Latest News

Saturday, July 22, 2017

အိန္ဒိယ အချမ်းသာဆုံးပုဂ္ဂိုလ် အန်ဘာနီက အခမဲ့ စမတ်ဖုန်း ဖြန့်ချိမည်ဟု ပြောကြား

အိန္ဒိယ အချမ်းသာဆုံးပုဂ္ဂိုလ် အန်ဘာနီက အခမဲ့ စမတ်ဖုန်း ဖြန့်ချိမည်ဟု ပြောကြား

အိန္ဒိယ ဆက်သွယ်ရေး လုပ်ငန်းကြီး Jio ကို တည်ထောင်ထားသည့် အိန္ဒိယ အချမ်းသာဆုံး သူဌေးကြီး မူကက်အန်ဘာနီက အခမဲ့ စမတ်ဖုန်းကို ဖြန့်ချိမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင်ပြောကြားခဲ့သည်။ အပြိုင်အဆိုင် အလွန်ကြီးမားသော အိန္ဒိယ မိုဘိုင်းဈေးကွက်ကို ကိုင်လှုပ်ခဲ့သည့် ဈေးနှုန်းစစ်ပွဲကို အန်ဘာနီက ထပ်မံအရှိန်မြှင့်လိုက်ခြင်း ဖြစ်သည်။

Reliance Industries လုပ်ငန်းစုကြီး၏ နှစ်ပတ်လည် အစည်းအဝေးကို မွမ်ဘိုင်းတွင် ကျင်းပစဉ် အန်ဘာနီက အခမဲ့ စမတ်ဖုန်း ဖြန့်ချိမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ အန်ဘာနီ၏ ကြေညာချက်ကြောင့် ပြိုင်ဘက်ဆက်သွယ်ရေး လုပ်ငန်းများဖြစ်သည့် Bharti Airtel ၏ ရှယ်ယာများ ခြောက်ရာခိုင်နှုန်းခန့် ထိုးကျသွားခဲ့သည်။

JioPhone ဟု အမည်ပေးထားသည့် စမတ်ဖုန်းသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယတွင် လူဦးရေ ၁ ဒသမ ၃ ဘီလျံ လက်ထဲ၌ ဒီဂျစ်တယ် လူမှုဘ၀ စွမ်းအားကို ပေါ်ပေါက်စေမည်ဟု အန်ဘာနီက ပြောကြားခဲ့သည်။ Jio ဆက်သွယ်ရေးလုပ်ငန်းသည် ယမန်နှစ် စက်တင်ဘာက အိန္ဒိယ၏ မိုဘိုင်းဈေးကွက်သို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းမှစပြီး Jio သည် အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုသူ ၁၂၅ သန်း ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်သည်။

အန်ဘာနီသည် Jio အတွက် 4G ကွန်ရက်ကို မိတ်ဆက်ခဲ့ပြီး တစ်သက်တာ ဖုန်းအခမဲ့ ပြောခွင့်ကို ကမ်းလှမ်းခဲ့သည်။ ထို့ပြင် အင်တာနက် အသုံးပြုခများကိုလည်း အလွန်အမင်း ဈေးလျှော့ပေးခဲ့ရာ ပြိုင်ဘက်များက ဈေးနှုန်းများ လိုက်လံလျှော့ချခဲ့ရပြီး အိန္ဒိယ မိုဘိုင်းဈေးကွက်တွင် အပြောင်းအလဲကြီး ဖြစ်စေခဲ့သည်။

Jio ၏ အခမဲ့ စမတ်ဖုန်းသတင်းကို ဖုန်းကုမ္ပဏီများက ဂရုတစိုက် စောင့်ကြည့်ကြမည် ဖြစ်သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီးဖြစ်သော ဆမ်ဆောင်းနှင့် တရုတ်မိုဘိုင်းဖုန်း ကုမ္ပဏီ Xiaomi တို့က အိန္ဒိယ စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု အမြောက်အမြား ရရှိထားကြသည်။ ဆမ်ဆောင်းသည် ဈေးကွက်ဝေစု ၂၈ ရာခိုင်နှုန်း ရရှိထားပြီး အိန္ဒိယတွင် ရောင်းချသော ဖုန်းများအားလုံး၏ ၁၄ ရာခိုင်နှုန်းသည် Xiaomi က ထုတ်လုပ်သော ဖုန်းများဖြစ်ကြကြောင်း ဈေးကွက်သုတေသန လုပ်ငန်းကြီး International Data Corporation က လေ့လာမှု တစ်ခုတွင် ဖော်ပြထားခဲ့သည်။

Eleven Media Group

No comments:

Post a Comment