သာစည်တွင် လက်နက်မှုဖြင့် ဖမ်းဆီးခံရသူအား လွိုင်ကော်၌ မူးယစ်အမှုဖြင့် ထပ်မံအမှုဖွင့်
ဇူလိုင် ၂၂
ကယားပြည်နယ် လွိုင်ကော်မြို့ ထေးသမရပ်ကွက်၊ အမှတ်(၂၁၀) နေ ဗိုင်းလျှန်ဟရန်း(ခ) ဆလိုင်း၏ နေအိမ်အား ဇူလိုင်လ(၂၁)ရက်နေ့တွင် ရဲတပ်ဖွဲ့ကရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှာဖွေ တွေ့ရှိရပြီး သာစည်တွင် လက်နက်မှုဖြင့် ဖမ်းဆီးခံရသူက ရောင်းချခိုင်းသည့် ဆေးပြားများဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ဇူလိုင်လ (၂၁)ရက်နေ့ နေ့လယ်(၂)နာရီခွဲခန့်တွင် ဗိုင်းလျှန်ဟရန်း(ခ) ဆလိုင်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် ဆေးပြား (၁၄၅)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဆေးပြားများမှာ လွန်ခဲ့သည့်(၃)နှစ်ခန့်က နေစိုးထွေးမင်း(ခ)စိုးထွေးက ရောင်းချပေးရန် ပေးထားသည့် နမူနာများဖြစ်ပြီး ၎င်းအနေဖြင့် ကိုယ်တိုင်လည်း မသုံးစွဲတတ်၊ ရောင်းလည်း မရောင်းတတ်သဖြင့် ကျန်ရှိနေသည့်ဆေးပြားများဖြစ်ကြောင်း ဗိုင်းလျှန်ဟရန်း(ခ)ဆလိုင်းထံမှ သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဗိုင်းလျှန်ဟရန်း (ခ) ဆလိုင်းနှင့် နေစိုးထွေးမင်း (ခ) စိုးထွေးတို့အား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ) ၂၈/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
နေစိုးထွေးမင်း(ခ)စိုးထွေးမှာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် လက်နက်များဖြင့် ဖမ်းဆီးရမိထားသဖြင့် သာစည်မြို့မရဲစခန်းတွင် (ပ)၁၆၇/၂၀၁၇၊ ၁၉၅၁ လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ - ကဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း
တာချီလိတ်သတင်းအေဂျင်စီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment