Latest News

Saturday, July 22, 2017

ၾသစေၾတးလ် နဲ့ အုပ်စုဗိုလ်လုမယ့် မြန်မာအသင်း ရဲ့နိုင်ပွဲ

သြစတြေးလျ နဲ့ အုပ်စုဗိုလ်လုမယ့် မြန်မာအသင်း ရဲ့နိုင်ပွဲ

မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂ဝ၁၈ အာရှ ယူ-၂၃ ပြိုင်ပွဲဝင်ခွင့် ခြေစစ်ပွဲရဲ့ အုပ်စု(F) ဒုတိယမြောက်ပွဲစဉ်မှာ အိမ်ရှင် မြန်မာအသင်း က ဘရူနိုင်းအသင်း ကို သုံးဂိုပြတ်နဲ့ အမှားအယွင်းမရှိ အနိုင်ယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်း ရဲ့ပွဲမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ သြစတြေးလျ အသင်းက စင်ကာပူအသင်း ကို ခုနှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့အတွက် မြန်မာအသင်း ဟာ ဘရူနိုင်းအသင်း ကို ဂိုးများများနဲ့ အနိုင်ယူနိုင်ဖို့အတွက် ကြိုးစားခဲ့တာကို တွေ့ရပါတယ်။


နိုင်ပွဲ သေချာပေါက်ရဖို့ လိုအပ်နေပေမယ့် နည်းပြချုပ် ဂတ်ဆီဇီ က စင်ကာပူအသင်း နဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားစာရင်း က ပွဲပယ်ခံထားရတဲ့ အောင်ကောင်းမာန်၊ ဒဏ်ရာရနေတဲ့ ထိုက်ထိုက်အောင်၊ မောင်မောင်လွင်နဲ့ မျိုးကိုထွန်းတို့နေရာမှာ ဒဏ်ရာ က ပြန်ပြီးသက်သာလာတဲ့ ငြိမ်းချမ်းအောင်၊ နိုင်လင်းထွန်း၊ တလန်ဟတ်ထန်း၊ ရန်ပိုင်စိုးတို့ကို ပြောင်းလဲအသုံးပြုသွားခဲ့ပါတယ်။

မြန်မာအသင်း ဟာ ဘရူနိုင်းအသင်း ကို ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပြီး အဖွင့်ဂိုး ကို အသင်းနဲ့ ပထမဆုံးပြန်လည်ပွဲထွက်ခွင့်ရခဲ့တဲ့ ငြိမ်းချမ်းအောင် က ပွဲချိန် ၁၉ မိနစ်မှာ ဟိန်းသီဟဇော်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်အဆုံးသတ်ပြီး သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာအသင်း က ဆက်ပြီး ဂိုးတွေရဖို့ ဖိကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် ဂိုးထပ်ရဖို့ ရုန်းကန်နေခဲ့ရကာ ဒုတိယ ဦးဆောင်ဂိုး ကိုတော့ မထင်မှတ်တဲ့ အနေအထားကနေ ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ပွဲချိန် ၄၃ မိနစ်မှာ အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ နိုင်လင်းထွန်း က ကွင်းလယ်စက်ဝိုင်း အကျော်ကနေ တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ ဘရူနိုင်းအသင်း ကစားသမား အက်နာဝီနဲ့ နိုင်လင်းထွန်းတို့ ဘောလုံးကို ခုန်ပြီး ယှဉ်အလုမှာ အက်နာဝီက ကန်မိသလိုဖြစ်ခဲ့လို့ ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်လိုက်ပါတယ်။

တစ်ယောက်လျော့သွားတဲ့ ဘရူနိုင်းအသင်း ဟာ ဒုတိယပိုင်း မှာလည်း မြန်မာအသင်း ရဲ့တိုက်စစ်ကို ခက်ခက်ခဲခဲ ခုခံနေခဲ့ရပြီး မြန်မာအသင်း တိုက်စစ်ဆင်မှုတွေ လွဲချော်နေခဲ့သလို ဂိုးသမား ရဲ့ ကာကွယ်မှုတွေကြောင့် ဘရူနိုင်း သက်သာရာရခဲ့တာပါ။

ဒါပေမဲ့ တစ်ယောက်အသာရထားတဲ့ မြန်မာအသင်း က ဂိုးတွေထပ်မံရယူနိုင်ဖို့ အားကုန်ကြိုးစားခဲ့တာကြောင့် ဘရူနိုင်းအသင်းနောက်ပိုင်းမှာ တောင့်မခံနိုင်တော့ဘဲ ပွဲချိန်မိနစ် ၆ဝ မှာ ပင်နယ်တီဧရိယာအတွင်းကနေ ကန်သွင်းခဲ့တဲ့ ငြိမ်းချမ်းအောင်ရဲ့ဂိုးကို ခွင့်ပြုလိုက်ရပါတယ်။

တတိယဦးဆောင်ဂိုး ရခဲ့ပေမယ့် နည်းပြချုပ် ဂတ်ဆီဇီ က ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ရန်ပိုင်စိုး၊ ငြိမ်းချမ်း အောင်တို့နေရာမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရှိုင်းသူရ၊ သန်းပိုင်တို့ကို ထပ်ထည့်ပြီး ဂိုးတွေရဖို့ ကြိုးစားခဲ့သလို အဓိကတိုက်စစ်ကစားသမား အောင်သူကိုလည်း သြစတြေးလျနဲ့ပွဲအတွက် အနားပေးကာ မောင်မောင်လွင်ကိုထည့်ပြီး ကစားခဲ့ပါတယ်။

တိုက်စစ်ကစားသမား တွေ ဝင်ရောက်လာခဲ့ပေမယ့် ဂိုးထပ်ရဖို့ ရုန်းကန်ခဲ့ရပြီး အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာမှုတွေကြောင့် သုံးဂိုးနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်မှာကျင်းပမယ့် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် မြန်မာအသင်းဟာ လာမယ့် ဇူလိုင်လ ၂၃ ရက်မှာ သြစတြေးလျ နဲ့ အုပ်စုဗိုလ်နေရာကို လုရတော့မှာပါ။

ဒုတိယမျှော်လင့်ချက်ဖြစ်တဲ့ အကောင်းဆုံး အုပ်စုဒုတိယ ငါးသင်းထဲပါဝင်ဖို့အတွက်ဆိုရင်လည်း မြန်မာက သြစတြေးလျကို အနိမ့်ဆုံးအဖြစ် သရေကစားနိုင်ဖို့ လိုပါတယ်။

The Voice

No comments:

Post a Comment