Latest News

Wednesday, June 28, 2017

NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခြင်း

NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခြင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လက်ရှိ လုပ်ငန်းစဉ်များနှင့် အစိုးရအဖွဲ့ ကြုံတွေ့နေရသည့် အခြေအနေများကို သိရှိနိုင်စေရန် NLD ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံမေးမြန်းကာ ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : NLD ပါတီ သဘာပတိအဖွဲ့ကို ပြန်လည် ဖွဲ့စည်းမယ်ဆိုပြီး ပြောနေကြတာတွေ ရှိပါတယ်။ ပြန်လည်ဖွဲ့စည်းဖို့ ရှိပါသလား၊ ပြီးတော့ ဘဘဦးတင်ဦးက နာယက တာဝန်ကနေ အနားယူဖို့ရှိတယ် ဆိုတာရော ဟုတ်ပါသလား။
UNW : ကျွန်တော်တို့က သဘာပတိအဖွဲ့ ဆိုတာက အနားယူဖို့ မလိုဘူး။ အသက်အရွယ်အရ ကျန်းမာရေးအရ အရွယ်ရလာတဲ့ ပုဂ္ဂိုလ်တွေကို သဘာပတိအဖွဲ့မှာ ထားတာ။ ဒါဂုဏ်ပြုတဲ့အနေနဲ့ထားတာ။ ရုပ်သိမ်းဖို့တို့ ရပ်ဆိုင်းဖို့တို့ မရှိဘူး။

Voice : သဘာပတိအဖွဲ့ကို အသစ်ပြန်ဖွဲ့ဖို့ကို စီစဉ်ထားတာရှိလား။
UNW : လိုအပ်တဲ့အခါ ဖြည့်ဆည်းတာ ရှိပါလိမ့်မယ်။ အခုလောလောဆယ် အစီအစဉ် မရှိသေးဘူး။

Voice : မကြာခင် ကျင်းပမယ့် လူငယ်ညီလာခံမှာ လူငယ်ဥက္ကဋ္ဌအဖြစ် ယခင်က တာဝန်ယူခဲ့တာ နိုင်ငံတော် အတိုင်ပင်ခံက တာဝန်ယူခဲ့တာဆိုတော့ လက်ရှိ လူငယ်ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ ပြောနိုင်လား။
UNW : လူငယ်ညီလာခံကို ဥက္ကဋ္ဌက တာဝန်ယူခဲ့တာ မှန်တယ်။ ဒါပေမဲ့ ဥက္ကဋ္ဌက လူငယ်ညီလာခံရဲ့ ဥက္ကဋ္ဌတော့ မဟုတ်ဘူး။ စကားတော့ ရှုပ်သွားပြီ။ ဥက္ကဋ္ဌက ဥက္ကဋ္ဌပဲ။ လူငယ်ညီလာခံ ဥက္ကဋ္ဌတော့ မဟုတ်ဘူး။ တာဝန် ယူလာတာလည်း မှန်ပါတယ်။

Voice : လူငယ်ညီလာခံမှာ ဘာတွေ အပြောင်းအလဲရှိလာနိုင်လဲ။
UNW : လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က ပါတီနိုင်ငံရေး ဒီဘက်ကို လုပ်ခွင့်မရှိဘူး။ မရှိတဲ့အတွက် လူငယ်ကို ဒေါ်အောင်ဆန်းစုကြည်က ကြီးကြပ်တယ်ဆိုတာ ပျောက်သွားပြီ။ မရှိဘူး။ သူကိုယ်တိုင်က ကျွန်တော်တို့ကို အတွင်းရေးမှူးအဖွဲ့ ဖွဲ့ပေးထားတယ်။ ဒီအတွင်းရေးမှူးအဖွဲ့က ဦးဆောင်သွားမှာဖြစ်တယ်။

