ကျောက်မီးသွေးကို လက်မခံလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှု ရှိမည်မဟုတ်ဟု မွန်ဝန်ကြီးချုပ်ပြော
မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်မှု လိုလားပါက ကျောက်မီးသွေး အသုံးပြုမှုကို လက်ခံရမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
ဇွန်လ ၁ ရက်နေ့တွင် ပြုလုပ်သော မွန်ပြည်နယ် အစိုးရ၏ ပထမ တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆိုခဲ့သည်။
“ဘယ်နိုင်ငံမှ ကျောက်မီးသွေး မသုံးဘဲနဲ့ မတိုးတက်ဘူး၊ ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်ရင် တစ်ယူနစ်ကို ၇၀ ကျပ်ပဲ ကျတယ်၊ ရေအားလျှပ်စစ်ကတော့ အသက်သာဆုံးပဲ၊ ကျောက်မီးသွေးကို မသုံးချင်ဘူး၊ ဟုတ်တယ် ဒါပေမဲ့ ကျောက်မီးသွေးကို လက်မခံရင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
မွန်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နိုင်ရန်အတွက် အဓိက အရေးကြီးသည့် အချက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန် ဖြစ်ကြောင်း၊ လျှပ်စစ် မရရှိသည့် ဒေသကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် မဟုတ်သဖြင့် အလုပ်အကိုင် အခွင့်အလမ်းလည်း မရနိုင်ကြောင်း၊ နိုင်ငံတကာတွင်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ထားကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် တည်ဆောက်နေသည့် MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေး အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုကြောင့် ပြည်သူများ ကန့်ကွက်နေသည့် အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြန်လည်ဖြေဆိုခဲ့သည်။
လက်ရှိ မွန်ပြည်နယ်တွင် ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဒေသတွင်း သဘာဝ သယံဇာတများကို ထုတ်ယူရာတွင်လည်း တန်ဖိုးရှိသော ထုတ်ကုန်များကို ထုတ်လုပ်သည်အထိ ကူးပြောင်းရမည် ဖြစ်ကြောင်း၊ ယင်းသို့ ကူးပြောင်းရာတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိနေပြီး မွန်ပြည်နယ် အနေနှင့် လျှပ်စစ်ဓာတ်အား ရရှိရန် အများကြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
ကျိုက်မရောမြို့နယ်ရှိ MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျောက်မီးသွေးကို သန့်စင်အသုံးပြုသည့် နည်းစနစ်ကို အသုံးပြုမည် ဆိုပါက မည်သည့်အန္တရာယ်မှ ကျရောက်မည် မဟုတ်ကြောင်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဂက်စ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု နှစ်မျိုးသာ ရှိကြောင်း၊ နွေရာသီ ရေလျော့နည်းလာချိန်တွင် လျှပ်စစ်ဓာတ်အားကို အလုံအလောက် မထုတ်လုပ်နိုင်တော့သည့် အခက်အခဲများ ရှိကြောင်း လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန (စည်ပင်သာယာရေးဌာန) ဝန်ကြီး မင်းထင်အောင်ဟန်က ပြောဆိုသည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင် အံဒင်ကျေးရွာတွင်လည်း Toyo Thai ကုမ္ပဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသော်လည်း ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment