Latest News

Tuesday, July 25, 2017

အကျဉ်းစံတို့၏ စာသင်ကျောင်း

အကျဉ်းစံတို့၏ စာသင်ကျောင်း

‘‘စိတ်ဆန္ဒက တစ်ခုတည်းပါ။ အမြန်ဆုံးလွတ်မြောက်ဖို့၊ အမြန်ဆုံးအိမ်ပြန်ဖို့ပဲ ဖြစ်ပါတယ်’’ဟု မောင်ရဲထွဋ်အောင်က မျှော်လင့်ချက်အရောင်တောက်နေသော မျက်ဝန်းအစုံဖြင့် ပြောလိုက်သည်။

အသက် (၂၀ ) အရွယ်မောင်ရဲထွဋ်အောင် ရောက်နေသည့်နေရာက အင်းစိန်ထောင်ထဲတွင် ဖြစ်သည်။ အင်းစိန်အကျဉ်းထောင်သို့ သူ့အသက် (၁၈)နှစ်ကတည်းက ရောက်ရှိခဲ့ပြီးနောက် သည်အကျဉ်းထောင်ထဲမှာပင် ပညာဆက်လက်သင်ယူခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ရာ ဘောဂဗေဒဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ကာ အမှတ်ပေါင်း ၃၉၆ မှတ်ရရှိသည့် အကျဉ်းစံကျောင်းသားဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်တက်ရောက်ရန် စိတ်အားထက်သန်နေသော်လည်း သူ့လက်ရှိအခြေအနေက သူ့ကို အခွင့်အရေးမပေး။ ထောင်ကျနေသည့် အကျဉ်းသားတစ်ဦးအနေဖြင့် အဝေးသင်တက္ကသိုလ်မှ ဝိဇ္ဇာအထူးပြုဘာသာရပ် တစ်ခုခုသာ သင်ယူခွင့်ရမည်ဖြစ်သည်။ လွန်ခဲ့သည့် သုံးနှစ်က သူ၏ မိုက်မဲမှုတစ်ခုက သူ့အတွက် အရိပ်ဆိုးပမာဖြစ်နေသည်ဟု သူက ဆိုသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ထဲသို့ ၂၀၁၄ နိုဝင်ဘာ ၃၀ ရက်က သူ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယ မြောက်နှစ် ဖြေဆိုနေဆဲတွင် အ ပေါင်းအသင်းမှား၍  ဆေးခြောက်သုံးစွဲမိခဲ့သည်။ သုံးတတ်ခါစအချိန်မှာပင် ရဲကသတင်းရကာ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။ သူ့မျက်စိရှေ့မှာပင် ရှာဖွေရာ သူ့အိပ်ရာအောက်မှ ဆေးခြောက် ၀ ဒသမ ၀၉ ဂရမ်ရှာဖွေတွေ့ရှိခဲ့ သည်။ ဆေးခြောက် လက်ဝယ် တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင်ထောင်ဒဏ်ခြောက်နှစ်ကျခံခဲ့ရသည်။

‘‘ကျွန်တော် ဒီထဲရောက် ရောက်ချင်းပဲ နောက်တရမိတယ်။ နောင်တကို တတ်နိုင်သမျှ အဖတ်ဆယ်နိုင်မယ့် နည်းလမ်းကို ဒီထဲ ရောက်ပြီး ၂ နှစ်လောက်အကြာမှာ ကျွန်တော်တွေ့ခဲ့တယ်။ မအောင် သေးတဲ့ ဆယ်တန်းကို ဒီထဲက ဖြေမယ်လို့ပေါ့။ ကျွန်တော်တို့အတွက်တော့ ပညာသည်သာလွတ် မြောက်ရာဖြစ်ပါတယ်’’ဟု မောင်ရဲထွဋ်အောင်က သူ တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေဖြစ်ခဲ့ပုံကို ပြောပြသည်။

