ငွေအကြွေလဲရန် ယာဉ်ကြီးကြပ်သူကို ယာဉ်ပေါ်အစား မှတ်တိုင်တွင်ထားစေလို
ရန်ကုန် ဇူလိုင် ၂၁
မြို့တွင်းပတ်ယာဉ်လိုင်း ၅၇ မှ ယာဉ်ကြီးတစ်စီး အတွင်း ငွေအကြွေလဲရန် ယာဉ်ကြီးကြပ်တစ်ဦး ပါရှိကြောင်း အသိပေးစာ မြင်တွေ့ရသည်ဟု ယာဉ်စီးခရီးသည် မခိုင်ကပြောသည်။ ဤကားသည် ယာဉ်အကူမပါပါ။ ငွေအကြွေလဲရန် ယာဉ်ကြီးကြပ်သူတစ်ဦးပါရှိသည်။ ကျေနပ်မှု မရှိပါက တိုင်ကြားရန် ဖုန်း ဝ၉ - - - - -ဟု ဖော်ပြထားသောအသိပေးစာ မြင်တွေ့ရသည်။
ယာဉ်အပြင်တွင်လည်း အရောင်ကွဲ ထိုင်ခုံများကို သက်ကြီးရွယ်အိုများ အပါအဝင် ဦးစားပေး ပေးထိုင်ရမည့်ပုဂ္ဂိုလ်များကို နေရာပေးထားခြင်း၊ သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်း သူများ၊ မသန်စွမ်းသူများ၊ ဆရာ ဆရာမများ နှင့် မူလတန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများကို အခမဲ့ယာဉ်စီးခွင့်၊ အလယ် တန်းကျောင်းသား ကျောင်းသူများအပါအဝင် အခမဲ့ယာဉ်စီးခွင့်ပြုထားခြင်းတို့ကို ဖော်ပြ သော အသိပေးစာများ ယာဉ်အပြင်တွင် ကပ်ထားသည်။
ယာဉ်အကူမဟုတ် ငွေအကြွေလဲရန် ယာဉ်ကြီးကြပ်တစ်ဦး ယာဉ်ပေါ်တွင်ထားလျှင် မြို့တွင်းပတ်ယာဉ်လိုင်း သုံးလိုင်းဆိုလျှင် ဝန်ထမ်း ၁၅ဝ ဝန်းကျင် အသုံးပြုရနိုင်သည်။မြို့တွင်းကားလမ်းမ တစ်လမ်းလျှင် မှတ်တိုင် ၁ဝ တိုင်ဝန်းကျင်ရှိရာ ကားလမ်းမ ငါးလမ်း ဆိုလျှင် ၅ဝ ဝန်းကျင်ရှိသည်။
ယာဉ်တစ်စီး ဝန်ထမ်းတစ်ဦးနှုန်းထားခြင်း ထက်မှတ်တိုင်တွင်ထားလျှင် ကြီးကြပ်ဝန်ထမ်း ၅ဝ ဝန်းကျင်သာလိုအပ်မည်။ ငွေအကြွေ လဲပေးခြင်းသာမက ခရီးသည်များ၏လိုအပ်ချက်နှင့် အဆင်မပြေ အခက်အခဲများကိုပါ ကူညီဖြေရှင်းနိုင်မည်။ ထို့အပြင် မှတ်တိုင်များတွင် ယာဉ်များ စည်းကမ်းတကျရပ်၊ ချ၊ တင်၊ ထွက်ခြင်း၊ လမ်းဘေးကပ်ခရီးသည် အတက်၊ အဆင်းပြုစေခြင်း စသည့် စည်းကမ်းလိုက်နာရန်ကိုပါ လုပ်ဆောင်ပေးနိုင်မည်။
သို့သော် ယာဉ်များနှင့် နားလည်မှု ရယူပြီး ကားခဝင်ငွေတိုး၍ ခရီးသည်အဆင် မပြေဖြစ်စေသည့် အချိန်မှတ်သတင်းပေးမဖြစ် ရန်လိုအပ်သည်။ ခရီးသည်များအနေဖြင့်လည်း ယခုအခါ မိမိတို့ မြင်တွေ့ရခြင်းများမှ ပြုပြင်ရန် လိုအပ်ချက်များကို တစ်ပြေးညီ ပြောဆို အသိပေးခြင်းများရှိလာသည်။ အနော်ရထာ လမ်းမပေါ် လိုင်းကားယာဉ်ကြောအဖြစ် တုံးဝါ တန်းများကို ၂ဝ၁၄ ခုနှစ်ဝန်းကျင်က စီတန်း ချထားပေးခဲ့သည်။ ယခုအခါ နေရာအချို့တွင် သာထားရှိပြီး မျဉ်းဝါတန်း ရေးဆွဲပေးထားသည်။ လမ်းဘေးတွင် အသိပေးစာအနီရောင် စာတန်းများ စိုက်ထူထားသော်လည်း လိုင်းကား မဟုတ်သောယာဉ်များ ဝင်ရောက်မောင်းနှင် နေဆဲဖြစ်သည်။ အရေးယူမှု အားနည်းသဖြင့် လိုင်းကားကြီးများသည် အနော်ရထာလမ်းမ ပေါ်တွင် (၄၆)လမ်းမရောက်မီကစ၍ လမ်းလယ် ယာဉ်ကြောများပေါ် မောင်းနှင်နေသည်ကို နေ့စဉ် မြင်တွေ့ရဆဲဖြစ်သည်ဟု လမ်း (၅ဝ)မှ လမ်းမတော်သို့ လိုင်းကားစီးသူ ကိုထိုက်က ပြောသည်။
ယာဉ်လိုင်းအချို့တွင် မြင်တွေ့နေရသော အသိပေးစာများအရ ယာဉ်အကူအစား ငွေအကြွေလဲရန် ယာဉ်ကြီးကြပ်တစ်ဦး မြင်တွေ့ရနိုင်ရာ ပိုမိုအဆင်ပြေရန် မှတ်တိုင် များတွင် ခရီးသည်များအတွက် ဝန်ဆောင်မှု များပေးမည့် ဝန်ထမ်းများအဖြစ် ပြောင်းလဲ တာဝန်ပေးစေလိုသည်ဟု ခရီးသည်များက ပြောဆိုအကြံပြုနေကြသည်။
ယခင် ယာဉ်လိုင်းစနစ်ဟောင်းတွင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်များဝန်းကျင်က ခရီးသည်များ ပိုမိုခံစားလာခဲ့ရသည့် ဖြစ်စဉ်များနှင့် ယခု ယာဉ်လိုင်းစနစ်သစ်၏ ခြောက်လဝန်းကျင်ကာလ ဆက်လက်တွေ့ကြုံနေရဆဲဖြစ်စဉ်တို့ကြောင့် ယာဉ်လိုင်းများပေါ်တွင် ယာဉ်မောင်းသာပါပြီး ငွေပုံးစနစ်အပေါ် မျှော်လင့်ခြင်းများ ရှိနေသည်ဟု ပြောဆိုနေသည်။ ကိုယ်ရ ကိုယ်ယူ စနစ်အစား ဝေပုံကျစနစ် ပြောင်းလဲချိန် သတ်မှတ်ခေါက်ရေ အချိန်စောစီးစွာပြည့်ရေး အပြိုင်အဆိုင် မောင်းနှင်နေရာ အနော်ရထာ လမ်းပေါ်တွင် ယခုရက်ပိုင်းအတွင်း ညနေပိုင်း၌ ရထားတွဲတန်းပမာ မြင်တွေ့နေရသည်။ ဇူလိုင် ၁၈ ရက် ညနေ ၅ နာရီဝန်းကျင် ၅၈ ယာဉ်လိုင်းမှ ယာဉ်ကြီး ခြောက်စီးတွဲကို လမ်းမတော် (၁၅) လမ်းမှတ်တိုင်ဝန်းကျင်တွင် မြင်တွေ့ရသည်ဟု မအေးမျိုးက ပြောသည်။
ယခုအခါ အမြင်အမျိုးမျိုးဖြင့် ပြောဆို နေကြသော်လည်း ထိရောက်သော ဆောင်ရွက် ခြင်းနှင့်အတူ ခရီးသည်များပါ ပူးပေါင်းကူညီရန် လိုအပ်နေသည်။ ယာဉ်အကူအချို့ ယာဉ်လိုက်သက်တမ်းကြာခြင်းနှင့်အတူ ယာဉ်မောင်း အဆင့်သို့ တက်လှမ်းပြောင်းလဲသွားခြင်းကိုလည်း မြင်တွေ့ရသည်။
ယခုရက်ပိုင်းမှာပင် တာမွေလမ်းကြောင်းသွား လိုင်းကားပေါ်တွင် ယာဉ်အကူများ သုံးဦးအထိ မြင်တွေ့ရသည်ဟု ကျောက်မြောင်းနေ ကိုနေက ပြောသည်။ အမျိုးသမီး ယာဉ်အကူအချို့ပါ လိုင်းကားအချို့တွင် မြင်တွေ့ရသည်ဟု ရွှေပြည်သာသွားခရီးသည် ကိုရဲက ပြောသည်။
(မောင်စေအောင်)
The Mirror Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment