Latest News

Saturday, July 22, 2017

အမေရိကန် လေယာဉ်များ မှားယွင်းတိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံး

အမေရိကန် လေယာဉ်များ မှားယွင်းတိုက်ခိုက်မှုကြောင့် အာဖဂန်
လုံခြုံရေး တပ်ဖွဲ့ဝင်များ သေဆုံး

အမေရိကန် လေယာဉ်များ၏ မှားယွင်း ပစ်ခတ်မှုအတွင်း မဟာမိတ် အာဖဂန်နစ္စတန် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ဘက်က ဝန်ခံ အတည်ပြုခဲ့သည်။

စစ်သွေးကြွများ လှုပ်ရှားနေရာ ဟယ်လ်မန်ဒေသ တောင်ပိုင်းတွင် ယင်းလွဲချော်မှု ပေါ်ပေါက်ခဲ့ခြင်းဟု သိရသည်။ “မမျှော်လင့်တဲ့ ဒီမတော်တဆ ဖြစ်ရပ်ဆိုးကြောင့် ထိခိုက် ကြေကွဲခဲ့ရတဲ့ မိသားစုဝင်တွေကို လေးလေးနက်နက် စာနာ ဝမ်းနည်းကြောင်း ပြောလိုပါတယ်”ဟု အာဖဂန် အခြေစိုက် အမေရိကန်စစ်တပ် ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ဟယ်လ်မန် အုပ်ချုပ်ရေးဌာန အာဏာပိုင်များက ဖြစ်စဉ်အတွင်း အနည်းဆုံး အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀  ဦးမျှ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်က ၎င်းတို့သည် ထိုနေရာတွင် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ ကတည်းက အာဖဂန် အစိုးရထံ ကြိုတင် အသိပေးခဲ့ကြောင်း ဆိုသည်။

တာလီဘန် စစ်သွေးကြွများကို နှိမ်နင်းရန် ရည်ရွယ်ခဲ့သော စစ်ဆင်ရေးတွင် မည်သို့မည်ပုံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်မှတ် ဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုလည်း အမေရိကန်က ကြေညာသည်။

အခင်းဖြစ်ပွားရာ ဧရိယာတွင် အာဖဂန် တပ်များနှင့် အမေရိကန် လေတပ်များ ပူးပေါင်းပြီး တာလီဘန် စစ်သွေးကြွများကို တိုက်ခိုက်လျက် ရှိသည်။

အာဖဂန်တွင် အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့များ တဖြည်းဖြည်း ပြန်လည် ဆုတ်ခွာနေမှုနှင့်အတူ တာလီဘန်တို့၏ လှုပ်ရှားမှုများလည်း ပိုမို ထူထပ်လာသည်။ မကြာသေးမီကလည်း အာဖဂန် အရှေ့မြောက်ပိုင်းရှိ ဘာဒက်ခ်ရှန် ပြည်နယ်တွင် ကင်းလှည့်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးမှာ တာလီဘန်တို့ ခြုံခို တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

7Day News

No comments:

Post a Comment