Latest News

Monday, June 26, 2017

၁၉၉၅ ခုနှစ်ထုတ်အောက် ဘတ်စ်ကားများ YBS ယာဉ်လိုင်းများတွင် ဇွန်လအထိသာ ပြေးဆွဲခွင့်ပြုမည်

၁၉၉၅ ခုနှစ်ထုတ်အောက် ဘတ်စ်ကားများ YBS ယာဉ်လိုင်းများတွင် ဇွန်လအထိသာ ပြေးဆွဲခွင့်ပြုမည်

ရန်ကုန် ဇွန် ၂၅

ရန်ကုန်မြို့၌ ပြေးဆွဲနေသည့်ခရီးသည်တင် ယာဉ်များတွင် ၁၉၉၅ မော်ဒယ်နှင့်အောက် အိုဟောင်း ဘတ်စ်ကားများကို ယခုလ ၂၀ ရက် နောက်ဆုံး ထား၍ အပ်နှံခွင့်ပြုထားပြီးနောက် ယင်းအိုဟောင်း ဘတ်စ်ကားများကို ဇွန်လကုန်အထိသာ ဆက်လက် ပြေးဆွဲခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

YBS ယာဉ်လိုင်းများတွင် ယာဉ်အို ယာဉ်ဟောင်း များကို အပ်နှံခွင့်ပြုထားပြီး လူစီးယာဉ်စလစ် ပြန်လည်ထုတ်ပေးလျက်ရှိရာ ၁၉၉၅ မော်ဒယ်နှင့် အောက် အိုဟောင်းယာဉ်များကို ယခုလ ၂၀ ရက် နောက်ဆုံးထားကာ အပ်နှံရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး စာရင်းပေးအပ်နှံခဲ့သော ယာဉ်များကို ဇွန်လကုန်အထိ ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်သည်။

“အပ်နှံယာဉ်တွေကို ဇွန်လကုန်အထိ ပြေးဆွဲ ခွင့်တော့ပြုထားပါတယ်။ ဇွန်လကုန်တာနဲ့ အဲဒီကား တွေအားလုံး ပြေးဆွဲခွင့်မရှိတော့ပါဘူး။ ဝယ်ယူ ထားတဲ့ ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲပေးသွား မှာဖြစ်ပြီး အခုလမ်းကြောင်းတွေ ရေးဆွဲဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာမောင်အောင်ကပြောသည်။

သက်တမ်း နှစ်(၂၀)နှင့်အထက် အိုဟောင်း ဘတ်စ်ကားများအား အစားထိုးလဲလှယ်သည့်အစီ အစဉ်အရ ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အောက် ခရီးသည်တင်ဘတ်စ်ကားများအား အပ်နှံ၍ လူစီး ယာဉ်စလစ် ထုတ်ပေးခြင်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်လက်ခံဆောင်ရွက်ပေး ခဲ့ပြီး ဇွန် ၂၀ ရက်တွင် အဆိုပါယာဉ်များကို နောက်ဆုံးထားအပ်နှံရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သည်။ ယင်းအား လိုက်နာခြင်း မရှိပါက လုပ်ငန်း လိုင်စင်သိမ်းကာ လူစီးစလစ်ထုတ်ပေးခြင်းကို ပယ်ဖျက်သွားမည်ဟု မေ ၁၅ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် YBS ယာဉ်လိုင်းများအစည်းအဝေးတွင် ဝန်ကြီးကညွှန်ကြားခဲ့ခြင်းဖြစ်သည်။

စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဘတ်စ်ကားစီးရေမှာမူလစာရင်း အစီး ၇၀၀၀ ကျော်ခန့်ရှိသော်လည်း နေ့စဉ်အမှန်တကယ် ပြေးဆွဲခဲ့သည့် ယာဉ်မှာအစီး ၃၈၀၀ ခန့်သာရှိသည်ဟု သိရသည်။ အဆိုပါစာရင်းတွင် နှစ် ၂၀ ကျော် အိုဟောင်းစီးတီးဘတ်စ်ယာဉ်များအပါအဝင် မီနီဘတ်စ်အရေ အတွက် ၁၇၀၀ ခန့်၊ ဒိုင်နာ၊ ဘီအမ်ယာဉ်များအပါအဝင် အစီး ၃၀၀၀ ကျော်ခန့်  ရှိကြောင်း သိရသည်။ လက်ရှိအစိုးရက ဝယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၀၀၀၊ ပုဂ္ဂလိကကုမ္ပဏီတို့မှ ဝယ်ယူထားသော ဘတ်စ်ကားသစ် အစီး ၁၆၀၀ ခန့် စုစုပေါင်းအစီး၂၆၀၀ ခန့် ယခုလအတွင်း အပြည့်အဝ ရရှိမည်ဖြစ်ရာ အပ်နှံယာဉ် အဟောင်းများနေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

(ဆုနှင်းလဲ့)

MOI

No comments:

Post a Comment