Voice : ဟုက်ကဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို ကော်မတီ တစ်ခုဖွဲ့ပြီး စောင့်ကြည့်တယ်ဆိုတော့ စောင့်ကြည့်ခံရပြီး တစ်စုံတစ်ရာ ကျူးလွန်တဲ့သူတွေကို ရွေးကောက်ပွဲမှာ ထပ်မပြိုင်စေတာမျိုးတွေ လုပ်ဖို့ရှိလား။ ဘာတွေ အရေးယူသွားမှာလဲ။
UNW : ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်းအချင်းကို စိစစ်တဲ့လုပ်ငန်းကို ဦးဝင်းထိန် လုပ်နေပါတယ်။ ဦးဝင်းထိန်နဲ့ အဖွဲ့ဝင်တွေ လုပ်တယ်။ အဲ့တော့ ဒီဟာရဲ့ရလဒ်က သွားပြီးတော့ ခုနက ပြောသလို လာမည့်ရွေးကောက်ပွဲမှာ ပါ၏ မပါ၏ဆိုတဲ့ သတ်မှတ်ချက် ဘာမှမရှိပါဘူး။ ပါတီတစ်ရပ်မှာ အရည်အချင်းအားနည်းရင် ဖြည့်ပေးမယ်။ အရည်အချင်း မြှင့်ပေးမယ်။ လုပ်မရရင်တော့ သူ့အရည်အချင်းအလိုက် သူဖြစ်သွားမှာပါ။ အဲ့ဒီလိုပဲ ရှိပါတယ်။ အရည်အချင်း စိစစ်ရေးအဖွဲ့က တစ်စုံတစ်ရာ အရေးယူ အပြစ်ပေးဖို့တို့ တိုးမြှင့်ဖို့ လျှော့ချဖို့တို့ လုပ်ဖို့ မရှိသေးဘူး။

Voice : ပြည်ထောင်စုအဆင့်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြီးကြပ်တယ်ဆိုတော့ ပြည်ထောင်စုအဖွဲ့ အပြောင်းအလဲက ရှိလားနိုင်လား။ ပြည်ထောင်စုအဆင့် ဒုဝန်ကြီး ပြောင်းလဲခဲ့တဲ့ သာဓကလည်း ရှိခဲ့တယ်။
UNW : ကျွန်တော်တို့ အကြောင်းအရာပေါ် မူတည်ပြီးတော့ ရှိသလားလို့မေးရင် လောလောဆယ်တော့ မရှိဘူး။ ဒါပေမဲ့ မရှိဘူးလားလို့ မေးရင် ကျူးလွန်တဲ့အပေါ်မှာ မူတည်တယ်။ ကျူးလွန်တာ တွေ့လာရင်တော့ အရေးယူတာ ရှိလာမှာ။

Voice : ဝန်ကြီးဌာန အသီးသီးမှာဆိုရင် အမြဲ တမ်းအတွင်းဝန်တွေ ရှိတော့ အမြဲတမ်းအတွင်းဝန် တွေက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ လိုအပ်လား။ နောက်ပိုင်းကော အမြဲတမ်းအတွင်းဝန် ခန့်အပ်တဲ့ စနစ် ပယ်ဖျက်ဖို့ ရှိလား။
UNW : အမြဲတမ်းအတွင်းဝန်ခန့်တာ ဒါက ပထမဆုံးအကြိမ်ပါ။ ဒီရှေ့မှာလည်း မရှိဘူး။ ဒီနောက်မှာ ရှိမှာလားဆိုတော့ အခုအချိန်တော့ မပြောနိုင်ဘူး။ သို့သော် လုပ်ငန်းသဘောအရ ဗျူရိုကရေစီ ယန္တရားအရ ဒီလိုဟာက ရှိမှာ။ အခေါ်အဝေါ်က နည်းနည်း တူချင်မှတူမယ်။ ဒါပေမဲ့ ဒီလုပ်ငန်းက ရှိမှာပဲ။ သူတို့က ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါ အလယ်ကနေထိုင်ပြီး စီမံတဲ့သူတွေဖြစ်တယ်။ ဒီလုပ်ငန်းတွေက ကျွန်တော် ခုနက ပြောသလို ရှိမှာပါ။