အကျဉ်းကျ ကျောင်းသားများကို အကျဉ်းထောင်တွင်းတွင် အခြေခံပညာသင်ကြားခွင့်၊ တက္ကသိုလ်ပညာသင်ကြားခွင့်ပေးလိမ့်မည်ဟု သူဘယ်တုန်းကမျှ မထင်ထား။ သို့သော် သူမရောက်မီ သုံး နှစ်ကပင် အင်းစိန်ဗဟိုအကျဉ်း ထောင်အတွင်းရှိ အကျဉ်းသားများကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုခွင့်ပေးနေခဲ့သည်ကို အကျဉ်းသားအချင်းချင်းထံမှ ကြားသိခဲ့ရသည်။ ထို့ကြောင့် မိခင်နှင့် အစ်မတို့ ထောင်ဝင်စာလာတွေ့ ချိန်တွင် ကျောင်းထွက်လက်မှတ်ယူခိုင်းကာ အကျဉ်းထောင်အတွင်းမှပင် စာမေးပွဲပြန်ဖြေရန် ဆုံးဖြတ်ခဲ့သည်။

မောင်ရဲထွဋ်အောင်ကဲ့သို့ပင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းမှ ဝင်ရောက်ဖြေဆိုသူ ၂၈ ဦး ရှိခဲ့သည်။ ကိုးဦးအောင်မြင်ခဲ့ပြီး မောင်ရဲထွဋ်အောင်က ဘောဂ ဗေဒဂုဏ်ထူးပါ ရခဲ့သည်။ သူနှင့်အတူအောင်မြင်ခဲ့သော ကျောင်းသားများသည်လည်း မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ခိုးမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အသက်(၂၀)အောက် လူငယ်များဖြစ်သည်။

သူတို့အားလုံးသည် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းရှိ အမှတ် (၁၃) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် တက်ရောက်သင်ယူပြီး အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ဝင်ရောက်ဖြေဆိုကာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော ကျောင်းနေအရွယ်နှင့် ကျောင်းနေဆဲလူငယ်အကျဉ်းသား၊ အချုပ်သားများ ပညာဆက်လက်သင်ယူနိုင်ရန် ၂၀၀၅ ဇန်နဝါရီ ၁၆ ရက်ကစ၍ အင်းစိန်ဗဟိုအကျဉ်းထောင်၊ စက်မှုလက်မှုဌာနဝင်းအတွင်းရှိ လူငယ်ဆောင်တွင် သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းသား ၃၉ ဦးကို အကျဉ်းသားကျောင်း ဆရာငါးဦးက သင်ကြားပေးသည်။

လူငယ်ဆောင်တွင် နှစ်အလိုက် အတန်းများတိုးချဲ့သင်ကြားပေးခဲ့ရာ ၂၀၀၇-၀၈ ပညာသင်နှစ်၌မူ အကျဉ်းထောင်၊ စက်မှုလက်မှု ဌာန (အလုပ်)ဘက်ရှိ အဆောင်သို့ ပြောင်းရွှေ့ကာ ပညာရေးဝန်ကြီး ဌာန၊ အမှတ် (၁၃) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ ကျောင်းသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အကျဉ်းထောင် အတွင်းရှိ ကျောင်းဖြစ်လာသည်။ အခြားထောင်များရှိ အကျဉ်းသား ကျောင်းသားအချို့မှာ ထောင်အတွင်းမှ စာမေးပွဲဖြေဆိုမှုရှိသော်လည်း အင်းစိန်ကဲ့သို့ ကျောင်းတက်၍ ဖြေဆိုရခြင်းမဟုတ်ဘဲ သင်တန်းသဘောမျိုး အတွင်း၌ တက်၍ ဖြေဆိုနေသည်ဖြစ်သည်။

၂၀၀၄-၀၅ ပညာသင်နှစ်တွင် သူငယ်တန်းမှ တတိယတန်းအထိ အကျဉ်းသား ၂၄ ဦး၊ ၂၀၀၅ -၀၆ ပညာသင်နှစ်တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ အကျဉ်း သား ၃၉ ဦး၊ ၂၀၀၆-၀၇ ပညာသင် နှစ်တွင် သူငယ်တန်းမှ ပဉ္စမတန်း အထိ အကျဉ်းသား ၁၅၉ ဦး၊ ၂၀၀၈-၀၉ ပညာသင်နှစ်တွင် သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ အကျဉ်းသား ၁၁၅ ဦး၊ ၂၀၀၉-၁၀ ပညာသင်နှစ်တွင် သူငယ်တန်းမှ သတ္တမတန်းအထိ အကျဉ်းသား ၁၇၆ ဦး၊ ၂၀၁၀-၁၁ ပညာသင်နှစ်တွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ အကျဉ်းသား ၁၄၀ ဦး ပညာသင်ကြားပေးခဲ့သည်။

၂၀၁၂-၁၃ ပညာသင်နှစ် တွင်မူ ဒသမတန်းပါ သင်ကြားပေးခဲ့ရာ ယခုနှစ်အထိ အင်းစိန်ဗဟို အကျဉ်းထောင်မှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူ ၂၉ ဦးရှိပြီ ဖြစ်သည်။

‘‘အဖြူ၊ အစိမ်းဝတ်ပြီး စာ သင်ကြားခွင့်ရတာကိုက သူတို့အ တွက် အခွင့်အရေးကြီးပဲ။ သူတို့ လည်း ဒါကို သိကြတယ်။ သူတို့က အခြေခံတော့ နည်းတယ်။ ဒါပေမဲ့ အားသာချက်က သူတို့မှာ တခြား အာရုံမရှိဘူး။ စာတစ်ခုပဲရှိတယ်။ သူတို့ရဲ့ ကျက်အား၊ အာရုံစူးစိုက် မှုနဲ့ပဲ မောင်းရတာ’’ဟု တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုသည့် အကျဉ်း သားများကို အကျဉ်းထောင်တွင်း ကျောင်းတွင် လာရောက်သင်ကြား ပေးနေသည့် အထက (၁) အင်း စိန်မှ အထက်တန်းပြဆရာ ဦးစိုး ထွန်းထွန်းနိုင်က ပြောသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ စာသင်ကျောင်းတွင် အကျဉ်သား ဆရာ ၁၁ ဦးက တစ်နှစ် ပတ်လုံး ပုံမှန်သင်ကြားပေးနေပြီး အထက (၁)အင်းစိန်နှင့် အလက (၁၃) အင်းစိန်မှ ဆရာ၊ ဆရာမ များက နှစ်စဉ် အောက်တိုဘာမှ ပညာသင်နှစ်ပြီးဆုံးသည်အထိ အ ပတ်စဉ် စနေနေ့တိုင်းတွင် အချိန်ပို ဝင်ရောက်သင်ကြားပေးနေသည်။  ထို့အပြင် ဒသမတန်းအတွက် ပြင်ပဆရာငါးဦးကလည်း အချိန်ပို များ ပို့ချပေးနေသည်။ အပတ်စဉ် တနင်္လာမှ စနေနေ့အထိ နံနက်၈ နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ နေ့ စဉ်စာသင်ချိန် ခုနစ်ချိန်ဖြင့် သင်ကြားရပြီး အကျဉ်းသားကျောင်းသားများသည် ပညာသင်ကြားရေးကိုသာ အာရုံစိုက်ရသည်ဟု အင်း စိန်ဗဟိုအကျဉ်းထောင် ထောင်ပိုင်အကျဉ်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးမျိုးဦးကဆိုသည်။

‘‘ပြစ်ဒဏ်ကျပေမယ့် ဘာအ လုပ်မှ မလုပ်ရပါဘူး။ စာကိုပဲ တစိုက်မတ်မတ် လုပ်ရတာပါ’’ဟု မောင်ရဲထွဋ်အောင်က ပြောပြသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိလာသူ လူငယ်များအ နေဖြင့် လွတ်မြောက်ချိန်တွင် လူ ကောင်းသူကောင်းများဖြစ်ရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန် ထောင်တွင်းတွင် ပညာသင်ကြားပေးသည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းမတက်ရောက်ဖူးစေကာမူ ပညာသင်ယူလိုစိတ်ရှိပါက အသက် (၁၈) နှစ်အောက် လူငယ်အကျဉ်းသားတိုင်းကို သူငယ်တန်းက စတင်ကာ ပညာသင်ယူခွင့်ပေးနေ ခြင်းဖြစ်သည်ဟု အကျဉ်းထောင်တွင်းရှိ ကျောင်းသို့လာရောက်သင်ကြားပေးနေသည့် အလက (၁၃)အင်းစိန်မှ ကျောင်းအုပ်ကြီး ဦးသန်းထွန်းက ပြောသည်။

‘‘ဆယ်တန်းတင် မဟုတ်ဘူး။ အသက် (၁၇)နှစ်လောက်မှ စာသင်ချင်တယ်ဆိုလို့ သူငယ်တန်း ပြန်တက်နေတဲ့ သူတွေလည်းရှိတယ်။ သူတို့ တကယ်လိုချင်တယ်ဆိုရင်တော့ သင်ပေးပါတယ်’’ဟု ဦးသန်းထွန်းက ဆိုသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်တွင်း ကျောင်းတွင် အခြေခံပညာအတန်းများ တက်ရောက်လိုပါက အကျဉ်းမကျမီက နောက်ဆုံး အောင်မြင်ခဲ့သော အခြေခံပညာ အတန်းပြီးမြောက်ကြောင်း လက် မှတ်ကို တင်ပြရပြီး တက်ရောက် ခွင့်ပြု၊ မပြု အကျဉ်းဦးစီးဌာနက ဆုံးဖြတ်သည်။

တက်ရောက်လိုသော အကျဉ်းသားများအနေဖြင့် အကျဉ်းမကျမီက အခြေခံပညာကျောင်း တက်ရောက်ဖူးပါက မည်သည့် အတန်းကို နောက်ဆုံး အောင်မြင်ခဲ့သည်ဟူသည့် ထောက်ခံချက်ပါ ကျောင်းထွက် လက်မှတ်ကို တက်ရောက်ခဲ့သော ကျောင်းမှထုတ်ယူ ကာ အုပ်ထိန်းသူက အကျဉ်းဦးစီးဌာနသို့ တင်ပြရသည်။ အကျဉ်းဦးစီးဌာနက အလက(၁၃)အင်းစိန်သို့ တင်ပြကာကျောင်းက ခွင့်ပြုလျှင်ထောင်တွင်း ကျောင်းတွင် တက်ရောက်ခွင့်ပြုသည်။

ကျောင်းမနေဖူးသော၊ အရေးအဖတ်မတတ်သော အကျဉ်းသားများကိုမူ အကျဉ်းထောင်တွင်း တွင် အသုံးလုံးသင်တန်းများ ဦးစွာပေးပြီး အသုံးလုံးသင်တန်းပြီးပါက သူငယ်တန်းဝင်ခွင့် စစ်ဆေးကာသူငယ်တန်းတက်ရောက်ခွင့် ပြု နေသည်ဟုဆိုသည်။ ယခင်က အကျဉ်းထောင်တွင်းတွင် အကျဉ်းသားများကို ပညာသင်ယူခွင့်မပေးခဲ့ရာ ယခုအချိန်တွင်သင်ယူခွင့်ရှိသည်ဟူသည့် သတင်းအချက်အလက်ကို မသိရှိကြသောကြောင့် ထောင်တွင်းကျောင်းတွင် အခြေခံပညာအတန်းများ တက်ရောက်ခွင့် ပြုရန် လျှောက်ထားသူနည်းသည် ဟု ဦးမျိုးဦးကဆိုသည်။

‘‘လျှောက်တဲ့သူနည်းတော့ လျှောက်သမျှကို တက်ခွင့်ပေးနိုင် သေးတယ်။ တက်ချင်တဲ့သူများ လာတော့မှ ဘယ်သူတွေကို တက်ခွင့်ပေးမလဲဆိုတာ သေသေချာချာ ပြန်စိစစ်မယ်။ လောလောဆယ်ကတော့ သင်ကြားခွင့်ရှိ တယ်ဆိုတာ ပြောနေရတဲ့အဆင့် ပဲရှိပါသေးတယ်’’ဟု ဦးမျိုးဦးက ပြောသည်။

ကျောင်းချိန်များ၌ လုံခြုံရေးသုံးဦးဖြင့် အကျဉ်းသားများကို အမြဲစောင့်ကြည့်နေပြီး ကျောင်းစတင်ဖွင့်လှစ်စဉ်မှ ယခုအထိ စာသင်ကျောင်းတွင် ခိုက်ရန်ဖြစ်ပွားမှုမျိုး မရှိဖူးကြောင်းဦးမျိုးဦးကဆိုသည်။

‘‘တော်တော်တော့ စနစ်ကျတယ်။ ကျွန်တော်တို့ စာတစ်ချိန် ဝင်သင်ရင် ဘယ်ဆရာက ဘယ်အချိန်မှာ ဘယ်သင်ခန်းစာကို ဘယ်ကနေ ဘယ်အထိ သင်သွားတယ်၊ ဘာတွေပြောသွားတယ်ဆိုတာ အကုန်မှတ်တမ်းရှိတယ်’’ဟု ဦးစိုးထွန်းထွန်းနိုင်က ပြောသည်။

အကျဉ်းသား ကျောင်းသားများကို အခြားအကျဉ်းသားများ နှင့် ရောထွေးမထားဘဲ သီးသန့်အခန်းများ၌ထားပြီး စာသင်ကျောင်းတွင်းနှင့် အကျဉ်းချထားသည့် အခန်းတွင် စာရေးကိရိယာများကို သုံးစွဲကိုင်ဆောင်ခွင့်ပြုထားသည်။

မူလတန်းနှင့် အလယ်တန်းအတန်းများကို အလက (၁၃) အင်းစိန်ကလည်းကောင်း၊ နဝမတန်းကို အထက (၁) အင်းစိန်ကလည်းကောင်း တာဝန်ယူမေးခွန်းထုတ်၍ ဆရာ၊ ဆရာမများကိုယ်တိုင် ဝင်ရောက်စစ်ဆေးကာ အောင်စာရင်းထုတ်ပြန်ကြေညာသည်။ တက္ကသိုလ်ဝင်စာမေးပွဲကိုမူ အကျဉ်းထောင်အတွင်း သီးသန့်စာစစ်ဌာနဖွင့်လှစ်ကာ စစ်ဆေးပေးခြင်းဖြစ် ကြောင်း ဦးမျိုးဦးကဆိုသည်။

အကျဉ်းထောင်သို့ ရောက်ရှိလာသူ လူငယ်အများစုသည် ကိုယ်တိုင်ကျူးလွန်သည်ဖြစ်စေ၊ ဓား ခုတ်ရာ လက်ဝင်လျှိုမိသည်ဖြစ်စေ ထောင်ကျသည်ဟူသည့် ခေါင်းစဉ်အောက်တွင် အနည်းနှင့်အများ ယုံကြည်ချက်ပျောက်ဆုံးနေသူများ ဖြစ်သည်။ ၎င်းတို့အတွက် ယုံကြည်ရာ အနာဂတ်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်ရန် ဖေးမပေးသည့် အကျဉ်းသားဆရာ များ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်။

‘‘ကျွန်တော့် တပည့်တွေ အဆိုးထဲက အကောင်းဖြစ်သွား တယ်၊ နိုင်ငံအတွက် အထောက် အပံ့ဖြစ်သွားတယ်ဆိုရင် ကျွန် တော်ဝမ်းသာပါတယ်’’ဟု အင်းစိန်အကျဉ်းထောင်တွင် မူးယစ်ဆေး ဝါးမှုဖြင့် ထောင်ဒဏ် ၂၁ နှစ်ကျခံ နေရပြီး ကျောင်းအုပ်အဖြစ် တာဝန်ပေးခံရသူ ဦးဇေယျာလင်းမြင့် က ပီတိပြုံးဖြင့်ပြောသည်။

ထောင်တွင်း ကျောင်းတွင် သင်ကြားပေးနေသည့် အကျဉ်းသားဆရာများသည် ဘွဲ့ရပညာတတ်များဖြစ်ပြီး အများစုသည်လည်း ကျောင်းသားများကဲ့သို့ပင် မူးယစ်ဆေးမှု၊ လူသတ်မှုများ ဖြင့် အကျဉ်းကျနေသူများ ဖြစ် သည်။

