ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်တရားစွဲမှုပိုမိုများပြားလာတဲ့အပေါ်စိုးရိမ်ပူပန်မှုနေကြတာကိုသိရကြောင်းမစ္စယန်ဟီးလီပြောကြား
ရန်ကုန်၊ ဇူလိုင် ၂၁
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲမှုတွေ ပိုမိုများပြားလာတဲ့အပေါ် စိုးရိမ်ပူပန်နေကြတာကို သူ့ရဲ့ ဒီအခေါက် မြန်မာနိုင်ငံခရီးစဉ်မှာသိလာခဲ့ရကြောင်း မစ္စယန်ဟီးလီကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ သူရဲ့ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ညနေက ရန်ကုန်မြို့ ချတ်ထရီယန်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့အခါမှာ သူက ဒီလိုပြောတာဖြစ်ပါတယ်။
ဘူးသီးတောင်အကျဉ်းထောင်ထဲမှာ အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အကျဉ်းသားတွေကိုလဲသူတွေ့ခဲ့ရတယ်လို့လဲ ဆိုပါတယ်။
ရခိုင်ပြည်နယ်က လူတွေကတော့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ သူတို့ရဲ့ စိတ်မကောင်းဖြစ်မှုတွေကို ရင်ဖွင့်ကြတယ်လို့လဲ မစ္စယန်ဟီးလီကပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ ယာယီအကြံပြုချက်တွေကို အစိုးရက ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နေတာတွေကိုလဲ သူတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ်ကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ရာမှာတော့ ပုံမှန်မဟုတ်တဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မြိုင်ကလေး ဘိလပ်မြေစက်ရုံဧရိယာကို သွားချင်ပေမယ့် မသွားခဲ့ရဘူးလို့လဲ သူကပြောပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖားအံ-ရန်ကုန်ကားလမ်းပေါ်ကနေပြီးတော့ အဲဒီ ဘိလပ်မြေစက်ရုံကို အံ့အားသင့်ဖွယ်မြင်ခဲ့ရပါတယ်တဲ့။ တစ်နေ့ကို ဘိလပ်မြေ တန် ၄၀၀၀ လောက်ထွက်တဲ့ စက်ရုံကို အဝေးကပဲမြင်ခွင့်ရခဲ့တယ်လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၉ ရက်နေ့ညနေပိုင်းကရောက်ရှိခဲ့တာဖြစ်ပြီး၊ သူဟာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်လောက် မြန်မာနိုင်ငံကို လာရောက်လေ့ရှိပါတယ်။ ဒီနှစ် ဇန်န၀ါရီလအတွင်းကလဲ မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါသေးတယ်။ မစ္စယန်ဟီးလီရဲ့ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက်ရောက်ရှိလာတဲ့ ခရီးစဉ်ဖြစ်ပြီး သူ့ရဲ့ ၁၂ ရက်ကြာခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအစိုးရပိုင်းက တာဝန်ရှိသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အစရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းကလဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ဆုံခဲ့ပါသေးတယ်။
မစ္စယန်ဟီးလီဟာ အခု ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ရက်တွေအတွင်းမှာ ကရင်ပြည်နယ်ကို ပထမဆုံး အကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ပြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့မှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာလည်းလေ့လာခဲ့သေးတယ်လို့သိရပါတယ်။
ရဲလွင်
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal
Friday, July 21, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်တရားစွဲမှုပိုမိုများပြားလာတဲ့အပေါ်စိုးရိမ်ပူပန်မှုနေကြတာကိုသိရကြောင်းမစ္စယန်ဟီးလီပြောကြား
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်တရားစွဲမှုပိုမိုများပြားလာတဲ့အပေါ်စိုးရိမ်ပူပန်မှုနေကြတာကိုသိရကြောင်းမစ္စယန်ဟီးလီပြောကြား
Reviewed by Ar Ti
on
9:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment