Latest News

Wednesday, July 19, 2017

တပ်ကြပ်တစ်ဦးနဲ့ ဒုရဲမှူးကို အရေးယူပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ တိုင်ကြား

တပ်ကြပ်တစ်ဦးနဲ့ ဒုရဲမှူးကို အရေးယူပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ တိုင်ကြား

ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်ကြပ်စိုးမြင့်အောင်နဲ့ ဗဟန်းမြို့မရဲစခန်းက ဒုရဲမှူး အေးမင်းသိန်းတို့ကို နိုင်ငံသား များရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူပေးဖို့ ဗဟန်းမြို့နယ်တရားရုံး ကို မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ဦးတိုက်လျှောက်ထား လိုက်ပါတယ်။

သတင်းသမားတွေကို နောက်ယောင်ခံဓာတ်ပုံရိုက်တဲ့ တပ်ကြပ်ကို အရေးယူပေးဖို့ ဗဟန်းရဲစခန်းကို တိုင်ကြားတဲ့အခါမှာ ဒုရဲမှူးက ရဲလုပ်ပိုင်ခွင့်ထက် ကျော်လွန် ပြီး လုပ်ဆောင်တာတွေရှိတာကြောင့် သူ့ကိုပါ အဲဒီဥပဒေနဲ့ အရေးယူပေးဖို့ တိုင်တာဖြစ်တယ်လို့ မြန်မာသတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးကော် မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

"အဓိကကတော့ အဲဒီတပ်ကြပ်ကတော့ ကျနော်တို့ သတင်းသမားတွေကို နောက်ယောင်ခံပြီး ဓာတ်ပုံရိုက်တယ်။ နောက်ပြီး အဲ့တပ်ကြပ်ကို ကျနော်တို့ ရဲစခန်းမှာ သွားတိုင်တဲ့ဟာကို ရဲဘက်ကနေ ပြီးတော့ကို ဥပဒေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီးတော့ အကြောင်းပြန်စာထုတ်ပေးတယ်။ အဲ့တော့ ရဲလုပ်ငန်းသည် အဲ့ဒါမဟုတ်ဘူး။ ရဲသည် အပြစ်ရှိသည် မရှိဘူး သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ တရားရုံးလုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး လုပ်တာ။ နောက်ပြီးတော့ အဲဒီလို အပြစ်ငြိစွန်းမှု မရှိဘူးဆိုပြီး ဆုံးဖြတ်တဲ့ နေရာမှာ ကျနော်တို့ တိုင်တန်းတဲ့ တရားလိုတွေကို ခေါ်စစ်တာလည်း မရှိဘူး။ သက်သေအထောက်ထားတွေ တောင်းတာလည်း မရှိဘူး။ ရဲကိုလည်း အဲဒီဥပဒေနဲ့ ကျနော်တို့ ထပ်ပြီး အမှုဖွင့်တာပါ။"

အဲဒီလျှောက်ထားချက်ကို လက်ခံ၊ မခံ မနက်ဖြန် ဇူလိုင် ၂၀ ရက်နေ့မှာ တရားသူကြီးက ဆုံးဖြတ် ချက်ချမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးမှာ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ တရားရုံးထုတ်ကို လာရောက်သတင်းယူတဲ့ သတင်းထောက်တွေကို တပ်ကြပ်စိုးမြင့်အောင်က လက်ကိုင်ဖုန်းနဲ့ နောက်ယောင်ခံပြီး ဓာတ်ပုံ၊ ဗွီဒီယိုတွေ ရိုက်ကူးခဲ့တာကြောင့် အခုလိုအရေးယူပေး ဖို့ လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo: Protection for Journalists Committee -Myanmar

RFA

No comments:

Post a Comment