Voice : NLD အစိုးရရဲ့ လက်ရှိ အကျပ်အတည်းတွေက ဘာတွေဖြစ်မလဲ။ ပြီးတော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေရဲ့ ပြဿနာက စိန်ခေါ်မှုကြီး တစ်ခုလို့ ဖြစ်လာနိုင်လား။
UNW : ဖြစ်နေတာ။ ထိုးနှက်ချက်အနေနဲ့ကို ဖြစ်နေတာ။ ရခိုင်လို့ပြောရုံနဲ့ မပြည့်စုံဘူး။ ကျွန်တော်ပြောချင်တာက ဘာသာရေးကို အကြောင်းပြပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ အမျိုးမျိုး ရိုက်ခတ်နေတာတွေ အများကြီးပါ။ ကုလသမဂ္ဂအထိ တက်ပြီး လုပ်နေကြတာ။ ကျွန်တော်တို့ NLD အနေနဲ့က အစိုးရမဖွဲ့ခင် အချိန်ကတည်းက ဒီပြဿနာကို ကျွန်တော်တို့ စဉ်းစားတယ်။ ဒီပြဿနာက အင်မတန် နူးညံ့သိမ်မွေ့တဲ့ အနေအထားမှာရှိတယ်။ အရေးကြီးဆုံးက ၁၈၂၄ ခုနှစ် မတိုင်ခင်က ဒီရိုဟင်ဂျာ ရှိလားဆိုတဲ့ ပြဿနာ။ သူတို့က ရှိတယ်ဆိုပြီးတော့ ရေးကြတယ်။ အနောက်နိုင်ငံမှာတော့ အများကြီး ရှိမှာပေါ့။ ကျွန်တော်တို့ရတဲ့ စာအုပ်စာတမ်းအရတော့ သူတို့က ဆွဲပြောကြတာ။ အထောက်အထား ခိုင်လုံမှု မရှိဘူးလို့ ကျွန်တော်က အဲ့လိုပဲမြင်တယ်။ အဓိက ပြဿနာက အဲ့မှာပဲ ရှိနေတယ်။

Voice : ပြီးခဲ့တဲ့ရက်ပိုင်းမှာ သမ္မတရုံးကနေ ထုတ်ပြန်တာရှိခဲ့တယ်။ မေယုတောင်တန်းမှာ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့တွေ ခိုအောင်းခဲ့တဲ့နေရာတွေ ရှာတွေ့ခဲ့တော့ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အနေအထားကို ဘယ်လိုမြင်ပါသလဲ။
UNW : အများကြီး စိုးရိမ်ဖို့ ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော် နားလည်သလောက်ပေါ့။ တိတိကျကျတော့ မသိဘူး။ တပ်အင်အားနဲ့ ရဲအင်အား လက်နက်ကိုင်အင်အား အများကြီး ဖြည့်ထားရတယ်။ လက်နက်ကိုင် အင်အားဖြည့်တယ်ဆိုတာ စရိတ်စက သိပ်ကြီးပါတယ်။ သိပ်အရေးကြီးနေတဲ့အခါ လုံးဝ လျှော့လို့မရဘူး။ ခုနကလို ကိစ္စတွေ တွေ့တော့ ပိုဆိုးတာပေါ့။

Voice : တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်တဲ့အပေါ် ဘယ်လိုသဘောထားရှိလဲ၊ ပြီးတော့ နိုင်ငံတကာ ဖိအားတွေကလည်း ရှိနေတယ်။ လူ့အခွင့်အရေးတွေလည်း ရှိနေတော့။
UNW : ရှေ့က ရှင်းပြီးတော့ နောက်က ပြန်တက်တယ်။ အဲဒီကိစ္စကို လုံးဝ မရှင်းခဲ့ရင် အကုန်လုံး ဝါးမျိုသွားလိမ့်မယ်။ ကျွန်တော်တို့ လူမျိုးပျောက်သွားမယ်။ ဒါက ဂရုစိုက်ပြီး ကိုင်တွယ်နေရတာပါ။

Voice : လက်ရှိ ဘာသာရေး ပြဿနာတွေက NLD အစိုးရကို ရိုက်ခတ်စေတဲ့သဘောမှာ ရှိနေလား။
UNW : သူတို့က အရမ်း ရိုက်ခတ်မယ် မခတ်နိုင်ဘူးတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သို့သော် နူးညံ့သိမ်မွေ့တဲ့ ဘာသာရေးကိစ္စဖြစ်နေတော့ သတိကြီးကြီးထားပြီး ကျွန်တော်တို့ လေ့လာရပါတယ်။

ကျော်စိုးဦး

The Voice

No comments:

Post a Comment