Monday, July 31, 2017
မြောင်းမြမြို့ အာဇာနည်ကျောက်တိုင် စိုက်ထူခဲ့ရခြင်းသမိုင်း
မြောင်းမြမြို့ အာဇာနည်ကျောက်တိုင်ဘာကြောင့်စိုက်ထူခဲ့ရခြင်းရဲ့သမိုင်းလေးကိုသိပြီးသားသူတွေရှိသလို မသိရှိသေးသောညီငယ်ညီမငယ်များအတွက်တင်ပြလိုက်ရပါတယ် သမိုင်းအထောက်အထားများကိုဆရာမကြီးဒေါ်အမာတီထံမှရရှိခဲပြီး ဆရာမကြီးရဲ့ဆန္ဒအတိုင်းအာဇာနည်ကျောက်တိုင်သမိုင်းနှင့်အာဇာနည်(၄၁)ဦး၏အမည်စာရင်းကိုအာဇာနည်ကျောက်တိုင်တွင်ကမ္ပည်းရေးထိုးသွားမှာဖြစ်ပါသည်။
ချစ်ခြင်းအားဖြင့်
Moe Nyo (မြောင်းမြ )
" မြောင်းမြအာဇာနည်ကျောက်တိုင် "
အချိန်ကာလအားဖြင့် ( ၁၉၄၅ ) ခုနှစ် ၊ မြန်မာနိုင်ငံမှဖက်ဆစ်ဂျပန်တို့ဆုတ်ခွာခဲ့သောအချိန်ဖြစ်ပါသည်။ မြောင်းမြဆိပ်ကမ်း၊ကမ်းနားလမ်းတစ်လျှောက်တွင် (မြောင်းမြသူဌေးဦးဘလှကျန်းမာပါစေ၊ချမ်းသာပါစေ) ဟူသောကြွေးကြော်သံများဆူညံနေပြီး ထောင်မှလွတ်မြောက်လာသောအကျဉ်းသားများနေရပ်သို့ပြန်ကြရန်၊ ဦးဘလှနှင့်မြောင်းမြမြို့ဝန်ဦးခင်မောင်လတ်တို့က လှေ သမ္ဗန် မော်တော်များစီစဉ်ပေးပြီး စားသောက်ဖွယ်ရာထမင်းထုပ်များပေးဝေခြင်း၊ မြောင်းမြဈေးသူဈေးသားများ မြို့သူမြို့သားများကစားစရာများပေးဝေနေကြသဖြင့် တစ်မြို့လုံးဆူညံနေပါတော့သည်။
မြောင်းမြမြို့တော်ဝန်ဦးခင်မောင်လတ်နှင့် သူဌေးဦးဘလှတို့ညှိနှိုင်းပြီး မြောင်းမြအကျဉ်ထောင်မှတာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ အကျဉ်းထောင်ကြီးဖွင့်လိုက်ပြီး အကျဉ်းသားများအားလွှတ်ပေးလိုက်ခြင်းဖြစ်ပါသည်။ ( ထူးခြားချက်မှာ ) အကျဉ်းသားအားလုံးလွှတ်ပေးလိုက်သော်လည်း အကျဉ်းထောင်တွင်းဖမ်းဆီးခံခဲ့ရသောအာဇာနည်သခင်(၄၁)ဦးအားလုံးဝရှာမတွေ့ခဲ့ပေ။ ထိုသို့အဖြစ်အပျက်ဖြစ်ခဲ့ပြီး( ၂ )လကျော်ခန့်ကြာသောအခါယ္ခု အာဇာနည်ကျောင်းဝန်းအတွင်း မသင်္ကာဖွယ်ရာအပုတ်နံ့များထွက်ပေါ်လာပြီး ၄င်းအနံ့ထွက်ရာမြေမို့မို့အနီး အနက်ရောင်ပိတ်စရှည်များတွေ့ခဲ့သဖြင့် ၎င်းမြေမို့မို့ကိုတူးဖော်လိုက်ရာ လူသေအလောင်းများစွာကိုတွေ့လိုက်ရပါသည်။ ထိုအလောင်းများသယ်ယူရန်တွင်းထဲဆင်းသူများမှာတွင်းထဲမှပြန်ထွက်လာသောအခါတွင်းထဲရှိဆေးရည်အနံ့များအရသတိမေ့မျောနေသဖြင့် တွင်းကိုဘေးမှဖြတ်ထုတ်ကာ အလောင်းများကိုထွန်ခြစ်များဖြင့် သယ်ယူ၍တွင်းအနီးသရက်ပင်နားတွင်စုပုံ၍ထားပါသည်။ ၎င်းပက်ဖြန်းထားသောဆေးရည်အရ၊ အင်္ဂျီ လုံချည်များမမှတ်မိ အလောင်းများလည်းမည်သူမည်ဝါဟုမသိနိုင်၊ သရက်ပင်အရင်းတွင်စုပုံမီးရို့ကာအရိုးများကောက်ယူပြီး မြေအိုး(၄၁)အိုးတွင်ထည့်၍ယ္ခု လွတ်လပ်ရေး ပန်းခြံအ၀တွင်တန်းထိုးပြီးတင်ထားပါသည်။ ထိုအချိန်ကာလအာဏာပိုင်အဖွဲ့အစည်းများ၏ စီစဉ်မှုဟုသိရပါသည်။ ထိုအချိန်ကစာရေးသူသည်အထက်တန်းကျောင်းသူဘ၀ဖြင့်ဝါသနာသွားရောက်ကြည့်ရှု့ခဲ့ပြီး ယနေ့အထိမမေ့နိုင်အောင်ဖြစ်ခဲ့ရပါသည်။
ထိုအရိုးအိုးများမှ(၅)အိုးခန့်ကိုမသမာသူတို့ကအရိုးများသွန်၊ အိုးများယူသွားသဖြင့် ထိုအချိန်ကအာဏာပိုင်တို့၏စီစဉ်မှုအရ ယ္ခု လွတ်လပ်ရေး ကျောက်တိင်ုအနီးရှိမြေကွက်လပ်လမ်းသုံခွဆိုင်တွင်အရိုးအိုးများကိုမြှုပ်နှံပြီးကျောက်တိုင်စိုက်ထူခဲ့ပါသည်။ (၁၉၄၇)ဗိုလ်ချူ ပ်အောင်ဆန်းနှင့်အာဇာနည်များကျဆုံးပြီးနောက်၎င်းကျောက်တိုင်တွင်လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများပြုလုပ်ခဲ့ပါသည်။သို့သော်၎င်းကျောက်တိုင်အကြောင်းယနေ့အထိမသိသူများရှိခဲ့ပါသည်။
ထို့ကြောင့်၎င်းကျောက်တိုင်အကြောင်းကိုယ်တွေ့သိမြင်ခဲ့ရသောကျွန်မအနေဖြင့်၎င်းကျောက်တိုင်ကို(အာဇာနည်ကျောက်တိုင်)ဟုကမ္ဗည်းထိုးပေးရန်နှင့်ကျဆုံးခဲ့သောအာဇာနည်သခင်(၄၁)တို့၏အမည်များရေးထိုးပေးရန်လေးစားစွာတောင်းဆိုပါသည်။
ကျဆုံးခဲ့သောမြောင်းမြခရိုင်သခင်(၄၁)ဦး၏ဆွေစဉ်မျိုးဆက်များပါသိရှိစေရန်ရည်ရွယ်ရေးသားခဲ့ပါသည်။ ဤကျောက်တိုင်သည်မြောင်းမြသမိုင်း၏အဓိကမှတ်တိုင်ဖြစ်သောကြောင့် အနာဂတ်မြောင်းမြသူမြောင်းမြသားများသိရှိစေရန်ရေးသားတင်ပြအပ်ပါသည်။
ဒေါ်အမာတီ
ဆရာမကြီး(ငြိမ်း)
ရဲဝန်း၊အမက
မှတ်ချက်။ ။ ဖက်ဆစ်ဂျပန်များသည်အာဇာနည်သခင်များအားဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ပါသည်။
အာဇာနည်သခင်များ
မှာ.........
_ သခင်အေးမြင့် အာရှလူငယ် မြောင်းမြ
_ သခင်ဘထွန်းရင် တို့ဗမာအစည်းအရုံး မြောင်းမြ
_ သခင်အေးမောင် တို့ဗမာအစည်းအရုံး မြောင်းမြ
_ သခင်တင်မောင်(ခ)ငတ. တို့ဗမာအစည်းအရုံး မြောင်းမြ
_ သခင်တုတ်ပေါ(ခ)နေဒွန်း တို့ဗမာအစည်းအရုံး မြောင်းမြ
_ ကိုခင်လတ် ရုံးစာရေး မြောင်းမြ
_ သခင်ချစ်ဖေ တို့ဗမာအစည်းအရုံး ၀ါးခယ်မ
_ သခင်ဘထွန်း (မြို့ပိုင်) တို့ဗမာအစည်းအရုံး ၀ါးခယ်မ
_ သခင်ကြွယ် တို့ဗမာအစည်းအရုံး သရက်တော
_ သခင်ထွန်းတင် အာရှလူငယ် သရက်တော
_ သခင်စိုးခိုင် အာရှလူငယ် ကျွန်းကုန်း
_ သခင်ဖိုးအေး အာရှလူငယ် ကျွန်းကုန်း
_ သခင်ဖိုးတုတ် အာရှလူငယ် ကျွန်းကုန်း
_ သခင်စံသူ အာရှလူငယ် ကျွန်းကုန်း
_ သခင်ထင်းဝိန် အာရှလူငယ် လပွတ္တာ
_ သခင်ကျော် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဘစိန် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်တင်တင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်စံခင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဆရာခင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဟန်သိန်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်တုံကင်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်သိန်းမောင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်မောင်မောင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်မောင်တင် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဘငြိမ်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဘအုန်း တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဘလှ အာရှလူငယ် လပွတ္တာ
_ သခင်ဟံတင် အာရှလူငယ် လပွတ္တာ
_ သခင်ချစ်ညွန့်. တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်သာဟန် တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ဖိုးရွှေ တို့ဗမာအစည်းအရုံး မော်ကျွန်း
_ သခင်ဖိုးငွေ တို့ဗမာအစည်းအရုံး တို့ဗမာအစည်းအရုံး မော်ကျွန်း
_ မောင်ညွန့်. အရပ်သား ကြာကန်/သာလိကာကုန်း
_ သခင်မောင်လှ တို့ဗမာအစည်းအရုံး လပွတ္တာ
_ သခင်ထွန်းတင် (ထောင်မှူးကြီး) တို့ဗမာအစည်းအရုံး မြောင်းမြ
_ သခင်လှမောင် တို့ဗမာအစည်းအရုံး ကျူံ မငေး
_ သခင်ဘတင် တို့ဗမာအစည်းအရုံး ကျူံ မငေး
_ သခင်တင်ဦး(နယ်ပိုင်) တို့ဗမာအစည်းအရုံး ၀ါးခယ်မ
တို့ဖြစ်ပါသည်။
Moe Nyo
https://www.facebook.com/photo.php?fbid=1920014184952653&set=a.1383094055311338.1073741827.100008322700267&type=3&theater
မြောင်းမြမြို့ အာဇာနည်ကျောက်တိုင် စိုက်ထူခဲ့ရခြင်းသမိုင်း
Reviewed by timeayeyar
on
4:42 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment