Latest News

Thursday, June 1, 2017

E.Q နှင့် ကလေး၏ အနာဂတ်

E.Q နှင့် ကလေး၏ အနာဂတ်

(၁)
တနင်္လာနေ့တိုင်း အင်္ဂလိပ်စာဖတ်နိုင်သော စာဖတ်စွမ်းရည်ကို စစ်ဆေးသည်။ ယနေ့ဖတ်ပြရမည့် သင်ခန်းစာမှာ သောကြာနေ့က သင်ကြားထားသော သန္တာကျွန်းမှ အခန်း (၄) ဖြစ်သည်။

“ဟန်တင်၊ ဖတ်စမ်း”
ဟန်တင်က မတ်တတ်ရပ်ပြီး လက်ပိုက်လိုက်သည်။ ပြီးမှ ရွတ်ဖတ်ရန်ဟန်ပြင်သည်။
“ဟဲ့၊ စာအုပ်ကိုယူလေ။ ကြည့်ပြီးမှ သေချာဖတ်”
“စာအုပ်ထဲမှာ မရှိတော့ဘူးဆရာမ”
“စာအုပ်ထဲမှာ မရှိရအောင် ဘယ်ကိုရောက်သွားလို့လဲ”
“ကျွန်တော် ဖြဲပစ်လိုက်ပြီ”
ဟန်တင့်စကားကြောင့် ဆရာမဒေါသက ငယ်ထိပ်သို့ တက်ဆောင့်သွားခဲ့သည်။
“သြော် မင်းက အဲဒီလိုလား။ ဟုတ်ပြီ ဒါဖြင့်ဖတ်ပြစမ်း”
ဆရာမကသူ့ကို တမင်သွေးတိုးစမ်းသည်ဟု ထင်သွားသည်။ ဆရာမသည် ပေတံတစ်ချောင်းယူသည်။ ကျောင်းသားတစ်ယောက်ထံမှ ဖတ်စာအုပ် (သန္တာကျွန်း) ကို ယူသည်။
“ကဲ၊ ဖတ်”

ဟန်တင်က ရွတ်ပြသည်။ အခန်း (၄) ဖတ်စာသည် တစ်လုံးမျှမမှား။ သို့နှင့်ပင် သူ့စာအုပ်ထဲတွင် မရှိတော့သော သင်ပြီးသား အခန်းများကိုပါ ရွတ်ပြခိုင်းသည်။ အခန်း (၁)၊ (၂) နှင့် (၃)။ သုံးခုစလုံး တစ်လုံးမျှမမှား။ ဒီအ ကြိမ်တွင်တော့ ဆရာမ အရမ်းအံ့သြ တုန်လှုပ်သွားသည်။
‘သြော် ဟန်တင်ဟန်တင် မင်းက ဂျီးနီးယပ်စ်ပါလားဟု စိတ်ထဲကချီးမွမ်းလိုက်သည်။

အမှန်ပင် ဆရာမပြောသကဲ့သို့ ဟန်တင်ကို ပါရမီရှင်ဟု ပြောရပါတော့မည်။ ကျွန်တော်တို့သည် ပါရမီရှင်များကိုမည်သို့ သတ်မှတ်ကြပါသနည်း။
ဥာဏ်ရည်အဆင့်ပြကိန်း (I.Q) ဖြင့် သတ်မှတ်ကြပါ၏။ I.Q ၁၄၀ အထက်ရှိသော သူများကို ပါရမီရှင်ဟု သတ်မှတ်ကြသည်။ ကျွန်တော်ရေးသားနေသော အကြောင်းအရာ နှင့်ဆက်စပ်နေသည်မို့ I. Q အကြောင်းကို အနည်းငယ် တင်ပြခွင့်ပြုပါ။

I.Q (Intelligent Quotient) သည် စိတ်သက်ကို ဇာတာသက်နှင့်စားပြီး ရလဒ်ကို ၁၀၀ နှင့်မြှောက်ထားသော ကိန်းဖြစ်သည်။ သာမန်လူများသည် ၉၀ မှ ၁၁၀ ကြား၌သာ ရှိတတ်သည်။ ၁၁၀ မှ ၁၂၀ သည် သာမန် ထက်ပိုသူ၊ ၁၂၀ မှ ၁၄၀ ကို ထူးချွန်သူ၊ ၁၄၀ အထက်ကို ဂျီးနီးယပ်စ် (ပါရမီရှင်) ဟု သတ်မှတ်သည်။ Guinness Book World Redording တွင် I. Q ၂၂၀ ဖြင့် စာရင်းသွင်းခံရသူမှာ Marilyn vos Servant ဖြစ်သည်။ Albert Einstein နှင့် Stephen Hawaking တို့သည် I. Q ၁၆၀ ရှိသည်ဟု ဆိုကြပါသည်။

(၂)
ခြောက်ဘာသာဂုဏ်ထူးထွက်သော တက္ကသိုလ်ဝင်ကျောင်းသား တစ်ဦးကို မည်သို့ ပြောကြပါမည်နည်း။ ‘ဒါကျက်၊ ဒါမေး၊ ဒါဖြေ’ ၍ ဂုဏ်ထူးရကြသည်လား။ ဤဆောင်းပါးအဖွင့်တွင် ဖော်ပြခဲ့သော ဟန်တင်ကဲ့သို့ ပါရမီရှင်ဖြစ်၍ ရခဲ့သည်လား။ စဉ်းစားစရာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ခြောက်ဘာသာ ဂုဏ်ထူးရှင်ကို I .Q မြင့်သူဟုတော့ သတ်မှတ်သင့်ပါ၏။
သို့ရာတွင် ယနေ့ကမ္ဘာတွင်မူ I. Q မြင့်ရုံမျှနှင့် မလုံလောက်တော့ပေ။ E. Q လည်းမြင့်ရန် လိုလာသည်။ E.Q (Emotional Quotient) သည် ခံစားမှုစွမ်းရည် ဖြစ်သည်။ ၎င်းသည် I.Q ထက်ပင်အရေးကြီးသည်ဟု ဆိုလာကြသည်။ E . Q သည် စာသင်ခန်းမှထွက်ပြီး လုပ်ငန်းခွင်သို့ ၀င်ရောက်ရာတွင် ပို၍လိုအပ်သော စွမ်းရည်ဖြစ်သည်။ ဆိုရသော် တခြားသူများကို မိမိအနေဖြင့် မည်မျှနားလည် သနည်းဟူသော ကိစ္စပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၊ ကျွန်တော် တက္ကသိုလ်၏ စာသင်ခန်းတွင် စိတ်ပညာဘာသာရပ်ကို သင်ကြားနေခဲ့သည့် အချိန်၌ I.Q သည်သာ သိသိသာသာ အသံထွက်ခဲ့သည်။ ယခုတော့ I.Q နှင့် မလုံလောက်တော့ပေ။ မိမိနှင့်ထိတွေ့ နေရသူတို့၏ စိတ်ခံစားမှုကိုပါ သိရှိရန်လိုလာ ပါသည်။
ဆိုပါစို့။ လုပ်ငန်းခွင်ရှိ အလုပ်သမားများ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ခံစားမှုများကို နားလည်သိရှိရန် လိုလာသည်။ အသိအမှတ်ပြု၊ တန်ဖိုးထားရန်လိုသည်။ သို့မှသာ လုပ်ငန်းခွင်တွင် အောင်မြင်လာမည်။ လူတစ်ယောက်သည် I.Q မြင့်ရုံမျှနှင့် ဘ၀တွင် အောင်မြင်မှု မရနိုင်။ E.Q ပါမြင့်ရန် လိုလာသည်။

(၃)
ယနေ့ စာသင်ခန်းထဲမှ ကလေးများကို E.Q မြင့်မားလာစေရန် မည်သို့လေ့ကျင့် ပျိုးထောင်ရပါမည်နည်း။ ဤကိစ္စသည် ထင်သလောက်မလွယ်ကူပါ။
ကလေးတစ်ဦးသည် သူ၏အတန်းဖော်များနှင့်အတူ သီချင်းဆိုသည်။ လာသည်။ ကစားသည်။ အတန်းဖော်များနှင့်အတူတကွ ပါဝင်လုပ်ဆောင်သည်။ စည်းကမ်းသတ်မှတ်ချက်များကို မညည်းမညူဘဲ လိုက်နာလုပ်ဆောင်သည်။ ဆိုပါစို့ ကစားစရာပစ္စည်းများကို အလှည့်ကျရယူရန်ရှိပါက မိမိအလှည့်သို့ ရောက်လာစေရန် ကျေကျေနပ်နပ်စောင့်ဆိုင်းရယူသည်။ တခြားလူက အကူအညီလိုလျှင်ပေးပြီး မိမိလိုလျှင်လည်း တခြားသူများထံမှ တောင်းသည်။ ကစားချိန်တွင် ပျော်ရွှင်စွာကစားပြီး အလုပ်လုပ်ချိန်တွင်လည်း ပျော်ရွှင်စွာ အလုပ်လုပ်သည်စသည့် စိတ်အရည်အချင်းများရှိရန် လေ့ကျင့်ပျိုးထောင်ပေးရမည်။ သို့မှသာ E.Q မြင့်လာမည် ဖြစ်သည်။

(၄)
ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွင် အားနည်းပြီး တခြားသူ၏ စိတ်ခံစားမှုကို နားမလည်သော I.Q မြင့်မားသည့် ဂျီးနီးယပ်စ် တစ်ဦးဖြစ်ဖို့ထက် I.Q တွင် သာမန်မျှသာရှိပြီး E.Q မြင့်သောသူဖြစ်ရန်က ပို၍အရေးကြီးသည်။
စနစ်သစ်ပညာရေးသည် အနာဂတ် လူ့အဖွဲ့အစည်းဖွံ့ဖြိုးနိုင်ရေးအတွက် တာဝန်ယူထားရမည့် ပညာရေးဖြစ်သည်။ ထိုစနစ်ကပင် I.Q ရော E .Q ရောမြင့်သော လူသားများကို မွေးထုတ်ပေးရမည် ဖြစ်သည်။

အမှန်နှင့်အမှား တရား၏ မတရား၏ ကိုခွဲခြား၍မသိ။ အခြားသူများ၏ ခံစားမှုအမှန်ကို နားလည်ရန်လည်း မကြိုးပမ်းသော စူပါဂျီးနီးယပ်စ်များဖြင့် ချွတ်ခြုံပြာကျနေသော မြန်မာနိုင်ငံကို ပြန်လည်ဖွံ့ဖြိုးလာစေရန် မည်ကဲ့သို့ တည်ဆောက်ပါမည်နည်း။ ခံစားမှုစွမ်းရည် မြင့်မားသော လူသားများဖြင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနာဂတ်ကို ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment