Latest News

Friday, June 9, 2017

ရန်ကုန်မြစ်ကြောင်းများအတွင်း ပြေးဆွဲမည့် YANGON WATER BUS အား ဇွန်လကုန်ပိုင်း စတင်မည်ဟု သိရ

ရန်ကုန်မြစ်ကြောင်းများအတွင်း ပြေးဆွဲမည့် YANGON WATER BUS အား ဇွန်လကုန်ပိုင်း စတင်မည်ဟု သိရ

ရန်ကုန်မြစ်ကြောင်းများအတွင်း ပြေးဆွဲမည့် Yangon Water Bus စနစ်အား ဇွန်လကုန်ပိုင်းတွင် စတင်မည်ဟု တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

အဆိုပါ Yangon Water Bus စနစ်အား ဇွန် ၃၀ ရက် (သို့မဟုတ်) ဇူလိုင် ၁ ရက်တွင် စတင်ရန် စီစဉ်ထားပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးမည့်ရက်ကို ညှိနှိုင်းနေရကြောင်း တင့်တင့်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

ယခုလက်ရှိတွင် လှိုင်သာယာမှ ဗိုလ်တထောင်သို့ Water Bus ၁၆ စင်းဖြင့်စတင်ရန် စီစဉ်ထားပြီး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက မြစ်ကြောင်းသုံးကြောင်းစလုံးတွင် ဆက်တိုက်ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်းနှင့် Boat များကို သြစတြေးလျ၊ ထိုင်းနိုင်ငံ၊ ပတ္တရားနှင့် မြန်မာနိုင်ငံရှိ န၀ရတ်ဒေါက်ကျင်းတို့၌ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“အခု ကျွန်မတို့ ဆွဲနေတဲ့ သင်္ဘောတွေထဲမှာ လူ ၂၀၀ ဆံ့တဲ့ သင်္ဘောရှိတယ်။ ၁၆၀ ဆံ့တဲ့ သင်္ဘောရှိတယ်။ လူ ၆၀ ဆံ့တဲ့သင်္ဘော ရှိတယ်။ အနည်းဆုံးက လူ ၆၀ ဆံ့တဲ့သင်္ဘောပေါ့။ ကျွန်မတို့က မိနစ် ၂၀ ကို တစ်စင်းပေါ့။ လှိုင်သာယာကနေ ဗိုလ်တထောင်ကို ကြာတဲ့အချိန်က တစ်နာရီခွဲရှိတယ်။ မိနစ် ၂၀ ခြားပြီး အသွားအပြန်တွက်ရင် ၁၆ စင်းနဲ့ဆို လုံလောက်တယ်။သူ့ Demand များတဲ့အပေါ်မှာ မူတည်ပြီးတော့ ထပ်တိုးချဲ့လို့ရနိုင်အောင် သင်္ဘောတွေ အရန်ထားထားပါတယ်။ အစပိုင်းမှာတော့ ကျွန်မတို့ နားလည်ပါတယ်။ ရေကြောင်းဆိုတာ လူတိုင်းက စိုးရိမ်ကြတာပဲ။ စီးကြည့်တဲ့အခါကျတော့မှ လေထုညစ်ညမ်းမှုလည်း နည်းတယ်။ အေးအေးဆေးဆေးလည်း သွားလို့ရတယ်။ ကားပိတ်တာလည်း မရှိတော့ဘူး။ တိုက်ရိုက်သွားတာမျိုး။ အချိန်မြန်မြန်ရောက်တယ်။ အကျိုးတွေသိလာရင်စီးတဲ့သူလည်း များလာမှာပါ” ဟု ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။
Yangon Water Bus စီးနင်းခအနေနှင့် ခရီးစဉ်အစအဆုံး ငါးရာကျပ်နှင့် ခရီးစဉ်ပေါ်မူတည်ပြီး ခရီးတိုစီးနင်းခ ကျပ်သုံးရာ သတ်မှတ်ထားကြောင်း သိရသည်။

“လောလောဆယ် ၁၆ စင်းကနေ ၁၈ စင်းကို လှိုင်သာယာကနေ ဗိုလ်တထောင်ကို ပြေးဆွဲမယ်။ နောက်ဟာတွေကလည်း Jetty တွေ ဆောက်ရဦးမှာဖြစ်တဲ့အတွက် နောက်ထပ် သုံးလကနေ ခြောက်လအတွင်းမှာ ပြေးဆွဲသွားမှာ” ဟု ဒေါ်တင့်တင့်လွင်က ပြောကြားသည်။
ရန်ကုန်မြစ်ကြောင်းများအတွင်း ပြေးဆွဲမည့် Water Bus ရေယာဉ်များ စံချိန်စံညွှန်းများကိုက်ညီမှု ရှိ မရှိ စစ်ဆေးပြီး မပြည့်မီပါက ပြေးဆွဲခွင့်ပြုမည်မဟုတ်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့၌ ပြောကြားထားသည်။

Yangon Water Bus စတင်ချိန်တွင် တစ်နေ့စီးနင်းသူ လူဦးရေ နှစ်သောင်းခန့်ရှိနိုင်ပြီး လာမည့် ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်များတွင် စီးနင်းသူ ၂၄ သန်းမှ သန်း ၃၀ ခန့် ရှိလာနိုင်မည်ဟု အဆိုပါ Yangon Water Bus ကို အကောင်အထည်ဖော်မည့် တင့်တင့်မြန်မာ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment