရဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေအပေါ်မှာ တကယ်တမ်း ဘယ်လောက်အထိ သိသလဲ၊ မကြာသေးခင်ကမှ ဖယ်ရှားပေးခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယားနဲ့ အဆက်အသွယ်မဖြတ်တဲ့အတွက် ပြန်လည် ပြုလုပ်ဖို့ အမေရိကန်က စဉ်းစားလာမလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်စေပါတယ်။

ကိုရီးယားကျွန်းဆွယ်က တင်းမာမှုတွေ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အလေးထားဆွေးနွေးခဲ့ကြတဲ့ စင်ကာပူက အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပြီးတဲ့နောက် ယန်ဟာ မြန်မာနိုင်ငံကို ရောက်လာပြီး ဆွေနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်ရဲ့ ထိပ်တန်းကိုယ်စားလှယ် ယန် ဟာ ဒီ့အပြင် ဘယ်နိုင်ငံမှ မသွားပါဘူး။

အမေရိကန်ကိုရောက်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားကို ပိုပြီး ၀ိုင်းပယ်နိုင်ရေး အထောက်ကူဖြစ်စေဖို့ သူလိုလားတဲ့ အာမခံချက်မျိုး ယန်တစ်ယောက် ရခဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာ့တပ်မတော်အကြီးအကဲ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ မိတ်ဆွေနိုင်ငံတွေသာရှိပြီး ရန်သူမရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းက စစ်တပ်တွေနဲ့ ထိတွေ့ဆက်ဆံလိုကြောင်း ယန်နဲ့တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်၊ လစ်ဗျားနဲ့ ဆီးရီးယားတို့လို စစ်လက်နက်ပစ္စည်း ၀ယ်ယူတဲ့ အဓိကဖောက်သည်တွေ ဆုံးရှုံးသွားတဲ့အချိန် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ မြောက်ကိုရီးယားအတွက် တော်တော်လေး အရေးကြီးလာပါတယ်။ ၁၉၉၀ ပြည့်နှစ် လောက်ကတည်းက တိတ်တိတ်ပုန်း စတင်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ ဗိုလ်ချုပ်ကြီးရွှေမန်း ပြုံးယမ်ကို တရားဝင် သွားရောက်ခဲ့တဲ့ အချိန်မှာ ပိုပြီး ခိုင်မာလာခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ ဦးရွှေမန်းနဲ့ သူ့ရဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားနဲ့ ကာကွယ်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဒုံးကျည်စခန်းတွေကို သွားရောက်လည်ပတ်တာ၊ လေကြောင်းကာကွယ်ရေး ရေဒါတွေကို ကြည့်ရှုလေ့လာတာတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတစ်ဝက် လျှော့ချပြီး ဆက်ဆံရေးပြန်တည်ဆောက်ဖို့ အိုအားမားရဲ့ဆုံးဖြတ်မှု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ကို အာရုံစိုက်တယ်ဆိုပေမယ့် အဓိကကတော့ ဒီသဘောတူချက်ကြောင့်ဖြစ်တယ်လို့ ဒေသတွင်း လုံခြုံရေး လေ့လာစောင့်ကြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှနဲ့ တောင်အာရှမှာ မြန်မာနိုင်ငံဟာာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာကျတဲ့ မဟာမိတ်အဖြစ် ပေါ်ထွက်လာမှုက အမေရိကန်ရဲ့ မဟာဗျူဟာအတွက် အိပ်မက် ဆိုးဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ ဦးသိန်းစိန် နောက်တစ်နှစ် စင်ကာပူကိုသွားတဲ့အချိန် မြောက်ကိုရီးယားနဲ့ နျူကလီးယားဆက်ဆံရေးရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘အခြေအမြစ်မရှိဘူး’ လို့ ပြောကြားခဲ့တဲ့ စကားအတွက် ပြန်ပေးတဲ့အနေနဲ့ အမေရိကန်က ဒီလို ပေါ်လစီအပြောင်းအလဲ လုပ်ပေးလိုက်ပုံရပါတယ်။

ဒါပေမယ့် အရင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ ဒီကိစ္စကို လှည့်ဖျားလိုက်တာသာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ နျူ ဆက်ဆံရေးဟာ မြန်မာနိုင်ငံက နျူကလီးယားဓာတ်ပေါင်းဖို ဆောက်ချင်တဲ့ ရည်ရွယ်ချက်အတွက် ဖြစ်တယ်လို့ သံသယတွေ ရှိနေပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားတို့ နျူကီလီးယား ဆက်ဆံရေး ထူထောင်ထားကြောင်း တိကျခိုင် လုံတဲ့ သတင်းရင်းမြစ်တော့ မရှိပါဘူး။ ၂၀၀၀ ပြည့်နှစ်တွေက မြန်မာနိုင်ငံမှာ နျူဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်ရေး ကူညီဖို့ ရုရှားရဲ့ အစီအစဉ်ဟာလည်း ငွေကြေးပြဿနာ ကြောင့် ပျက်သွားပါတယ်။

မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ၁၃၀ မမ M-46 အမြောက်တွေ၊ ထရပ်ကားမှာ တပ်လို့ရတဲ့ ၂၄၀ မမ ဒုံးကျည်လောင်ချာအမျိုးမျိုး ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်တစ်ဝိုက် အပါအ၀င် နိုင်ငံတစ်ဝှမ်း နေရာတော်တော်များများမှာ မြေအောက်ဘန်ကာတွေ၊ လှိုဏ်ခေါင်းတွေ၊ လျှို့ဝှက်အဆောက်အဦးတွေ အများအပြား ဆောက်လုပ်ရာမှာ မြောက်ကိုရီးယားက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ တော်တော်လေးကို လျှို့ဝှက်တဲ့ ရင်းမြစ်တစ်ခုက မန္တလေးအရှေ့မြောက်ပိုင်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်မှာ အခြေစိုက်တဲ့ မြောက်ကိုရီးယားဆရာတွေဟာ မကြာသေးခင်ကပဲ ရေတပ်က တိုက်ပွဲဝင်သင်္ဘောတွေမှာ ကွန်ပျူတာကနေထိန်းချုပ်တဲ့ ပစ်ခတ်မှုစနစ်ကို သင်ကြား ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပိုပြီး စိုးရိမ်စရာကောင်းတာက နိုင်ငံအလယ်ပိုင်း မင်းလှမြို့ အနီးက လျှို့ဝှက် ကာကွယ်ရေးလက်နက်စက်ရုံတစ်ခုနဲ့ အခြားသော လျှို့ဝှက်နေရာတွေမှာ ဒုံးကျည်ထုတ်လုပ်မှုကို မြောက်ကိုရီးယားက ကူညီခဲ့တယ်၊ လက်ရှိမှာလည်း ကူညီနေတဲ့ အလားအလာတွေ ရှိနေတယ်လို့ အာရှနဲ့ အနောက်တိုင်းက လုံခြုံရေးရင်းမြစ်တွေရဲ့ ပြောကြားမှုပါပဲ။

တော်တော်တိတိကျကျလိုက်ထားတဲ့ အာရှနဲ့ အနောက်နိုင်ငံက အမည်မဖော်လိုတဲ့ လုံခြုံရေးရင်းမြစ်တွေက ဗိုလ်ချုပ် သိန်းဌေး ဦးဆောင်တဲ့ မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ် မှုရုံး (DDI) ဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ စစ်ဖက်ဆက်ဆံရေးကို ဆက်လက် ဆောင်ရွက်နေတုန်းပဲလို့ Asia Times ကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုစားလှယ် ယန် မြန်မာနိုင်ငံကို မလာမီမှာ ဦးကျော်ဇေယျက မြန်မာနိုင်ငံဟာ မြောက်ရီးယားနဲ့ပတ်သက်ပြီး ကုလရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“စစ်လက်နက်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာက မြောက်ကိုရီးယားကို ဒေါ်လာသန်းချီ ပေးနေရပါတယ်” လို့ ရင်းမြစ်တစ်ခုက ဆိုပါတယ်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားတာဝန်ရှိသူ ကင် ချိုလ်နမ်ဟာ ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Komid) အတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဒီအဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ လက်နက်နဲ့ ဒုံးကျည် နည်းပညာတွေ တင်ပို့ရောင်းချမှုလုပ်တဲ့ အမည်ခံအဖွဲ့ဖြစ် တယ်လို့ အဲဒီရင်းမြစ်ကပဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကုလက Komid အဖွဲ့ကို ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပါ ထပ်မံပိတ်ဆို့ခဲ့ပါတယ်။ အခုနှစ်မတ်လမှာ အမေရိကန်ဘဏ္ဍာရေးဌာနက ‘အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား လက်နက်မပြန်ပွားရေး အက်ဥပေဒအရ ပိတ်ဆို့မှု’ ခေါင်းစဉ် အောက်မှာ မြန်မာကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုရုံး (DDI) ကို ပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။

DDI ဟာ အရင်တုန်းကလည်း မြောက်ကိုရီးယားကို ကုန်ကြမ်းပစ္စည်း ထောက်ပံ့မှုနဲ့ ပိတ်ဆို့ခံခဲ့ရပေမယ့် ဒီမိုကရေစီတိုးတက်မှုတွေအတွက် ဆုချတဲ့အနေနဲ့ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၂ ခုနှစ်မှာ အဲဒီပိတ်ဆို့မှုတွေကို ပယ်ဖျက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ အရေးပါတဲ့ လက်နက်ကိစ္စမှာ ပါဝင်ပတ်သက်မှုအတွက် ဗိုလ်ချုပ်သိန်းဌေးဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဘဏ္ဍာရေးဌာနက ချမှတ်တဲ့ ပိတ်ဆို့မှုကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ပိတ်ဆို့မှုဖယ်ရှားရေး အစီအစဉ်မှာ စာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။

မြောက်ကိုရီးယားနဲ့ လက်ရှိဆက်ဆံရေးကို ကျန်ကမ္ဘာကြီးနဲ့ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရတို့ မသိရှိစေဖို့အတွက် မြန်မာစစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေကသာ Komid ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံမှုတွေ လုပ်ခဲ့ကြပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေမှုကို စစ်တပ် အကြီးတန်းတာဝန်ရှိသူတွေက အတည်ပြုထားပေမယ့်၊ လက်ရှိ ဆက်ဆံမှုအနေအထား အတိအကျကိုတော့ အယုံကြည်ရဆုံး အတွင်းစည်းက ခေါင်းဆောင်တွေပဲ သိကြတယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ရပ်တန့်မယ်ဆိုတဲ့ ဦးသိန်းစိန်ရဲ့ ကတိဟာ အစကတည်းက မရိုးမသား ထိန်ချန်ပြောကြားမှုသာ ဖြစ်တယ်ဆိုတာကို အမေရိကန် ကာကွယ်ရေးတာဝန်ရှိတွေက တိတိကျကျ သိထားကြပါတယ်။

ဦးသိန်းစိန် သမ္မတရာထူးယူပြီး လအနည်းငယ်အကြာ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်း- မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပထမဆုံး ငြင်းဆိုတဲ့ အချိန်လောက်မှာ အမေရိကန်စစ်သင်္ဘော USS Campbell ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ မြောက်ကိုရီးယား ကုန်တင်သင်္ဘော M/V Light ကို ဒုံးကျည်အစိတ်အပိုင်းတွေနဲ့ အခြား စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်မှုသံသယနဲ့ ဖမ်းဆီးခဲ့ပြီး ဒီလူသတ်လက်နက်တွေကို မြောက်ကိုရီးယားပြန်ပြီး ချထားဖို့ အမေရိကန်စစ်သင်္ဘောက ဖိအားပေးခဲ့ပါတယ်။

အဲဒီအချိန်ပိုင်းလောက်မှာပဲ မလေးရှားအခြေစိုက် မြောက်ကိုရီးယား ကုမ္ပဏီ Glocom က မြန်မာနိုင်ငံကို တိုက်ပွဲဝင် ရေဒီယိုပစ္စည်းတွေ ရောင်းချခဲ့ပါတယ်။ Glocom ကို နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေ၊ လက်နက်ရောင်းဝယ်မှုတွေ လုပ်နေတဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေအဖွဲ့ Reconnaissance General Bureau က ချုပ်ကိုင်ထားတာဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ လက်နက်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကုလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့အပြီး ရက်အနည်းငယ်အကြာမှာပဲ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင်ဆွတ်ချိုကို Komid ရဲ့ လက်နက်ရောင်းဝယ်ရေးကိစ္စ စီစဉ်ပေးမှုနဲ့ အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကင်ဆွတ်ချို့ရဲ့ လက်နက်ရောင်းချရေးအစီအစဉ်မှာ မြန်မာနိုင်ငံကို ပစ်မှတ်ထားတယ်၊ ဒါမှမဟုတ် မြန်မာနိုင်ငံဟာ Komid ရဲ့ ၀ယ်လက်ဖြစ်တယ်လို့ အမေရိကန်ရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပေမယ့် ဒီကိစ္စတွေကို ခြေရာခံလိုက်နေတဲ့ မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Komid နဲ့ မြန်မာတို့ရဲ့ဆက်စပ်မှုကို ထင်ထင်ရှားရှား သိရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရအသစ်ဟာ မြောက်ကိုရီးယားရဲ့ လက်နက်ပြန့်ပွားရေး အမေရိကန်ရဲ့ စိုးရိမ်မှုအပေါ် ပိုမိုအလေးထားမယ်လို့ ၀ါရှင်တန်က မျှော်လင့်ကောင်း မျှော်လင့်နိုင်ပါတယ်။

အမေရိကန်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟာ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးမှာ အာဏာစင်ပြိုင်ရှိနေမှုကို အသိအမှတ်ပြုသွားပါတယ်။

အမေရိကန်အတွက်ပြဿနာက မြန်မာ အရပ်သားအစိုးရဟာ ကာကွယ်ရေးကိစ္စတွေမှာ ၀င်စွက်လို့မရတာ၊ စစ်တပ်ရဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆက်ဆံရေးတွေကို သိရှိတဲ့အနေအထား မရှိတာတွေ ဖြစ်ပါတယ်။

မိတ်ဆွေပဲရှိတယ်၊ ရန်သူ မရှိဘူးလို့ ယန် လာရောက်ပြီးနောက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကတိက၀တ် မပါတဲ့ ပြော ကြားမှုကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးဟာ မြောက်ကိုရီးယားနဲ့ လျှို့ဝှက်ဆက်ဆံရေးကို သိရှိနေပြီး ဒါကို ကိုင်တွယ် ထိန်းကျောင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

အိုဘားမားအစိုးရက ပယ်ဖျက်လိုက်တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်ရေး ဖြစ်နိုင်ချေအပါအ၀င် ဒီကိစ္စကို ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာကတော့ အခုအချိန် မှာ အမေရိကန်ရဲ့ အလုပ် ဖြစ်လို့နေပါပြီ။

Ref: Asia Times

(Asia Times တွင် ဘာတေးလ် လင့်တနာ ရေးသားသည့် Could US reset sanctions on Myanmar over North Korea? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

M-Media မှကူးယူဖော်ပြပါသည်။

BurmaDemocracy

No comments:

Post a Comment