Latest News

Thursday, June 8, 2017

အမေရိကန်နိုင်ငံအခြေစိုက် IFAW အဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပူးပေါင်း၍ ဟင်္သာတခရိုင်၌ သဘာဝဘေးမှတိရိစ္ဆာန်များကယ်ဆယ်ရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်

အမေရိကန်နိုင်ငံအခြေစိုက် IFAW အဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပူးပေါင်း၍ ဟင်္သာတခရိုင်၌ သဘာဝဘေးမှတိရိစ္ဆာန်များကယ်ဆယ်ရေးဆိုင်ရာဆွေးနွေးမှုပြုလုပ်

                             ဟင်္သာတ ဇွန် ၈

အမေရိကန်နိုင်ငံအခြေစိုက် International Fund For Animal Welfare (IFAW) အဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပူးပေါင်း၍ ဟင်္သာတခရိုင်၌ သဘာဝဘေးမှတိရိစ္ဆာန်များ ကယ်ဆယ် ရေးဆိုင်ရာဆွေးနွေးမှုကို ဇွန်လ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                              

အဆိုပါဆွေးနွေးပွဲကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဟင်္သာတခရိုင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

“IFAW အနေနဲ့ အဓိကကူညီပေးတာက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အချိန်မှာ လိုအပ်တဲ့အကူအညီကို ချက်ချင်းပေးဖို့ကြိုးစားတယ်။ အဲဒါကတော့ တိရစ္ဆာန်တွေကို ကူညီမယ်၊ တိရစ္ဆာန်တွေကို စောင့်ရှောက်မယ်။ တိရစ္ဆာန်တွေကို အစာရေဆာပံ့ပိုးမယ်။ တိရစ္ဆာန်တွေကို ဆေးဝါး ကုသမှုပေးမယ်။ ဒါက သူတို့ရဲ့အဓိကရည်မှန်းချက်ပါ။ ဒါပေမယ့် သူတို့အနေနဲ့ တိုက်ရိုက်လုပ်လို့မရ ဘူး။ အဲဒါကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့ ကူညီမှုတွေလုပ်ဆောင်တာပါ” ဟု IFAW အဖွဲ့၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဒေါက်တာဌေးအောင် ကပြောကြားသည်။

လက်ရှိတွင် IFAW အဖွဲ့မှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပထမဦးဆုံးရှေ့ပြေးစီမံချက်အဖြစ် အင်္ဂပူမြို့နယ်၌ ကျွဲ၊ နွားရေလွတ်ကုန်း လှူဒါန်းပေးထားပြီး အကျိုးသက်ရောက်မှုအပေါ် ချိန်ဆကာ အခြားဒေသများ၌ပါ ကူညီထောက်ပံ့မှုများပေးသွားရန်ရှိကြောင်း သိရသည်။

“ကျွန်မတို့ ဟင်္သာတခရိုင်က နှစ်စဉ် ရေဘေးကြုံတဲ့အခါ တိရစ္ဆာန်တွေ ခိုကိုးရာမဲ့တယ်။ အခု IFAW က ရေလွတ်ကုန်းလာဆောက်ပေးတဲ့အခါကျတော့ တိရစ္ဆာန်တွေကို ဒီကုန်းပေါ်မှာ လာတင်နိုင် တယ်။ ကျွန်မတို့ကူညီစောင့်ရှောက်နိုင်တယ်။ IFAW အဖွဲ့နဲ့ ကျွန်မတို့နဲ့လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အပြန်အလှန်ဆွေးနွေးချိတ်ဆက်တဲ့အတွက် သူတို့ရဲပံ့ပိုးမှုတွေကြောင့် လုပ်ငန်းပိုင်း တွေ ပိုထိရောက်တယ်။ ကုန်းမြေပေါ်မှာ တိရစ္ဆာန်တွေ တစ်စုတစ်စည်းတည်းစုတဲ့အခါ အစာပို့တာ၊ ဆေးဝါးကုသတာတွေကို အချိန်တိုအတွင်း ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်တယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်အေးကြည်က ပြောကြားသည်။

ရေဘေးကာလ၌ ကျွဲ၊ နွားများကို ကယ်ဆယ်စောင့်ရှောက်နိုင်ရန် ရေလွတ်ကုန်းကို IFAW အဖွဲ့၏လှူဒါန်းမှုဖြင့် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုရှိ နံကပ်ကြီး ကျေးရွာ၌ဆောက်လုပ်ခဲ့ပြီးဖြစ်ပြီး  သဘာဝဘေးကျရောက်ချိန် တိရစ္ဆာန်များကိုကူညီကယ်ဆယ်ရေး သင်တန်းကိုလည်း ရွာသားများအား ပို့ချပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်တွင်း ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်နှင့် ကြံခင်း မြို့နယ်ရှိ လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များ ချိတ်ဆက်ဖွဲ့စည်း ထားသည့် ဟင်္သာတခရိုင်ကွန်ရက်မှ အမှုဆောင်များနှင့်လည်း IFAW အဖွဲ့မှ ဇွန်လ ၈ ရက်၊ မွန်းလွဲ ၃ နာရီ ခွဲခန့်အချိန်တွင် တွေ့ဆုံကာ သဘာဝဘေးဆိုင်ရာကူညီမှုကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဟင်္သာတခရိုင်သည် ဧရာဝတီတိုင်းဒေသကြီး၌ နှစ်စဉ်ရေဘေးစတင်ကြုံတွေ့ရာဒေသဖြစ်ပြီး အခြားသဘာဝဘေးဒဏ်များလည်းကျရောက်လေ့ရှိသည့် ဒေသတစ်ခုဖြစ်သည်။။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment