Latest News

Sunday, June 11, 2017

အေးဝတ်ရည်သောင်းနှင့် တွေ့ဆုံခြင်း

အေးဝတ်ရည်သောင်းနှင့် တွေ့ဆုံခြင်း

အနုပညာလှုပ်ရှားမှုတွေကို ကာလအတန်ကြာရပ်နားခဲ့ပြီး လက်ရှိမှာ mntv ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ 'ရတနာပုံ' ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင် ရရှိမြဲ ရရှိထားသူ အေးဝတ်ရည်သောင်းက လက်ရှိမှာ ကြော်ငြာတွေ မဂ္ဂဇင်း၊ ဂျာနယ်တွေ အများအပြားအတွက် ဓာတ်ပုံတွေ ရိုက်ကူးပေးဖြစ်နေသလို Myanmar Media 7 က ထပ်မံရိုက်ကူးမယ့် 'မင်္ဂလာရှိတဲ့အရပ်' ရုပ်သံဇာတ်လမ်းတွဲမှာလည်း ထပ်မံ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အေးဝတ်ရည်သောင်းနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တဲ့ သူမ အနုပညာခြေလှမ်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် . . .

■ မေး - လက်ရှိလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ပြောပြပေးပါဦး။

ဖြေ -  အခုလက်ရှိကတော့ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်တာများတယ်။ နောက်ပြီး 'မင်္ဂလာရှိတဲ့ အရပ်' ဇာတ်လမ်းတွဲမှာလည်း  ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

■ မေး-  လက်ရှိမှာ mntv ကနေထုတ်လွှင့်ပြသနေတဲ့ ရတနာပုံဇာတ်လမ်းတွဲလေးက ပရိသတ် အားပေးနှစ်သက်မှု ရနေတာဆိုတော့ အဲဒီဇာတ်လမ်းမှာ ကိုယ်ပါဝင်ခဲ့တာကိုရော ကျေနပ်အားရမှု ရှိလား။

ဖြေ -  ရတနာပုံဇာတ်လမ်းတွဲနဲ့ ပေါက်စီကို အရင်လိုပြန်ပြီး အားပေးကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ 'ရတနာပုံ' ဇာတ်လမ်းတွဲကို ဇာတ်လမ်းလေးစပြပြီး ဇာတ်ကောင်စရိုက်ပြောတည်းက ကိုယ်တိုင် နှစ်သက်သလို ကိုယ်လည်းလုပ်နိုင်မယ့် ဇာတ်ကောင်စရိုက်မျိုး ဖြစ်တာကြောင့် ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းရိုက်ကူးစဉ်မှာလည်း ကိုယ်သရုပ်ဆောင်ရမယ့် နေရာအတွက် အကောင်းဆုံးကြိုးစား သရုပ်ဆောင်ထားပါတယ်။

■ မေး - အနုပညာ အလုပ်တွေပြန်ပြီး လုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ - အနုပညာအလုပ်တွေကို မလုပ်ဖြစ်ခဲ့တဲ့အချိန်တွေ ကြာခဲ့တယ်။ ဒါပေမဲ့ Media 7 က ကိုရွှေမန်းတို့ရိုက်တဲ့ Charm 2 ဇာတ်ကားမှာ ပြန်ပြီးသရုပ်ဆောင်ဖြစ်တယ်။ အဲဒီကားကလည်း ကိုရွှေမန်းတို့နဲ့ ဥရောပဘက် ခရီးစဉ်တွေသွားရင်းနဲ့ သူတို့က ကမ်းလှမ်းခဲ့တဲ့ကြောင့် ကိုယ်က ပါဝင်ဖြစ်ခဲ့တာပါ။ Charm 2 ဇာတ်ကားပြီးတဲ့နောက်မှာ အခုလက်ရှိ mntv ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ 'ရတနာပုံ' ဇာတ်လမ်းတွဲမှာ ထပ်ပြီး ပါဝင်ဖြစ်ခဲ့တာပါ။ အဲဒီ ဇာတ်လမ်းတွဲလေးတုန်းကလည်း ကိုရွှေမန်းတို့ဘက်က ကမ်းလှမ်းတဲ့အခါ ဇာတ်လမ်းလေးကိုလည်းကြိုက်တယ် ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကလည်း ကိုယ်တိုင်က လုပ်နိုင်မယ်၊ ကိုယ်နဲ့လည်း လိုက်ဖက်တယ်လို့ ခံစားရလို့ ရိုက်ကူးဖြစ်ခဲ့တာပါ။ 'ရတနာပုံ' ဇာတ်လမ်းတွဲ ရိုက်ကူးပြီးတဲ့အချိန်မှာတော့ ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်ပြီးလုပ်ဖြစ်တယ်။

■ မေး - ခုချိန်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကိုလည်း ထူထောင်လုပ်ကိုင်နိုင်နေပြီဆိုတော့ အနုပညာဘက်မှာရော ဘယ်လောက်အတိုင်းအတာထိ ဆက်ပြီးလုပ်သွားဖို့ စီစဉ်ထားလဲ။

ဖြေ - ကိုယ်က စီးပွားရေးဘက်မှာ အခြေကျတဲ့ လုပ်ငန်းတစ်ခုတော့ဖြစ်နေပြီ။ အဲဒီလိုပဲ အနုပညာကလည်း ကိုယ်ဝါသနာတဲ့အလုပ်ပဲဆိုတော့ အခွင့်အရေးရသလောက်တော့ ပြန်ပြီးလုပ်သွားမှာပါ။ စီးပွားရေးဘက်မှာလည်း ကိုယ့်အလုပ်တွေကို မလစ်ဟင်းရအောင် ကြိုးစားပြီး ကိုယ်လုပ်ချင်တဲ့ လုပ်နိုင်တဲ့အနုပညာအလုပ်တွေကို မျှလုပ်သွားရမှာပေါ့။

■ မေး - အချိန်ကာလတစ်ခုဝေးကွာနေခဲ့ပြီးမှ ဒီအနုပညာလောကထဲကို ပြန်ဝင်လာပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ရတဲ့အခါ အရင်ကနဲ့ ဘာတွေကွာခြားသွားပြီလို့ ခံစားရလဲ။

ဖြေ - ကိုယ်က အချိန်ကာလတစ်ခုထိ ဒီအနုပညာလောကနဲ့ ဝေးခဲ့တယ်။ ကိုယ် ဒီအနုပညာလောကထဲကို ပြန်ရောက်လာတဲ့အချိန် အနုပညာ အလုပ်တွေ ပြန်ပြီးလုပ်တဲ့ အချိန်မှာ ကွာခြားသွားတာတွေကတော့ အများကြီးပါပဲ။ အဲဒီထဲမှာ အဓိကသတိပြုမိတာကတော့ စက်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကတော့ သရုပ်ဆောင်ရတာနဲ့ပတ်သက်ပြီး အပြောင်းအလဲတော့ဖြစ်တယ်။ အရင်က အသက်အရွယ်နဲ့ အခုလက်ရှိအသက်အရွယ်အရ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ မတူတော့တာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုအပေါ်မှာ အများကြီး သက်ရောက်မှုရှိတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ အရင်တုန်းကထက်စာရင် ခံစားရတဲ့စိတ်ကိုသွင်းလိုက်ပြီဆိုတာနဲ့ လွမ်းတာပဲဖြစ်ဖြစ်၊ ဒေါသထွက်တာပဲဖြစ်ဖြစ်ပေါ့ ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက် ကိုယ်လုပ်ရမယ့် ဇာတ်ကွက်မှာ ဒီလောက်ကတော့ မဟုတ်သေးဘူး၊ လိုသေးတယ်၊ ပိုသွားတယ် စသည်ဖြင့်ပေါ့ ပိုပြီးတော့ သိလာခဲ့တယ်။ အဲဒီလို ပိုပြီး သိလာတဲ့အတွက်လည်း သရုပ်ဆောင်ရတာ ပိုပြီးပင်ပန်းတယ်။ တချို့သရုပ်ဆောင်မှုတွေက ကိုယ်တွေ့ကြုံခဲ့ဖူးတာတွေ၊ ကိုယ်ဖြတ်သန်းခဲ့ဖူးတာတွေ၊ ကိုယ်ခံစားခဲ့ရဖူးတာတွေကြောင့်မို့လို့ သရုပ်ဆောင်ရတဲ့အခါ ပိုပြီး ပီပြင်လာတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း သရုပ်ဆောင်မှုပိုင်းမှာ ပိုပြီး စိတ်ကျေနပ်မှုရှိလာတယ်။ နောက်ထပ်ပြောင်းလဲမှုက အရင်တုန်းကထက်စာရင် အနုပညာရှင်တွေနဲ့ ပရိသတ်တွေရဲ့ နီးကပ်မှုရှိတဲ့ ဆက်ဆံရေးပေါ့။ ခုချိန်မှာက စာနယ်ဇင်းတွေလည်း အရင်ထက်ပိုပြီး အားကောင်းလာသလို လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ပိုပြီးနီးနီးကပ်ကပ် ထိတွေ့ခွင့်ရလာခဲ့တာတွေပေါ့။

■ မေး - ကိုယ့်ရဲ့ တစ်ကျော့ပြန် အနုပညာလှုပ်ရှားမှု ခဏတာအတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုအများကြီးကို ပြန်ရခဲ့တာက ဘာကြောင့်လို့ ထင်လဲ။

ဖြေ - အဲဒါကတော့ ပေါက်စီလည်း ဘယ်လို ပြောရမှန်းမသိဘူး။ အဓိက ကတော့ 'ရတနာပုံ' ဇာတ်လမ်းတွဲကြောင့်လို့ ထင်တယ်။ ပြီးတော့ မြန်မာဝတ်စုံလေးတွေဝတ်တာ လိုက်တယ်ဆိုပြီး သတိထားမိတဲ့ ပရိသတ်တွေလည်းရှိသလို လူမှုကွန်ရက် ဖေ့စ်ဘွတ်ကြောင့်လည်း ပါမယ်လို့ ထင်ပါတယ်။

■ မေး - အနုပညာအလုပ်တွေကို ပညာရေး၊ စီးပွားရေးတွေကြောင့် မလုပ်ဖြစ်တဲ့အချိန်မှာ အနုပညာနဲ့ပတ်သက်တဲ့ စိတ်ခံစားမှုက ဘယ်လိုဖြစ်နေခဲ့လဲ။

ဖြေ - ကျောင်းတက်နေတုန်း၊ စီးပွားရေး လုပ်ငန်းတွေလုပ်နေတုန်း အချိန်ကာလတွေမှာ အနုပညာအလုပ်တွေကို ကိုယ်ကမလုပ်ဖြစ်ခဲ့ပေမယ့် ကိုယ်လုပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေ ကိုယ့်အသက် ၁၃ နှစ်လောက် တည်းကစပြီး အချိန်တော်တော်ကြာတဲ့အထိ အနုပညာအလုပ်တွေ လုပ်ခဲ့တာဖြစ်လို့ အနုပညာက ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းအကြီးကြီး တစ်ခုအဖြစ် အမြဲရှိနေခဲ့တယ်။ သွားရင်းလာရင်း ရှုတင်တွေတွေ့ရင်လည်း ဘယ်သူတွေ ရိုက်နေလဲ မသိဘူးဆိုပြီး အမြဲစိတ်ဝင်စားခဲ့တယ်။ သူငယ်ချင်းတွေနဲ့လည်း ကိုယ့်အနုပညာ လုပ်ခဲ့တုန်းကအကြောင်းတွေကို အမြဲပြောဖြစ်တယ်။ ဘယ်လိုအချိန်အခါမျိုးတွေဆိုရင် မေမြို့တို့ ပုပ္ပားတို့ကိုသွားပြီး ဇာတ်ကားတွေ ရိုက်လေ့ရှိတယ်ဆိုတာမျိုးတွေကအစ ကိုယ်တိုင်က အမှတ်ရခဲ့တယ်။ တိုက်ဆိုင်မှုရှိတဲ့ အခါတိုင်းမှာလည်း လွမ်းနေခဲ့ရတယ်။



■ မေး- ပရိသတ်တွေကို ပြောချင်တဲ့ အမှတ်တရ စကားရှိရင်။

ဖြေ - ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိတဲ့အတွက် တကယ်ကို အတိုင်းမသိ ၀မ်းသာရပါတယ်။  ကျေးဇူးလည်း အရမ်းတင်ရပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်လုပ်ခွင့်ရတဲ့ အနုပညာတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ ကိုယ့်ကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှုထက်ကျော်လွန်အောင် ကိုယ့်လုပ်ရမယ့် အနုပညာအလုပ်တွေမှာ သေးသေးလေးတွေကစပြီး သေသေချာချာ ဂရုတစိုက် ကြိုးစားလုပ်ဆောင်ပါ့မယ်လို့ ပြောချင်ပါတယ်။

စုမှူးနိုင်

Eleven Media Group

No comments:

Post a Comment