‘‘အထဲက ဆရာတွေက ကျွန် တော်တို့နဲ့ အတူတူနေထိုင်ပြီး မနက် ၆ နာရီဆို အတူတူထ စာကျက်၊ တစ်နေကုန် အနားယူချိန် နည်းနည်းနဲ့ စာလုပ်ချိန်များများရ အောင် Camp သွင်းပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားဖို့ တစ် ချိန်လုံး အားပေးနေခဲ့တာပါ’’ဟု မောင်ရဲထွဋ်အောင်က သူ့ဆရာ များအကြောင်း ပြောပြသည်။

နောင်တဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်အောင် ကြိုး စားခဲ့သော်လည်း တစ်ကြိမ်တစ်ခါ အမှားအတွက် မိမိဝါသနာပါရာ တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးခွင့် ဆုံးရှုံးမည်ကို မောင်ရဲထွဋ်အောင်အပါအဝင် အကျဉ်း ကျသူငယ်ချင်းက စိုးရိမ်နေသည်။

ယခင်နှစ်များက အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းသားများသည် အကျဉ်းကျနေစဉ်အတွင်း ရန်ကုန်အ ဝေးသင်တက္ကသိုလ် ဝိဇ္ဇာအထူးပြု ဘာသာရပ်အချို့ကိုသာ သင်ယူခွင့်ရခဲ့ပြီး လက်တွေ့လေ့ကျင့်ခန်း (Pratical) ပါဝင်သော အထူးပြု ဘာသာရပ်များကိုမူ ရွေးချယ်ခွင့်မရှိခဲ့ပေ။ လက်ရှိတွင် ထောင်ထဲမှအဝေးသင်တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား ၁၄ဦးထဲမှ အများစုသည် မြန်မာစာ အထူးပြုဘာသာရပ်ကို သင်ယူနေ သည်။

ယခုနှစ်တွင်မူ သိပ္ပံအထူးပြု ဘာသာရပ်များကို သင်ယူလို သော ကျောင်းသားများရှိနေခြင်း ကြောင့် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ကြိုးပမ်းပေးမည်ဟု ဦးမျိုးဦးက ပြောသည်။

‘‘အခုဆို တက္ကသိုလ်ဝင်တန်းကို ဒီလိုတွေ အောင်လာပြီ။ သိပ္ပံဘာသာရပ်တက်ချင်တဲ့ ကျောင်းသားတွေလည်း ရှိနေတယ်။ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ ပညာရေးဝန်ကြီးဌာနဘက်ကို အကူအညီတောင်းဖို့၊ ညှိနှိုင်းဖို့တော့ ရှိပါတယ်’’ဟု ဦးမျိုးဦးက ပြောသည်။

မောင်ရဲထွဋ်အောင်တို့ သူငယ်ချင်းကိုးဦးအနက် နှစ်ဦးသည် ၂၀၁၇ မတ်လ စာမေးပွဲဖြေဆိုပြီး ချိန်ကပင် ထောင်ဒဏ်နှစ်စေ့၍ လွတ်မြောက်သွားပြီဖြစ်ပြီး တစ်ဦးသည် ယခု ဇူလိုင်အတွင်း လွတ်မြောက်မည်ဖြစ်သည်။ လွတ် မြောက်သူများက ဝါသနာပါရာ လမ်းခရီးကို လွတ်လပ်စွာလျှောက် လမ်းခွင့်ရ မည်ဖြစ်သော်လည်း မောင်ရဲထွဋ်အောင်တို့ ခြောက်ဦးသည် ဝါသနာကို စွန့်လွှတ်ကာ ထောင်ဒဏ် နှစ်စေ့မည့်ရက်ကို စောင့်ရဦးမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ကို လွတ်ငြိမ်းချမ်းသာလေး ပေးစေချင်ပါတယ်။ မျှော်လည်း မျှော်နေပါတယ်’’ဟု နောင်တများဖြင့် ဆိုသည်။

7Day News

No comments:

Post a Comment