Latest News

Friday, June 2, 2017

နိုင်ငံတကာအလှမယ်များ ပါဝင်ယှဉ်ပြိုင်မည့် Miss & Mrs. Asia Noble Queen International 2017 ပြိုင်ပွဲအား မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည်

နိုင်ငံတကာအလှမယ်များ ပါဝင်ယှဉ်ပြိုင်မည့် Miss & Mrs. Asia Noble Queen International 2017 ပြိုင်ပွဲအား မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည်

နိုင်ငံတကာအလှမယ်များ ပါဝင်ယှဉ်ပြိုင်မည့် Miss & Mrs. Asia Noble Queen International 2017 ပြိုင်ပွဲအား မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ပြီး နေပြည်တော်ရှိ Myanmar International Convention Center 2 တွင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို သြဂုတ်မှ စက်တင်ဘာလဆန်းအထိ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီပြိုင်ပွဲကို မနှစ်တုန်းကလည်း မြန်မာကိုယ်စားပြု အလှမယ်တစ်ဦးက သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ Winner ဆုရရှိခဲ့တဲ့အပြင် ဟောလိဝုဒ်ထိပါ သွားရောက်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရခဲ့တဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အာရှသွေးပါတဲ့ အလှမယ်တွေ နိုင်ငံအသီးသီးက လာရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စခန်းသွင်းလေ့ကျင့်ပြင်ဆင်မှုတွေလည်း ပြုလုပ်စေမှာပါ။ အဲဒါတွေအားလုံးကို အမေရိကန်မှာနေထိုင်တဲ့ အန်ကယ်ရော်နီက စီစဉ်ကျင်းပမှာဖြစ်ပြီး အစ်မအနေနဲ့ကတော့ Training Director အနေနဲ့ တာဝန်ယူဆောင်ရွက်သွားပါမယ်။ အလှမယ်တွေကို နေပြည်တော်မှာပဲ စခန်းသွင်း လေ့ကျင့်ယှဉ်ပြိုင်စေမှာဖြစ်ပြီး နောက်ဆုံးအဆင့် အလှမယ်ရွေးချယ်ပွဲကိုလည်း Myanmar Convention Center 2 မှာပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာအဆင့်မီ အလှမယ်ရွေးချယ်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ ကျင်းပရတာဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ အစ်မကတော့ နိုင်ငံတကာ ပြိုင်ပွဲပေါင်းများစွာကို မြန်မာအလှမယ်တွေ စေလွှတ်ယှဉ်ပြိုင်စေခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာတွေရဲ့ အတွေ့အကြုံတွေနဲ့ သင်ကြားပို့ချသွားပါမယ်” ဟုအလှမယ်များအား တာဝန်ယူသင်ကြားပို့ချမည့် မလှနုထွန်းကဆိုသည်။

Miss&Mrs. Asia Noble Queen International 2017 ပြိုင်ပွဲကို လှပကျက်သရေရှိပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်အ၀ရှိကာ အတွေးအမြင်ကောင်းမွန်သည့် အလှမယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ဆန်ခါတင်အလှမယ်များအား စခန်းသွင်းလေ့ကျင့်မှုများကို သြဂုတ်တတိယပတ်တွင် ပြုလုပ်မည်ဟု သိရသည်။ ဆုများအဖြစ် ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည့် သရဖူ၊ အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့် Miss Asia USA 2017 တွင်ပါဝင်ယှဉ်ပြိုင်ခွင့်နှင့် ဟောလိဝုဒ်၏ ရုပ်ရှင်လုပ်ငန်းများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်များရရှိမည်ဟု သိရသည်။ ဒုတိယဆုအဖြစ် သရဖူနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀ တို့ပေးအပ်မည်ဖြစ်ကာ တတိယဆုရရှိသူကို သရဖူနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ တို့ကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ Miss & Mrs.Asia Noble Queen International Organization ကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လင်းလင်းခိုင်

Eleven Media Group

No comments:

Post a Comment