ဂျက်စတင်ဘီဘာကို တရုတ်နိုင်ငံမှာ သီဆိုဖျော်ဖြေခွင့် ပိတ်ပင်
ဘီဘာရဲ့ ဆိုးဝါးရိုင်းစိုင်းတဲ့ ပြုမူပြောဆိုမှုတွေကြောင့် သီဆိုဖျော်ဖြေခွင့်ပေးရန် မသင့်တော်ကြောင်း တရုတ်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကနေဒါပေါ့ပ်စတား ဂျက်စတင်ဘီဘာကို တရုတ်နိုင်ငံမှာ လာရောက်သီဆိုဖျော်ဖြေခွင့် ပိတ်ပင်လိုက်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။ ပေါ့ပ်အဆိုတော် ဘီဘာရဲ့ ဆိုးဝါးရိုင်းစိုင်းတဲ့ ပြုမူပြောဆိုမှုတွေကြောင့် နိုင်ငံအတွင်းမှာ သီဆိုဖျော်ဖြေခွင့်ပေးရန် မသင့်တော်ကြောင်း တရုတ်ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘီဘာဟာ ပါရမီရှင် အဆိုတော်တစ်ယောက် ဖြစ်သလို ပြဿနာနဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံခြားသား အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်လို့ ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တရုတ်ယဉ်ကျေးမှုဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ အသုံးပြုသူတစ်ဦးက ဘီဘာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာက ဘီဘာကို သီဆိုဖျော်ဖြေခွင့် ပိတ်ပင်ကြောင်း ဝန်ကြီးဌာနက တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
"ဂျက်စတင်ဘီဘာ ရင့်ကျက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ သူရဲ့ ပြောဆိုပြုမူပုံတွေ တိုးတက်လာနိုင်ပြီး ပြည်သူချစ်တဲ့ အဆိုတော်တစ်ယောက် အမှန်တစ်ကယ် ဖြစ်လာမှာပါ" လို့ တရုတ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဘီဘာဟာ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံမှာ လာရောက်ဖျော်ဖြေခဲ့ဖူးကြောင်းလည်း သိရပါတယ်။
ဘီဘာဟာ ၂၀၁၄ ခုနှစ်ကလည်း ဂျပန်နိုင်ငံ တိုကျိုမြိုမှ အငြင်းပွားမှုတွေရှိနေတဲ့ ယာစုကူနီဂူဗိမာန် (Yasukuni Shrine) သွားရောက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံ လွှင့်တင်ခဲ့ရာ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
အဆိုပါ ဂူဗိမာန်ကို ဂျပန်နိုင်ငံမှာ စစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်သည်တွေကို ဂုဏ်ပြုမှုအဖြစ် သတ်မှတ်ထားပြီး တရုတ်နဲ့ တောင်ကိုရီးယားကတော့ ၎င်းတို့နိုင်ငံတွေကို ကျူးကျော်ခဲ့တဲ့ ဂျပန်ဧကရာဇ်အတွက် ဂျပန်က တောင်းပန်ရန် ပျက်ကွက်မှုအဖြစ် ယူဆထားပြီး အငြင်းပွားမှုတွေ ရှိနေပါတယ်။
ဘီဘာဟာ ၎င်းရဲ့ Purpose World Tour ဂီတဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် လာမယ့် စက်တင်ဘာလအတွင်းမှစပြီး ဂျပန်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့မှာ သီဆိုဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment